29 June 2016

ရွှေ ကို လက်ဝတ်ရတနာ ထက် အမှတ်တရ ပစ္စည်း အဖြစ် ပြောင်းလဲ ထုတ်လုပ်လာ





မြန်မာနိုင်ငံတွင် ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ရှစ်သိန်း ဝန်းကျင်ဖြင့် စံချိန် တင် မြင့်တက် ခဲ့ပြီးနောက် ရွှေ ဝယ်လိုအားနှေးကွေး လာချိန် ရွှေဆိုင်များ အနေဖြင့် လက်ဝတ် ရတနာပစ္စည်း သက်သက် ထုတ်လုပ်ရောင်း ချခြင်းထက် ရွှေနှင့်ပြုလုပ်ကာ အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်း ချမှု များပြား လာကြောင်း မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများထံမှ သိရသည်။

''အခုခေတ် ဝယ်လိုအားပြောင်းလာတဲ့ အခါမှာ ရွှေထည် ကို လက်ဝတ်ရတနာ အဖြစ် ဝယ်ယူခြင်း သာမက ရွှေ နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းများ အဖြစ် ပြုလုပ်ရောင်းချလာတာ တွေ့ရပါတယ်။ 

ဒီလို ဝယ်လိုအားပြောင်း လဲ လာတာနဲ့ အညီ ရွှေထည် ပစ္စည်း ထုတ်လုပ်သူ ရွှေဆိုင်တွေ အနေနဲ့ ဝယ်ယူ သူတွေ အကြိုက် 24 K ရှိတဲ့ ရွှေတွေ ကို နိုင်ငံတစ်ကာ နည်းပညာတွေ အသုံးပြုပြီး ပြောင်းလဲထုတ် လုပ်ရောင်းချ လာကြပါတယ်'' ဟု ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သော အောင်သမာဓိ ရွှေဆိုင် မှ ဒေါ်ဖြူဖြူအောင် က ပြောသည်။

24 K  ရွှေ သည် မြန်မာနိုင်ငံတွင် အမြင့်ဆုံး ထုတ်လုပ်နိုင်သည့်  22 K  အဆင့် ထက် တစ်ဆင့်မြင့်သော ရွှေ အမျိုးအစား တစ်မျိုးဖြစ်သည်။ 24 K အမျိုး အစားရှိရွှေ ကို နိုင်ငံတကာ အဆင့်မြင့်နည်းပညာ အသုံးပြုကာ
ရွှေပန်း ပွင့်၊ ရွှေပန်းစည်း ၊  ရွှေပန်းချီကား၊ ရွှေသော့ချိတ်၊ အထင်ကရ ပုဂ္ဂိုလ်များ ၏ ပုံရိပ်များ စသည့်ဖြင့် အဆင့်မြင့်ရွှေ ကိုအသုံးပြုကာ အမှတ်တရ လက်ဆောင်ပစ္စည်းများအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချ လာကြောင်း သိရသည်။

 
ကမ္ဘာ့ ရွှေဈေးမြင့်တက်လာခြင်း၊ မြန်မာနိုင်ငံ တွင် ရွှေထွက်နှုန်း ကျဆင်း လာခြင်း တို့ကြောင့် ရွှေဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ရွှေ အသုံးပြုမှု အနည်းအများ ကို ပြုလုပ်နိုင်သည့် အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း၊ ရွှေနှင့်ပြု လုပ်သော အမှတ် တရ ပစ္စည်း များ ကိုလည်း ဝယ်ယူမှု များပြား လာကြောင်း သိရသည်။



ရွှေဈေးနှုန်းမြင့်တက်နေမှုကြောင့် ရွှေ ဝယ်ယူသူများ အနေဖြင့်လည်း ရွှေသား ပါဝင်မှု နည်းပါးသည့် အပွ ထည်နှင့် အသေးထည်များ ကိုသာ ဝယ်ယူမှု များပြားလာ ကြောင်း ရန်ကုန်မြို့ ရွှေဘုံသာ လမ်းရှိ ရွှေ အရောင်း ဆိုင် များမှ သိရသည်။

မြန်မာ့ရွှေဈေးကွက်တွင် ရွှေကို ဝယ်ယူခြင်းထက် ပြန်ရောင်း သူများ ပို၍ များပြား လာနေကြောင်း၊ ရွှေဈေးမြင့်တက်နေချိန် ဈေးကောင်း ရလို၍ ပြန်ရောင်းသူများ များပြား လာကြောင်း၊ ကမ္ဘာ့ ရွှေဈေး အတက် အကျ အပေါ်တွင် မြန်မာ့ရွှေဈေး သည်လည်း အတက်အကျ ရှိကြောင်း၊ မိုးရာသီ ကာလ တွင် ရွှေ အထွက်နှုန်း ကျဆင်းလေ့ ရှိခြင်း ကြောင့်လည်း ရွှေဈေးမြင့် တက်ခြင်းဖြစ်ကြောင်း ရွှေ လုပ်ငန်းရှင်များထံမှ သိရသည်။


သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

 မြ၀တီ

No comments:

Post a Comment