11 June 2016

ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် (၁)


 

ဗုဒ္ဓဘာသာ မှာ ဘာသာရေး ကိစ္စ တစ်ခုဖြစ်တဲ့ ဥပုသ်စောင့်ခြင်း ဆိုတာ ရှိတယ်။ ဘာသာရေး ကျင့်စဉ် တစ်ခု အနေ နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဥပုသ်နေ့ရောက်လာပြီ ဆိုရင် ဥပုသ်စောင့်ကြတယ်။ ဥပုသ်စောင့် တယ် ဆိုတာ ဘာလုပ်တာလဲ? လို့ သိရအောင် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ သုတ္တန်တွေ ကနေ ထုတ်နှုတ်ပြီး ရှင်းပြမယ်။ ဗုဒ္ဓမြတ်စွာ ရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်သုံးခြင်း ရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့ လိုအပ်တယ်။ 

မိရိုးဖလာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီး စောင့်ရာ ကနေ ဥပုသ်စောင့်တယ် လို့ သိနေကြသော်လည်း ဥပုသ်စောင့် သုံးခြင်း ရဲ့ ရည်ရွယ်ချက်၊ ဥပုသ် ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် က စပြီး အလေးအနက် သိဖို့ လိုတယ်။ ဘာဖြစ်လို့တုန်း? ဆိုလို့ ရှိရင် ဥပုသ်စောင့်တယ် ဆိုတဲ့နေရာ မှာ ဗုဒ္ဓဘာသာတင် မကဘူး အခြား ဘာသာတွေ ကလည်း ဥပုသ်စောင့်တယ် ဆိုတာ ရှိတယ်။ ဒီတော့ သူတို့ ဥပုသ် နဲ့ ကိုယ့် ဥပုသ်- အတူတူပဲ လို့ ထင်နေတတ်ကြတယ်။ 


ဒါကြောင့် ဥပုသ်စောင့်ခြင်း ရဲ့ အနှစ်သာရ ပိုင်းကို ကြည့်ရမယ်။ တစ်ခါတစ်ရံ ကျတော့ အသံ တူသော်လည်း အဆံ မတူဘူး ဆိုတာလို အနှစ်သာရပိုင်း မှာ ကွာခြားမှုတွေ အများကြီး ရှိတယ်။ အခြား ဘာသာဝင်တွေ လည်း ဥပုသ်စောင့်တယ်၊ သူတို့မှာလည်း သူတို့ ရည်ရွယ်ချက်တွေ နဲ့ ဥပုသ်စောင့်တယ် ဆိုတာ ရှိမယ်ပေါ့။


ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဥပုသ်စောင့် တာ ရှေး အစဉ်အလာ အရ ပြောရမယ် ဆိုရင် လဆန်း ၈- ရက်, လဆုတ် ၈-ရက်, လပြည့်, လကွယ် လို့ တစ်လ မှာ လေး သီတင်း သတ်မှတ်ပြီး ဥပုသ်စောင့်လေ့ ရှိကြတယ်။

အဲဒီ တစ်လ  လေးသီတင်း ဥပုသ်စောင့်ရုံမျှ မကဘူး။ ပဋိဇာဂဥပုသ်- ဆိုတာ ရှိသေးတယ်။ အကြို နဲ့ အပို စောင့်တာ။ ဆိုပါစို့- ဥပုသ်နေ့ မရောက်ခင် တစ်ရက် က ကြိုပြီးတော့ စောင့်တယ်၊ ဥပုသ် အထွက် တစ်ရက် အပို စောင့်တယ်။ အကြိုအပို နဲ့ တစ်ကွ ဆိုတော့ လဆန်း ၇-ရက်, လဆန်း ၈-ရက်, လဆန်း ၉-ရက် သုံးရက်။ လပြည့်နေမှာ ဆိုရင် အဖိတ်နေ့, လပြည့်နေ့, လပြည့်ကျော် တစ်ရက် သုံးရက်။ 


ထို့ အတူပဲ လပြည့်ကျော် ၈-ရက် မှာလည်း သုံးရက်၊ လကွယ်နေ့မှာ လည်း သုံးရက် ဆိုတော့ တစ်လ တစ်လ မှာ ၁၂-ရက် စောင့်တာ ကို ပဋိဇာဂဥပုသ်- လို့ခေါ်တယ်။ ရှေး သူတော်စင်တွေ က အဲဒီလို ဥပုသ် ကို စောင့်လေ့ ရှိကြတယ်။ 

မြန်မာနိုင်ငံမှာ လည်းပဲ ရှေးခေတ် ကာလတွေမှာ ဝါတွင်း ကာလ ၃-လ လုံးလုံး ဥပုသ်စောင့်တယ် ဆိုတာ မျိုးတွေ လုပ်ကြတယ်။ ရှေး သူတော်စင်တွေ ဝါတွင်း ၃-လ မှာ နေ့စဉ်နှင့် အမျှ သီလဆောက်တည်ပြီး ဥပုသ်စောင့်ကြတယ်။ 


ပါဋိဟာရိယပက္ခဥပုသ် တို့၊ ပဋိဇာဂရဥပုသ် တို့- ဒီ ဥပုသ်တွေဟာ သာမန် ရက် မျှသာ မက ဘဲနဲ့ တိုးချဲ့ပြီးတော့ စောင့်တဲ့ ဥပုသ်တွေ ဖြစ်တယ်။ ဒါက ရက် နဲ့ ပက်သက်ပြီး မှတ်ရမယ်။ ရှေးထုံးစံ အနည်း ဆုံး တော့ တစ်လ ၄-သီတင်း ဥပုသ်စောင့်လေ့ ရှိကြတယ်။ 




ဥပုသ်စောင့်တယ် ဆိုတာ ပုထုဇဉ် ပုဂ္ဂိုလ်တွေ မှ ဥပုသ်စောင့် တာ မဟုတ်ဘူး။ မြတ်စွာဘုရား လက် ထက်တော် အခါ ကာလ တုန်းက သောတာပန်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး တို့လို သောတာပန် ပုဂ္ဂိုလ်တွေ လည်းပဲ ဥပုသ်စောင့်တယ်။ ဥပုသ် ကိစ္စ ကို မြတ်မြတ်နိုးနိုး ထားပြီး သီတင်းနေ့ ဆို ဥပုသ်စောင့်လေ့ ရှိကြတယ်။ 


ဥပုသ် ဆိုတာ ဘာကိုပြောတာလဲ?
ဥပုသ် ဆိုတဲ့ စကားလုံး က မြန်မာစကား စစ်စစ် မဟုတ်ဘူး။ ပါဠိ- ဥပေါသထ- ဆိုတဲ့ စကားလုံးက လာတာ။ ဥပေါသထ- ဆိုတာ ပုဒ်ခွဲ လိုက်တော့ ဥပ နဲ့ ဝသထ။ ဥပ- ဆိုတာ ကျင့်စဉ် တစ်ရပ်နဲ့ ပြည့်စုံပြီး, ဝသထ- ကျင့်သုံးနေထိုင်ခြင်း လို့ အဓိပ္ပါယ်ရတယ်။



ဆိုပါစို့- ရှစ်ပါး သီလ ဆောက်တည်ပြီးတော့ နေတယ် ဆိုတာ ကျင့်စဉ် တစ်ခု အဓိဋ္ဌာန်ပြီးတော့ နေတာပဲ။ ဒီ ဥပုသ်စောင့် တဲ့ အတောအတွင်း မှာ ဒီ အင်္ဂါရှစ်ပါး ထဲမှာ ပါတဲ့ အချက်အလက်တွေ ကို ရှောင်ကြဉ်မယ်၊ မလွန် ကျူးအောင် ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထား နဲ့ ဒီလို စောင့်သုံးတာ။ ကိုယ်ကျင့် သီလ နဲ့ နေထိုင်ခြင်းလို့ ဒီလို အဓိပ္ပါယ် ရတယ်နော်။ 


ဥပေါသထ- ဆိုတဲ့ စကားလုံး ကို မြန်မာမှုပြုလိုက်တော့ ဥပုသ် ဆိုတဲ့ စကားလုံး ဖြစ်လာတယ်။ ဥပုသ် ဆိုတဲ့ စကားလုံး ကို မှန်အောင် ရေးရမယ် ဆိုရင် အက္ခရာ- ဥ ပစောက် တစ်ချောင်းငင် နဲ့ သ-ကလေး နောက်က သတ် ပြီးတော့ ရေးရတယ်- ဥပုသ်။


ဥပုသ်စောင့်တယ် ဆိုတာ ကိုယ်ကျင့် တရားတွေနဲ့ နေတာ။ ကိုယ်ကျင့် သီလတွေ ကို ဥပုသ်- ခေါ်တယ် ။ စောင့် တယ်- ဆိုတာ အဲဒီ ကိုယ်ကျင့် သီလတွေကို ထိန်းသိမ်းတာ။ မကျိုး မပေါက် မပျောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက်တာ ဒီလို အဓိပ္ပါယ်ရတယ်။ 



အဲဒီတော့ နံနက် အချိန် မှာ ရှစ်ပါး သီလ ကို ခံယူ ဆောက်တည်လိုက်ကြတယ်။ ဆောက်တည်တယ် ဆိုတာ ဒီ အတိုင်း လိုက်နာမယ် လို့ စိတ်ကို ဒုန်းဒုန်း ချပြီးတော့ သတ်မှတ်တာ။ ဒီကနေ့ ဒီရက် မှာ ဒီ အင်္ဂါ ရှစ်ပါး အတိုင်း ဒီ စည်းကမ်းချက် အတိုင်း ငါ လိုက်နာမယ် လို့ ကိုယ့်ကိုယ်ကို စည်းကမ်း ချပြီးတော့ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ချုပ်တည်းပြီးတော့ စောင့်စည်း တဲ့ သဘော ဖြစ်တယ်။ 


အဓိက အားဖြင့် ကာယကံ နဲ့ ဝစီကံ နှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘော။ ဘာဖြစ်လို့ ဒီလို လုပ်ရ တုန်း ဆိုတော့ ကာယကံမှု, ဝစီကံမှု ဆိုတာ သာမန် အားဖြင့် နေလိုက်လို့ ရှိရင် လွယ်လွယ် ကူကူနဲ့ ကျူးလွန် မိတတ်ကြတယ်။ အဲဒီ လွယ်လွယ်ကူကူ နဲ့ ကျူးလွန် မိတတ်တာတွေကို မကျူးလွန်ရအောင် စည်းကမ်း ချပြီးတော့ နေ တာမျိုး။ ဒီလိုဆိုလိုတာ။
 


ဥပုသ်စောင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်  
ဥပုသ်စောင့်သုံးခြင်း ရဲ့ ရည်ရွယ်ချက် ကတော့ လောဘတွေ လျော့ကျ ဖို့၊ ဒေါသတွေ လျော့ချ ဖို့၊  မောဟတွေ လျော့ ကျ ဖို့။ ဆိုလို တာက အကုသိုလ်တွေ လျော့နည်း သွားပြီးတော့ ကုသိုလ်ဘက် က တိုးပွားအောင် ဒီနေ့ ဒီရက် အချိန် ကန့်သတ်ပြီးတော့ စောင့်သုံးကြတာ။

အဲဒီလို စောင့်သုံးတဲ့ ဥပုသ် ရဲ့ အကျိုး ကလည်းပဲ အင်မတန် မှ ကြီးမားတယ်။ မှန်မှန် ကန်ကန် စောင့်သုံး လို့ ရှိရင် ရရှိ အပ်တဲ့ အကျိုးက အင်မတန် မှ ကြီးမားတယ်။ တစ်ခြား ဘာသာတွေ မှာလည်း သူတို့နည်း သူတို့ ဟန် နဲ့ ဥပုသ်စောင့်ကြတယ်။ ဒါ့ကြောင့် ဥပုသ် လို့ ဆိုလိုက် တာနဲ့ အတူတူ ပဲလို့- ဒီလိုတော့ မအောက်မေ့နဲ့။


ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဟာ အဓိပ္ပါယ် ရှိရှိ ဥပုသ်စောင့်မယ် ဆိုရင် ဘယ်လို စောင့်ရမလဲ? ဝိသာခါ  ကျောင်းအမကြီး ဟာ တစ်နေ့ ကျောင်းလာပြီးတော့ ဥပုသ်စောင့်တယ်။ ဥပုသ်စောင့်နေတဲ့ ဝိသာခါ ကို မြတ်စွာ ဘုရားက မေးတယ်- ဒီကနေ့ ဘာလုပ်တာလဲ- လို့ မေးတော့ အရှင်ဘုရား ဒီကနေ့ ဥပုသ်နေ့မို့ တပည့်တော် ဥပုသ်စောင့်ပါတယ်- လို့ဆိုတော့ မြတ်စွာဘုရား က ဥပုသ် ၃-မျိုး ရှိတဲ့ အကြောင်း ရှင်းပြတယ်။ 

အဲဒီနေရာ မှာ အသွင် သဏ္ဌာန်ချင်း ကွဲပြားခြားနား သွားပြီ ဆိုတာ သတိထားပေါ့နော်။ နာမည် အားဖြင့် ဥပုသ်စောင့်တယ် လို့ ဆိုပေမယ့် အနှစ်သာရ ပိုင်း ကွာခြား သွားလို့ ရှိရင် အကျိုးပေးခြင်း ကလည်း ကွာခြား သွားနိုင်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့ နည်းလမ်း နဲ့ အဓိပ္ပါယ် ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပို အရေးကြီးတယ်။

မြန်မာ လူမျိုး ဗုဒ္ဓ ဘာသာဝင်တွေဟာ ဥပုသ်နေ့  ဥပုသ်စောင့်ကြတယ်။ ဥပုသ် ဆိုတာ လူတိုင်းလည်း ကြား ဖူး တယ်၊ စောင့်လည်း စောင့်ကြတယ်။ သို့သော် ဥပုသ်စောင့်ခြင်း ရဲ့ အနှစ်သာရ ကို အဓိပ္ပါယ် ရှိရှိ သိဖို့ အင်မတန်မှ အရေးကြီးတယ်။ 


ဘာဖြစ်လို့တုန်း? ဥပုသ်စောင့် တာ ဘာသာရေး လုပ်ငန်း တစ်ခုလို ဖြစ်နေတယ်။ အဲဒီတော့ မြတ်စွာဘုရား က ဝိသာခါ ကို ဥပုသ် ၃-မျိုး အကြောင်း ရှင်းပြတယ်။ 

နံပါတ်တစ် ဥပုသ် က နွားကျောင်းသား ရဲ့ စိတ်ထား နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်စောင့်နည်းတဲ့။ အဲဒါကို ပါဠိလို-ဂေါပါလက ဥပေါသထ- လို့ခေါ်တယ်။ ဂေါပါလက- ဆိုတာ နွားကျောင်းသား၊ ဥပေါသထ- ဆိုတာ ဥပုသ်၊ နွားကျောင်းသား ဥပုသ်- ဆိုတာ နွားကျောင်းသားတွေ စောင့်တဲ့ ဥပုသ်ကို ပြောတာ မဟုတ် ဘူး။ နွားကျောင်းသား ရဲ့ စိတ်နေ စိတ်ထား နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်မျိုး လို့ ဒီလိုဆိုလိုတယ်။

ဥပုသ်သည်တွေဟာ ဥပုသ်စောင့်ပြီ ဆိုရင် မှန်ကန်တဲ့ စိတ်ထား ရှိဖို့၊ ကျင့်သုံးတဲ့ အခါမှာ နည်းစနစ် ကျနဖို့ အင်မတန်မှ အရေးကြီးတယ် ဆိုတာ ထင်ရှားတယ်။ ဥပုသ်စောင့်တယ် ဆိုပြီးတော့ မှန်ကန်တဲ့ ရည်ရွယ် ချက်တွေ မရှိဘူး ဆိုရင် ထို ဥပုသ်စောင့်ခြင်းရဲ့ အကျိုး ဟာ များစွာရမှာ မဟုတ်ဘူး။ 


ဒါကြောင့်မို့ ဝိသာခါ ကို မြတ်စွာဘုရား ရှင်းပြတဲ့ နံပါတ်တစ် ဥပုသ်က နွားကျောင်းသား ရဲ့ စိတ်ထား နဲ့ နှိုင်း ယှဉ်ရမယ့် ဥပုသ် မျိုး တဲ့။

နောက်တစ်ခု က နိဂဏ္ဌုပေါသထ- လို့ခေါ်တယ်။ နိဂဏ္ဌ- ဆိုတာ ဗုဒ္ဓ လက်ထက်တော် အခါကာလ တုန်း က ဘာသာရေး တစ်ခုပေါ့။ ဒီ ကနေ့ အိန္ဒိယပြည် မှာ ဂျိန်း ဘာသာလို့ ခေါ်တယ်။ ဗုဒ္ဓမြတ်စွာ လက် ထက်တော် တုန်း က ဂျိန်း လို့ မခေါ်ဘူး နိဂဏ္ဌ လို့ခေါ်တယ်။ 


အဲဒီ နိဂဏ္ဌ ရဟန်းတွေက လမ်းညွှန်မှုပြုပြီးတော့ နိဂဏ္ဌတွေ ရဲ့ ဒကာ, ဒကာမတွေ စောင့်တဲ့ ဥပုသ်မျိုး။ အဲဒီ ဥပုသ် ကို မြတ်စွာ ဘုရားက ထည့်ပြီးတော့ ဟောထားတာ ရှိတယ်။ ဒါလည်း သတိထား စရာပဲ။ ဒီကနေ့ခေတ် မှာလည်းပဲ အခြားဘာသာတွေ မှာလည်း ဥပုသ်တွေ ရှိနေကြတယ်။ 

နောက် တစ်ခုက အရိယုပေါသထ- မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ စောင့်သုံးတဲ့ဥပုသ်။ ဒီ ဥပုသ်က အဓိပ္ပါယ်ရှိတဲ့ ဥပုသ် ဖြစ်ရမယ်။ ဒီတော့ ဘာသာရေး လုပ်ငန်း တစ်ခုဟာ စနစ် တစ်ကျ နည်းလမ်း မှန်မှန်ကန်ကန် လုပ် တတ်မှ အကျိုးရှိတယ်။ ဘယ်အရာပဲဖြစ်ဖြစ် မှန်ကန်တဲ့ နည်းလမ်း နဲ့ ကြိုးစား အားထုတ်မှ အရာရာ အောင်မြင် တယ်, အကျိုးရှိတယ် ဆိုတာ ဖြစ်လာမယ်။ သို့မဟုတ်လို့ ရှိရင် ရည်မှန်းချက် အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။


နွားကျောင်းသား စိတ်ထား နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်စောင့်နည်း ဆိုတာ ဘယ်လို ဟာမျိုးတုန်း? ဆိုတော့ ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ် အထူး အားဖြင့် ဗုဒ္ဓ  ဘာသာဝင်တွေ သီတင်းနေ့ အခါ ကာလ မှာ ရှစ်ပါး သီလ ဆောက်တည်၊ ကျောင်းကန် ဘုရား သွားပြီး ဥပုသ်စောင့်ကြတယ်။ အဲဒီလို ဥပုသ်စောင့်တဲ့ အခါမှာ မစောင့်ခင် ကတည်းက ဘာတွေ လုပ်ထားလဲ? 

တစ်ချို့ ဥပုသ်သည်တွေ ရဲ့ စိတ်ထား ကို ပြောပြမယ်။ မစောင့်ခင် က ဘာလုပ်တုန်း? ဆိုတော့ ဥပုသ်စောင့် တယ် ဆိုရင် နေ့ ၁၂-နာရီ ကနေ နောက်တစ်ရက် နံနက် အာရုဏ် မတက်ခင် မစားရဘူး ဆိုတဲ့ အသိ ကလေး ဝင်မနေ ဘူးလား? ဝိကာလ ဘောဇန- မစားရဘူး ဆိုတာလေး သိနေတော့ ဘာကြောက်တုန်း ဆိုရင် ထမင်း ဆာ မှာ ကြောက်တယ်။ 


အဲဒီလို ထမင်း ဆာမှာ ကြောက်တော့ ဥပုသ်စောင့် သွားမယ် ဆိုလို့ ရှိရင် ဖွယ်ဖွယ် ရာရာတွေ ချက်ပြုတ် , ကောင်းနိုး ရာရာတွေ ချက်ပြုတ်ပြီးတော့ ထမင်း မဆာအောင် ဆိုပြီးတော့ ပိုပြီးတော့ စားဖို့ ကြိုတင်ပြင်ဆင် တယ် ဒါမျိုး လုပ်တယ်။

အဲဒီလို ကြိုတင်ပြင်ဆင်ပြီး ကောင်းနိုး ရာရာတွေ စားပြီးတော့ နောက်တစ်ရက် အတွက် တွေးသေးတယ်။ ဒီနေ့တော့ ကြက်သားဟင်းနဲ့ စားပြီး နောက်ရက်တော့ ဝက်သားဟင်း နဲ့ စားမယ်၊ ဟိုး နောက်တစ်ရက် ကျတော့ ဘာဟင်း ချက်မယ် ဆိုပြီး အစားအသောက်တွေ စိတ်ကူးပြီးတော့ စောင့်တဲ့ ဥပုသ်မျိုးတွေ လည်း ရှိတာပဲ။ 


မြတ်စွာဘုရား က- ဒီကနေ့ ဘာဟင်း နဲ့ စားမယ်, နက်ဖြန်ခါ ဘာဟင်း နဲ့ စားမယ်, သဘက်ခါ ဘာဟင်းနဲ့ စားမယ်လို့ အစားအသောက်တွေကို စီမံ စိတ်ကူးပြီးတော့ စောင့်တဲ့ ဥပုသ် မျိုးဟာ အကျိုးသိပ်ပြီးတော့ မရှိဘူး တဲ့။ နွားကျောင်းသားတွေ ရဲ့ စိတ်သဘောထား နဲ့ သွားတူနေတယ်၊ 


အစား အသောက် အပေါ် မျှော်တွေးပြီးတော့ စောင့်တဲ့ ဥပုသ်ဟာ နွားကျောင်းသား ဥပုသ်ပဲ။ 
စားစရာ သောက် စရာတွေကို မျှော်တွေးခြင်းသည် အဘိဇ္ဈာ။ အဘိဇ္ဈာ ဆိုတာ စားစရာ အာရုံပေါ် မှာ ရှေး ရှုတွေးနေတဲ့ လောဘတွေ ဖြစ်နေတာကို ပြောတာနော်။

ဒီနေ့ ဒီဟင်းစားပြီးတော့ ဥပုသ်စောင့်တယ်၊ နောက်ရက် ကျတော့ ဟိုဟင်း စားမယ် ဟို အစားအစာ စားမယ် နဲ့ အစားတွေပေါ်မှာ စိတ် အများကြီး ရောက်ပြီးတော့ စောင့် တဲ့ ဥပုသ် တဲ့။ ဥပမာ- နွားကျောင်း သားတွေ ဟာ နွားတွေ ကို ကျောင်းပြီး တစ်နေ ကုန်တဲ့ အခါ နွားတွေ ကို မောင်းပြီး ခြံထဲ ထည့်, နွားပိုင်ရှင် ကို ပြန် အပ်၊ ပြန် အပ်ပြီးတော့ သူတို့ ဘာတွေ စိတ်ကူးလဲ? ဆိုတော့ ဒီကနေ့  ဒီနွားအုပ်ကို ဒီ စားကျက် မှာ ကျောင်းပြီး ဒီနေရာ မှာ ရေတိုက်တယ်။ 


မနက်ဖြန် ကျရင်တော့ တို့တစ်နေရာ စားကျက်ပြောင်းရမယ် ဒီ စားကျက် မဟုတ်တော့ဘူး။ နောက်ထပ် စား ကျက် တစ်နေရာ ပြောင်းပြီးတော့ ဘယ်နေရာမှာ ရေတိုက်မယ်ဆိုတဲ့ စီမံချက်တွေ မချကြဘူး လား?  နွားကျောင်း သားတွေဟာ ဒီကနေ့ ဒီနေရာမှာ နွားကျောင်းမယ်၊ မနက်ဖြန် ဟိုနေရာမှာ ကျောင်းမယ် ဆိုတဲ့ စိတ်ကူး နဲ့ နေသလိုပဲ- ဥပုသ်သည် ဟာလည်း ဒီ ကနေ့ ဒီ ဟင်း နဲ့ စားတယ်၊ နက်ဖြန်ခါကျတော့ ဟိုဟင်း ချက်မယ်၊ ဟို အစား အစာ စားမယ်  ဆိုပြီး စားရေးသောက်ရေးသာ ကြိုတင်တွေးတော လုံး ပမ်းနေပြီးတော့ စောင့်တဲ့ ဥပုသ် မျိုးဟာ နွားကျောင်းသား ရဲ့ စိတ် နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရမယ့် ဥပုသ်စောင့်ခြင်း မျိုးလို့ ခေါ်တယ်။

အဲဒီ ဥပုသ်စောင့်ခြင်းဟာ လောဘ နဲ့ အချိန် များများ ကုန်တာမို့ လောဘစိတ် ကို ထိန်းနိုင်တာ မဟုတ်သည့် အတွက်ကြောင့် မြတ်စွာဘုရားက- န မဟပ္ဖလော တဲ့- အကျိုး များများ မရှိဘူး- တဲ့။ န မဟာနိသံသော- များ စွာသော အာနိသင်တွေ ရမှာ မဟုတ်ဘူး-တဲ့။ အဲဒီတော့ မမှန်ကန် ဘူးပေါ့။ အဲဒီ စိတ်ဓာတ် မျိုးနဲ့ ဥပုသ် မစောင့် သင့်ဘူးတဲ့။


နောက် တစ်ခုက နိဂဏ္ဌတွေ စောင့်တာ (ဒါကတော့ ဗုဒ္ဓဘာသာ နဲ့ မဆိုင်ဘူး) နိဂဏ္ဌ ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဥပုသ်နေ့ မှာ ဆိုရင် သူတို့ ဒကာ ဒကာမတွေ ကို ဆောက်တည် ခိုင်းတယ်တဲ့။ 

သူတို့ ယူခိုင်းတဲ့ သီလ က ရှေ့ အရပ် မျက်နှာမှာ ယူဇနာ-၁၀၀ ရဲ့ ဟိုဘက်က သတ္တဝါတွေကို မသတ်ဘူး လို့ အဓိဋ္ဌာန် လိုက်  တယ်၊ တောင်ဘက် လည်းပဲ ယူဇနာ-၁၀၀ရဲ့ ဟိုဘက်က သတ္တဝါတွေ ကို မသတ်ဘူး၊ အနောက်ဖက် ကလည်း ယူဇနာ-၁၀၀ ရဲ့ ဟိုဘက်က သတ္တဝါတွေ ကို မသတ်ဘူး၊ မြောက်ဘက် ကလည်းပဲ ယူဇနာ-၁၀၀ ရဲ့ ဟိုဘက် က သတ္တဝါတွေကို မသတ်ဘူး။
ယူဇနာ-၁၀၀ ဆိုတာ တစ်ယူဇနာ တင်ပဲ ၈-မိုင် ၁၂-မိုင် ရှိတာ။ ယူဇနာ-၁၀၀ ဆိုရင် အလွန်ဝေးတာ မဟုတ် လား? အဲဒီတော့ ဒီ အတွင်းက သတ္တဝါတွေ ကိုတော့ သတ်မယ် ဆိုတဲ့ အဓိပ္ပါယ် ရတယ် ဟုတ်ကဲ့လား? သူ့ ဥပုသ်စောင့်နည်း က နယ်မြေ နဲ့ ကန့်သတ်ြ ပီးတော့ စောင့်တာ။ ယူဇနာ-၁၀၀ အပြင်ဘက်က သက်ရှိ သတ္တဝါတွေ ကို မသတ်ဘူး၊ 


ပါဏာတိပါတ ထိန်းသိမ်းစောင့်ရှောက်မယ် လို့ အရှေ့ဘက် က ယူဇနာ-၁၀၀ ဟိုဘက်၊ တောင် ဘက်က ယူဇနာ-၁၀၀ ဟိုဘက်၊ အနောက်ဘက် က ယူဇနာ-၁၀၀ ဟိုဘက်၊ မြောက်ဘက် က ယူဇနာ-၁၀၀ ဟိုဘက် မှာ ရှိတဲ့ သတ္တဝါတွေ ကို မသတ်ပါဘူးလို့ ရှောင်ကြဉ်တယ် ပါဏာတိပါတာ ဝေရမဏိ- သူတို့အပေါ် မှာ သတ်ဖြတ် ညှဉ်းဆဲမှု မလုပ်ပါဘူး ရှောင်ကြဉ်ပါမယ် လို့ဆိုတဲ့ ဥပုသ်။ အဲဒီ ဥပုသ် ကတော့ တော်တော် လူပါး ဝ တဲ့ ဥပုသ်ပဲနော်။ 

ဘာဖြစ်လို့တုန်း ဆိုလို့ ရှိရင် သတ္တဝါတွေ သတ်ချင်ရင် ဟိုအဝေးကြီး ထိအောင် ဘယ်သူက သွားသတ်နေ မတုန်း? ဒီတော့ အတွင်းနား က လက်လှမ်း မှီတာတွေတော့ သတ်လို့ရတယ် ဆိုတဲ့ အဓိပ္ပါယ် က ရနေပြီ။
ပြီးတော့ ဥပုသ်နေ့ မှာ ဘာဆိုခိုင်းသေးတုန်း ဆိုတော့- ငါဟာ ဘယ်သူနဲ့ မှ မပက်သက်ဘူး၊ ဘယ်သူ့ ဟာမှ မဟုတ် ဘူး၊ တခြားလူဟာ လည်း ငါနဲ့ မဆိုင်ဘူး၊ ငါ့ရဲ့ဟာ ငါ့ဆွေမျိုး မဟုတ်ဘူး- လို့ နှုတ်ကနေ ဆိုပြီးတော့ ဆောက်  တည်ရတယ်။ ။။


နဟံ ကွစနိ၊ ကဿစိ ကိဉ္စနကသ္မိ၊ န စ မမ ကွစနိ၊ ကိသ္မိဥ္စိ ကိဉ္စနတတ္ထိ။။ အဓိပ္ပါယ် ကတော့ ငါ ဆိုတာ ဘယ်မှာ မှ မတွေ့ရဘူး၊ ငါဟာ ဘယ်မှ ကြောင့်ကြစိုက်ရမယ့် အရာ မဟုတ်ဘူး၊ အခြားလူ တစ်ယောက်  ဟာ လည်း ငါ့ရဲ့ ကြောင့်ကြစိုက်ရမယ့် အရာ မဟုတ်ဘူး၊ ငါ့ အမျိုးလည်း မဟုတ်ဘူး၊ ဘာမှ  လည်း မတော်ဘူး- ဆိုတဲ့ ဒီ အဓိဋ္ဌာန်   ချက်ကို ဆိုရတယ်တဲ့။ အဲဒီ ဥပုသ်စောင့်တဲ့နေ့မှာ ဒါ နိဂဏ္ဌတွေ စောင့်တဲ့နည်း။
 

ဒီတော့ သူတို့စောင့်တဲ့ ဥပုသ် က ၂-ချက် ရှိတယ်။ ယူဇနာ-၁၀၀ ရဲ့ ဟိုဘက် က သတ္တဝါတွေ ကို မသတ် ဘူး လို့ ဆိုတော့ တချို့သတ္တဝါတွေ ကိုတော့ သတ်ခွင့် ရှိတယ်။ သနားရမယ့် သတ္တဝါ ရှိတယ်, မသနား ရမယ့် သတ္တဝါ ရှိတယ်၊ သတ်လို့ရတဲ့ သတ္တဝါ ရှိတယ်, သတ်လို့ မရတဲ့ သတ္တဝါ ရှိတယ်ပေါ့။
 

တချို့သတ္တဝါတွေ အပေါ်မှာ မေတ္တာ ကရုဏာ ထားပြီး တချို့သတ္တဝါတွေ အပေါ်မှာ မေတ္တာ ကရုဏာ မထား ရာ မရောက်ပေ ဘူးလား? ရောက်သည့် အတွက်ကြောင့် သူတို့ ဟာ သတ္တဝါ တချို့အပေါ် မှာ မေတ္တာ ကရု ဏာ ထားတယ်, သတ္တဝါ တချို့အပေါ် မှာ မေတ္တာ ကရုဏာ မထားဘူး လို့ဆို ကတည်းက မမျှတ တဲ့ စိတ် ဓာတ် နဲ့   ဥပုသ်စောင့်တာဖြစ်နေလို့ မြတ်စွာဘုရား က အကျိုး မရှိဘူးတဲ့၊ အဲဒီ လို စာထဲ မှာ ဆိုတယ်။ 


နောက်တစ်ခု က ငါဟာ ဘယ်သူ့ဆွေမျိုး မှ မဟုတ်ဘူး, ငါဟာ ဘယ်သူ မှ ကြောင့်ကြ စိုက်ရမယ့် ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ဆိုခိုင်း တယ်။ အခြား တစ်ယောက် ဟာလည်း ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး၊ ငါ့ရဲ့ဆွေမျိုး မဟုတ် ဘူး၊ ပစ္စည်း ဥစ္စာတွေလည်း ငါ့ဟာ မဟုတ်ဘူးလို့ ကြေငြာခိုင်းတယ်။ 


အဲဒီလို ကြေငြာပြီး နောက်တစ်ရက် ကျတော့ သူ့ မိသားစုတွေ အားလုံး ဟာလည်းပဲ ငါသည် ဘယ်သူနဲ့ မှ မပက်သက် ပါဘူးလို့ ပါးစပ် ကသာ ဆိုတာ သူ့အမေ က အမေ ပဲ၊ အဖေ က အဖေ ပဲ၊ သားသမီး က သားသမီး ပဲ မဖြစ်ဘူးလား၊ မိဘတွေ ကလည်းပဲ ဒါဟာ ငါတို့ သားပဲ အဲဒီ လို မသိဘူးလား။ 


အဲဒါ ဟာ အတင်း လိမ်ခိုင်းရာ ရောက်တယ်တဲ့၊ မြတ်စွာဘုရား က။ မုသာဝါဒ က ရှောင်ရမယ့်အစား မုသာဝါဒ ကို ဆိုခိုင်း တာနဲ့ တူနေတယ် တဲ့၊ ငါဟာ ဘယ်သူနဲ့ မှ မပက်သက်ဘူး, ဘယ်သူ့ဆွေမျိုး မှ မဟုတ်ဘူး ဆိုတာက လိမ်ညာခြင်း တစ်မျိုး ဖြစ်နေတယ်တဲ့၊ မုသာဝါဒကို ဆိုခိုင်း ရာ ရောက်တယ်တဲ့။
 

 နောက် တစ်ရက် ဥပုသ် က ထွက်တဲ့ အခါကျတော့ အိမ်မှာ သူ့ရှိတဲ့ စ္စည်းတွေ- ခုနတုန်း ကတော့ ကြေငြာ ထားတယ်- ။။  ငါ့မှာ ငါနဲ့  ဆိုင်တဲ့ ပစ္စည်း မရှိဘူးလို့ ငါ့ဟာ မဟုတ်ဘူး။။  လို့ ကြေငြာထားပေမယ့် လို့ မပြော မပြုနဲ့ အဲဒီကြေငြာ ထားတဲ့ ပစ္စည်းတွေ ကို သူယူ သုံးတယ်၊ အရင်က ဒါ သူ့ပစ္စည်းကိုး ဟုတ်ကဲ့လား၊ 

အဲဒီလို ယူသုံးတယ် ဆိုရင် ဘာဖြစ်တုန်း? အဒိန္နဒါန မဖြစ်ဘူးလား။ သူကြေငြာ ထားတာက- ငါ့ဟာ မဟုတ် ဘူး လို့ သူ ကြေငြာ ထားတာ။ အဲဒီတော့ ကြေငြာ ထားတဲ့ ပစ္စည်း ကို သူ နောက်တစ်ရက် မှာ ဘယ်သူ့မှ မပြော ဘဲနဲ့ ယူပြီး သုံးလို့ ရှိရင် အဒိန္နဒါန ဖြစ်တယ်တဲ့။ မပေးတဲ့ ပစ္စည်း ကို သုံးတာဖြစ်သောကြောင့် အဒိန္နဒါန ဖြစ်တယ်၊ လိမ်တာ မို့ မုသာဝါဒ လည်း ဖြစ်တယ်တဲ့။

ဒါတွေကို ရှောင်ကြဉ်ရမယ့် အစား ဒီ အတိုင်း ကျူးလွန် မိရက်သား ဖြစ်နေသည့် အတွက်ကြောင့် နိဂဏ္ဌတွေ စောင့်တဲ့ ဥပုသ်ဟာ ရယ်စရာကောင်းတယ်, အကျိုးလည်း မရှိဘူး လို့ မြတ်စွာဘုရား က ဒီလိုဟောတယ်နော်။ 


ဒီတော့ လောက မှာ ဘာသာတရားတွေ ဟာ ဒီလိုပဲ ဥပုသ် ကို အမျိုးမျိုးစောင့်ကြတယ်။ ဥပုသ်နေ့ သတ်မှတ် ပုံချင်း ကလည်း တစ်ဦး နဲ့ တစ်ဦး မတူဘူး၊ ဥပုသ်စောင့်တာခြင်း လည်း မတူဘူး။

ဗုဒ္ဓမြတ်စွာ ရဲ့ အရိယ ဥပေါသထ- လို့ခေါ်တဲ့ သူတော်စင်တွေ စောင့်သုံး တဲ့ ဥပုသ် ကတော့ အဲဒါမျိုး မဟုတ် ဘူးတဲ့။ ဘယ်လို တုန်း ဆိုရင် ညစ်နွမ်းနေတဲ့ စိတ် ကို ဖြူစင်အောင် ကြိုးစားမှုပဲ။ ဥပုသ်စောင့်ရင်း ညစ်နွမ်းနေ တဲ့ စိတ်တွေ ကို ဖြူစင်အောင် ကြိုးစားပေးဖို့ လိုအပ်တယ်တဲ့။ 

ဒီတော့ အရိယဥပေါသထ ဆိုတဲ့နေရာမှာ စိတ် ကို ဖြူစင်အောင် လုပ်ရမယ်၊ ရှစ်ပါး သီလ ဆောက်တည် လိုက် တယ်။  ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါတယ် ဆိုတဲ့နေရာ မှာ ဥပုသ်သည် က ဘယ်လိုနှလုံးသွင်း ရမလဲ လို့ ဆိုရင် လောက မှာ ရှိတဲ့ သူတော်စင်တွေ ရဟန္တာ ပုဂ္ဂိုလ်တွေ ဆိုတာ သူတစ်ပါး အသက် ကို သတ်ခြင်း မှ လုံးဝရှောင်ကြတယ်၊ ရှောင်ရုံတင် မကဘူး- သတ္တဝါတွေ ကို ရိုက်ပုတ် ညှဉ်းဆဲကြောင်းဖြစ်တဲ့ တုတ်ဓား စတဲ့ လက်နက်တောင် မထားဘူး၊ ပါဏာတိပါတ အမှုကို ရှက်ကြတယ်၊ သတ္တဝါတွေ အပေါ်မှာလည်း သနားတယ်, ကရုဏာ ထားတယ်, မေတ္တာထားတယ်။ ရဟန္တာ ပုဂ္ဂိုလ်တွေ ရဲ့ စိတ်ထား က အဲဒီလို ရှိတယ်နော်။

ဥပုသ် သည် တစ်ယောက် က ။။   ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။။- လို့ ဆောက်တည် လိုက် လို့ ရှိရင် ရဟန္တာ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမျိုး ကို ထားတာ နဲ့ အတူတူ ပဲ။ ရဟန္တာ ပုဂ္ဂိုလ်တွေ ထားတဲ့ စိတ်ဓာတ် မျိုး ဒီကနေ့ ငါ ထားရပေပြီ လို့ သူ့ စိတ်ထဲမှာ ကျေနပ်မှု ဝမ်းသာမှု ကြည်နူးမှုတွေ ဖြစ်ရမယ်၊ 


အဲဒီလိုဖြစ်အောင် နှလုံးသွင်းရမယ် လို့ ပြောတယ်နော်၊ ဒါ ဘယ်လောက် အဓိပ္ပါယ် ရှိတုန်း။ သူတော်စင်တွေ ဟာ သူများ အသက် မသတ်ဘူး၊ ဒီကနေ့ ငါ သူတော်စင်တွေ လုပ်တဲ့ အတိုင်း ငါလိုက်ပြီးတော့ ကျင့်သုံးမယ်၊ သူများ အသက် မသတ်ဘူး။

။။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာ မိ။။- သူတစ်ပါး မပေးတဲ့ ပစ္စည်း ကို, ပိုင်ရှင် မပေးတဲ့ ပစ္စည်း ကို နည်း အမျိုးမျိုး နဲ့ ရယူခြင်း ဆိုတာ ငါ မလုပ်ဘူး ရှောင်ကြဉ်တယ်။ လောကမှာ ရှိတဲ့ ရဟန္တာ ပုဂ္ဂိုလ်မြတ် တွေ ဟာလည်းပဲ သူများ ပစ္စည်း ကို ဘယ်တော့မှ ယူလေ့ မရှိကြဘူးတဲ့။ 


အဲဒီ ပုဂ္ဂိုလ်တွေ ရဲ့ အကျင့်တရား ကို ဒီကနေ့ ငါ လိုက်နာပြီးတော့ ကျင့်သုံးရတယ် လို့ စိတ်ထဲမှာ အားတက် သရော ဖြစ်လာတယ်၊ ကြည်နူး လာတယ်၊ ဝမ်းသာ လာတယ်။
 

သူတော်ကောင်း ရဲ့အကျင့် ကို အတုယူပြီး ကျင့်သုံးရတယ် ဆိုတာ ဒီ အကျင့်ကြောင့် သူတော်ကောင်း ဖြစ် တယ် ဆိုတော့ ကိုယ်ကိုယ်တိုင် လည်းပဲ ဒီအကျင့် ကို ထာဝရ မကျင့်နိုင်ရင်တောင်မှပဲ ဒီ ကနေ့ တစ်ရက် ကျင့်လိုက်ရတယ် ဆိုတာ ရဟန္တာကျင့်တဲ့ အဆင့်မျိုး ကို တို့တတွေ ကျင့်ရပြီလို့ ဆိုပြီးတော့ ဝမ်းသာစရာ မကောင်းဘူးလား? အဲဒီလို စိတ်ဓာတ်မျိုး နဲ့ တွေးပြီးတော့ ဥပုသ်စောင့်ရမယ်တဲ့။

ထို့အတူပဲ ။။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။။- ရဟန္တာပုဂ္ဂိုလ်တွေ ဟာ မမြတ်သော မေထုန် အကျင့် ဆိုတာကို ရာသက်ပန် ရှောင်ကြဉ်ကြတယ်၊ ထို ရဟန္တာပုဂ္ဂိုလ်တွေ ရှောင်ကြဉ် သလို ငါလည်းပဲ ဒီကနေ့ ဒီရက် မှာ ရှောင်ကြဉ်လိုက်ရပြီ မို့ စိတ်ထဲမှာ ဝမ်းသာတဲ့ စိတ်နဲ့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကို အတုလိုက်ပြီးတော့ ကျင့်သုံးတယ်။ 


တစ်ခုချင်း တစ်ခုချင်း သိက္ခာ ပုဒ်တွေ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- ရဟန္တာ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ လိမ်ပြောလေ့ မရှိဘူး မုသာဝါဒ က ရှောင်ကြဉ်ကြတယ်။ ဒီကနေ့ ငါလည်းပဲ မုသာဝါဒ က ရှောင်ကြဉ် ရပေပြီ။ ရဟန္တာ ပုဂ္ဂိုလ်တွေကို အတုယူပြီးတော့ ကျင့်သုံးရတယ် လို့ စိတ်ထဲမှာ အားရ ဝမ်းသာ ဖြစ်ရမယ်, စိတ်ထဲ မှာ ကြည်နူးရမယ်။
 

ထို့အတူပဲ ။။ သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။။ ဆိုပြီးတော့ ဆောက်တည် လိုက်တယ်။ ရဟန္တာ အရှင်မြတ်များ သည် ဘယ်တော့မှ မူးယစ်ဆေးဝါး သုံးစွဲတာမျိုး မရှိဘူး၊ ငါလည်းပဲ ဒီကနေ့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်မျိုး ကို လိုက်နာပြီးတော့ ကျင့်သုံးရပေပြီ လို့ စိတ်ထဲ မှာ ဝမ်းသာကြည်နူး ရမယ်။ 

ရဟန္တာ ပုဂ္ဂိုလ် ဆိုတာ အင်မတန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်, ထို ပုဂ္ဂိုလ်တွေရဲ့ အကျင့်မျိုး ကို လိုက်ပြီးတော့ ကျင့် ရ တယ် ဆိုတာ နည်းတဲ့ အဆင့်အတန်း မှ မဟုတ်ဘဲနဲ့ ဟုတ်ကဲ့လား။ ကိုယ်ကျင့်တရား အားဖြင့် ကိုယ့်ကိုယ် ကို မြှင့် တင်ပြီးတော့ ဥပုသ်စောင့်တဲ့ အခါ အဲဒီလို စောင့်သုံးရမယ်တဲ့။

 


 ကျေးဇူးတော်ရှင် ပါ/ချုပ် ဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ (Ph.D) 

Myint Zaw

No comments:

Post a Comment