10 August 2016
ကျွန်တော့် ဘဝ
ကျွန်တော်အိပ်နေတုန်း ကျွန်တော့်ကို တစ်စုံ တစ်ယောက်က ကန်လိုက်တယ်။ ကျွန်တော် လန့်ပြီးနိုးသွားတယ်။
`ဟေ့ကောင် သွားစမ်း၊ ဒါ မင်းနေရာလား။ ကိုယ့်နေရာ ကိုယ်နေစမ်း။ သွား... သွားလို့ပြောနေ ပေ ကပ်ကပ်နဲ့။ ငါ ရုက်လိုက်ရ။´´
ကျွန်တော် အသားနာမှာ မကြောက်ပါဘူး။ သခင့် စိတ်ငြိုငြင်သွားမှာပဲကြောက်တာပါ။ ကျွန်တော်    အိမ်ထဲကဖြည်းညင်းစွာ ထွက်ခဲ့ လိုက်တယ်။ ကျွန်တော် အိမ်ပေါက်ဝရောက်တော့ ကျွန်တော်       လှည့်ကြည့်မိတယ်။ ကျွန်တော့် အရင်က နေနေကျနေရာမှာ သခင် က သူ့ခွေး အသစ်လေးကိုထားလို့ မြူပြီး ကစားနေတယ်။ ကျွန်တော့်ရင်တွေ တစ်ဆစ်ဆစ်နာလာတယ်။ ကျွန်တော့်သခင် ကျွန်တော့်ကို အရင်လို ဘာလို့ မချစ်တော့တာလည်းမသိဘူး။
မိုးတွေ ရွာတဲ့နေ့ကျွန်တော် တံစက်မြိတ်အောက်မှာ အိပ်နေတုန်း သခင့် ကားပြန်လာတယ်။ သခင်     ပြန်လာတော့ ကျွန်တော်  အရမ်းပျော်ပြီး သခင့်ကိုပြေးကြိုတယ်။ သခင် က ကျွန်တော့် ကမ္ဘာလေ။   အချိန်တိုင်း သခင်ပြန်လာမှာကိုမျှော်နေတာလေ။ အနားရောက်တော့ ငယ်ငယ်က အတိုင်း သခင့် ကိုပြေးဖက်တာပေါ့။
``ဟေ့ကောင် သွား.. သွား၊ ပေကုန်တော့မှာပဲ။ ဟာ ပြောနေတာနားမထောင်ဘူး။ ငါ့ဘောင်းဘီ ရေ တွေစိုသွားပြီ။ စကား နားမထောင်တဲ့မင် ကို တုတ်နဲ့ဆုံးမမှ ရမယ်။´´
အဲ့နေ့က သခင် ကျွန်တော့်ကို ရိုက်တယ်ဗျာ။ ကျွန်တော် အပြစ်ပါဗျာ။ ကျွန်တော် အိပ်တဲ့နေရာက  မိုးရေ မလုံလို့ပါ သခင်။ တောင်းပန်ပါတယ်။ ကျွန်တော့် မျက်လုံးထဲက တောင်းပန်နေတာကို သခင်   မြင်နိုင်ပါ့မလား။
ကျွန်တော် ဗိုက်ဆာတယ် သခင်။ ကျွန်တော် တံခါးဝကနေပြီးတော့ သခင့်ကို သွားပြောတယ်။        သခင်မေ့နေတာလား မသိဘူး။ ကျွန်တော့်ကို ထမင်း မကျွေးတာ သုံးရက် ရှိပြီ။ ကျွန်တော် ဗိုက်ဆာလို့ပါသခင်။ အိမ်ထဲမှာ သခင်က သူ့ခွေး အသစ်လေးကို အသားတွေကျွေးနေတယ်။ မွှေးနေတာပဲ။ ကျွန်တော် အရမ်းစားချင်တယ်သခင်။ 
ကျွန်တော် အိမ်ထဲ ပြေးဝင်ပြီး အသား တစ်ဖကတ်ကို ခွေးအသစ်လေး ပန်းကန်ထဲက ယူစားလိုက် တယ်။ ကျွန်တော်ပြန်ပြေးဖို့ လုပ်လိုက်တဲ့အချိန် ကျွန်တော့်ခြေထောက် ကို တစ်စုံတစ်ခုနဲ့ ပြင်းပြင်း ထန်ထန် ရိုက်လိုက်တယ်။ ကျွန်တော့်ခြေထောက်  အရမ်းနာသွားတယ်ဗျာ။ ကျွန်တော် အားတင်းပြီး    ခြံဝထိ သွားလိုက်တယ်။ ကျွန်တော်ခြံဝနားမှာ  သွားနေ. နေလိုက်တယ်။
နောက်နေ့တော့ ကျွန်တော့်ကို သခင်က သနားသွားလို့ထင်တယ်။ ထမင်း  လာကျွေးတယ်ဗျာ။      ကျွန်တော် ဝမ်းသာသွားတယ်။ သခင် က ကျွန်တော့်ကို ချစ်ပါသေးတယ်ဗျာ။  ဒါနဲ့ ကျွန်တော့်ခြေ      ထောက်တစ်ဖက်က ထောက်လို့  မရဘူးဗျာ။ နာနေတယ်။ ကျွန်တော်ခြံအပြင်ကို လှမ်းကြည့်လိုက် တယ်။ ကျွန်တော် အမေ နဲ့ ကျွန်တော့်မောင်နှမတွေကို လှမ်းမြင်နေရတယ်။ 
ငယ်ငယ်ကတော့ ချစ်စရာလေး  ဆိုပြီး သိပ်ချစ်ကြတာပေါ့။ ကျွန်တော် အရွယ်ရောက်လာတော့       ကျွန်တော့်မျိုးရိုးပုံစံ အတိုင်းပဲဖြစ်လာတာပေါ့။ သခင့်ဆီကို လာတဲ့ ဧည့်သည်တွေက လမ်းဘေးခွေး     ကြီး အိမ်ပေါ်တင်ထားလို့တဲ့ ပြောကြတယ်လေ။ ပထမတော့ သခင်က ကျွန်တော့်အပေါ်  မပြောင်းလဲပါဘူး။ သခင့်ကောင်မလေးက သခင့်ကို လက်ဆောင်ပေးတဲ့ နိုင်ငံခြားခွေးလေးရောက်လာပြီးမှ ပြောင်ဲးသွားတာ။ 
သူက ကျွန်တော့် အစာခွက်ထဲက အစာကို လာစားတယ်လေ။ ကျွန်တော်က အရင်ထဲက ရှိနေတဲ့ အစ်ကိုကြီး  ဆိုတော့ သူကို မလုပ်ရဘူးလု့ ဟောက်လိုက်တာ ကျွန်တော် အိမ်ထဲမှာနေခွင့် ဆုံးရှုံး     လိုက်ရတယ်လေ။ ဘာပဲဖြစ်ဖြစ် သခင့်  မျက်နှာကို မြင်နေရတော့ကျေနပ်ပါတယ်လေ။ ကျွန်တော့်   သခင်က ပြောင်းလဲသွားတော့ အိမ်မှာ  ရှိတဲ့ လူတွေကပါ ပြောင်းလဲသွားတယ်ဗျ။ 
အိမ်မှာ ထမင်းချက်တဲ့ ဒေါ်တုတ်ကြီး ဆို ကျွန်တော့်မြင်တာနဲ့ ရိုက်လွှတ်တယ်။ ကားမောင်းတဲ့ ဦး       လေးကြီး  ကလည်း ကျွန်တော့်ကို မြင်ရင်  ကန်တယ်ဗျာ။ သခင် ကလည်း မျက်နှာသာ မပေးဘူး။    ကျွန်တော်  အသားတွေ  နာတာထက် ဝမ်းနည်းတာက ပိုပါတယ်ဗျာ။ ကျွန်တော် လူတွေကို             ကြောက်လာတယ်ဗျာ။ ဒါကြောင့် ကျွန်တော် အိမ်က  လူတွေနားကို အရင်လို  မသွားတော့ဘူး။        ချောင်တစ်ခုခုမှာ အမြဲသွားနေတယ်။
အဲ့ဒီနေ့ ကျွန်တော် တစ်ကယ်နေလို့ မကောင်းဘူးဗျာ။ မနေ့က ဒေါ်တုတ်ကြီး ထမင်းအိုး ငှဲ့နေတုန်း   အစာ သွားတောင်လို့ ထမင်းရည်ပူနဲ့ ပက်လိုက်တာ ကျွန်တော့်ပေါင်ကို စင်သွားတယ်။ ပေါင်မှာ အပူ လောင်ထားတဲ့  အကွက်ကို လျှာနဲ့  လျက်ရင်း ခေါင်းထဲက  တစ်ဆစ်ဆစ်  ကိုက်နေတဲ့ဝေဒနာကို ခံစားနေရတယ်။ ကျွန်တော်ဖျားနေတယ်ဗျာ။ ဒေါ်တုတ်ကြီး ကျွန်တော့်ကို ထမင်းစားဖို့ခေါ်တယ်။ 
ကျွန်တော် အဲ့နေ့  တစ်နေ့ခင်းလုံး ကားအောက်က မထွက်ဘူး။ ညနေ ကျတော့ ကားမောင်းတဲ့      ဦးလေးကြီးက ကျွန်တော့်ကို ထွက်ဖို့ပြောတယ်။ ကျွန်တော် မထွက်ရဲဘူး၊ ကြောက်နေမိတယ်။ ဒေါ်တုတ်ကြီး လာခေါ်တယ်။ ကြောက်တယ်။ မထွက်ရဲဘူးဗျာ။ သူတို့ ကျွန်တော့်ကိုရိုက်ကြမှာ။ သခင်   ထွက်လာတယ်။ သူတို့က သခင့်ကိုပြောနေကြတယ်။ ကျွန်တော် ရူးတော့ မလားမသိဘူးတဲ့။            ကြောင်တောင်ေတာင်တွေ လုပ်ပြီး အမြီးကလည်း ကုပ်နေတယ်တဲ့။ အခုလည်း ကားအောက်မှာ ဝင်နေတာ ခေါ်လို့လည်းမရဘူးတဲ့။ သခင်က သူတို့ပြောတာကို နားထောင်ပြီးတော့
``သားရေ ထွက်လာပါကွာ၊ ဖေကြီး ရှိတယ် ။ မကြောက်နဲ့၊ လာ လာ´´
ကျွန်တော့်ကို သခင်က သား လို့မခေါ်တာ အတော်ကြာပြီဗျာ။ ကျွန်တော် ဝမ်းသာသွားတယ်။ သခင် က ကျွန်တော့် ကမ္ဘာလေ။ ကျွန်တော် သခင့်ကို မှ မယုံရင် ဘယ်သူ့ကို ယုံရမလဲ။ ကျွန်တော် သခင့်ကိုယုံတယ်။ ကျွန်တော် ထွက်လာပြီး သခင့်ဆီ သွားတယ်။ သခင်က ကျွန်တော့်ခေါင်းလေး ကို ပွတ်ပေးတယ်။ ပျော်တယ်ဗျာ။ အရမ်းပျော်တယ်။ အဲ့ဒီ့ အခိုက်  အတန့်လေးက ကျွန်တော့် အဖို့ နိဗ္ဗာန်ပဲ။ 
သခင်က ကားမောင်းတဲ့ဦးလေးကြီး ကို ကျွန်တော် သိပ်ကြိုက်တဲ့ ကြက်ကင် သွားဝယ်ခိုင်းပြီးကျွန်    တော့်ကိုကျွေးတယ်။ ငယ်ငယ်တုန်း က ကျွန်တော်ကိုကျွေးနေကျလေ။ ကျွေးတာမှ တစ်ကောင်လုံးကို ချကျွေးတာ။ ကျွန်တော် နေမကောင်းဘူး ဆိုတာ သိလို့ ကျွန်တော့်ကို သနားလို့ကျွေးတာနဲ့တူ တယ်။ စားပြီးတော့ ကျွန်တော့်ကိုကားပေါ်တင်တယ်။ ဆေးခန်း သွားပြပေးမို့လားမသိဘူး။
 ငယ်ငယ်တုန်းကဆို ဆေးခန်းမှာ ကာကွယ်ဆေး သွားထိုးရင် သခင့်ကား နဲ့သွားနေကြလေ။ အခု လည်းသွားမလို့ထင်ပါတယ်။  ကျွန်တော် သခင်နဲ့ အတူ ကားမစီးရတာကြာပြီ။ သခင့်ပေါင်ပေါ်မှာ    ကျွန်တော်က ခေါင်းလေးတင် လို့ သခင်က ကျွန်တော့်ခေါင်းလေးကို ပွတ်ပေးလို့ ၊ ပျော်ရပြန်ပီဗျာ။
တစ်နေရာရောက်တော့ သခင် က ကား တံခါးဖွင့်ပေးတယ်။ ဆင်းတဲ့၊ ကျွန်တော် သခင့် ကို ယုံတယ် လေဗျာ။ ဆင်းလိုက်တယ်။ ကျွန်တော်လည်း  ဆင်းပြီးရော ကားတံခါး ပိတ်ပြီး ကားမောင်းထွက်သွားတယ်။ သခင် ကျွန်တော် ကျန်ခဲ့တယ်လေ။ ကျွန်တော့်ကို သခင်မေ့ပြီးထားခဲ့တာ ထင်တယ်။ 
ကျွန်တော်  ကားနောက်ပြေးလိုက်တယ်။ သခင်ရေ ခဏရပ်ပါဦး။ ကျွန်တော်  ကျန်ခဲ့တယ်လေ။      ကျွန်တော် ပါးစပ်ကလည်းအော် ပြေးလည်းပြေးလိုက်၊ ကျွန်တော် မောလာတယ်။  မလိုက်န်ုင်တော့ဘူး။ သခင်ကမေ့သွားတာ ပြန်လာခေါ်မှာပါလေ ဆိုပြီး ကျွန်တော် ကားလမ်းဘေးမှာစောင့်နေတယ်။ ညလည်း အရမ်းမှောင်လာပြီး။ မိုးတွေလည်းခြိမ်းနေပြီ။ ကျွန်တော် ကြောက်တယ်ဗျာ။ ကျွန်တော်     အပြင်မှာ အဲ့လိုတစ်ခါမှ မနေဖူးဘူး။ 
ဟော ဟိုမှာ ဗလကောင်းကောင်း နဲ့ ခွေး တစ်အုပ်က ကျွန်တော့်ကို မြင်သွားတယ်။ သူတို့ပြေးလာကြတယ်။ ကျွန်တော့်ကို ထွက်သွား ဆိုပြီး ဝိုင်းကိုက်ကြတယ်။ ကျွန်တော် ပြန် မကိုက်နိုင်ဘူး။ ကျွန်တော် တစ်သက်လုံး သခင့် အရိပ်အောက်မှာနေလာတာ ရန်မဖြစ်ဖူးဘူး။ ကျွန်တော်ကြောက်လွန်းလို့ ခြေဦးတည့်ရာပြေးတယ်။ သူတို့ဝေးဝေးမှာကျန်ခဲ့တယ်။ ကျွန်တော်ဘယ်ကိုရောက်နေလည်းတောင် ကျွန်တော် မသိတော့ပါဘူးဗျာ။ ခြံတစ်ခြံတွေ့တယ်။ ကျွန်တော် ဝင်သွားပြီး အိမ်အောက်ထဲ ဝင်ပုန်းနေလိုက်တယ်။ 
ကျွန်တော့်ကို ထပ်တွေ့ရင် သူတို့ အသေကိုက်ကြမှာ။ ကျွန်တော်ကြောက်တယ်။ အိမ်အောက်က ရွံ့တွေကြားမှာ ကျွန်တော် ထိုင်လိုက်တယ်။ ကျွန်တော် မထွက်ရဲဘူး။ ကြောက်တယ်။ တော်သေးတယ် သခင်ကျွေးလိုက်တဲ့ အစာတွေကြောင့်ကျွန်တော် ဗိုက် မဆာဘူး။ ကျွန်တော် အဲ့ဒီအိမ်အောက်မှာ နေတာ ဘယ်နှစ်ရက်မှန်း မသိတော့ဘူး။ ဘယ်နှစ်ရက်မြောက်မှန် မသိတဲ့နေ့မှာ ကျွန်တော် ဘဗိုက် လည်း အရမ်းဆာလာတယ်။ ချမ်းလည်း အရမ်းချမ်းတယ်။ ကျွန်တော် တစ်ယောက်တည်း အရမ်းအားငယ်တာပဲဗျာ။ 
ကျွန်တော်ဆာလောင်တဲ့ဒဏ် ကို မခံနိုင်တော့ဘူး။ ဟင်းနံ့လေးမွှေးနေတာပဲဗျာ။ ဆာလောင်တဲ့ အရာက ကျွန်တော့်ကြောက်စိတ်ကို ဖုံးလွှမ်းသွားတယ်။ ကျွန်တော် အနံ့ခံရင်းနဲ့ အိမ်ပေါ်ရောက်သွားတယ်။ ဟင်းအိုးထဲမှာ ကြက်သားတွေ၊ ကျွန်တော် စိတ်မထိန်းနိုင်ဘူး နှိုက်စား လိုက်တယ်။ အဲ့ဒီ အချိန်မှာ အိမ်ရှင်ရောက်လာပြီး သူ့လက်ထဲက ဓားနဲ့ ကျွန်တော့်ကို ပစ်ပေါက်လိုက်တယ်။ 
ဓား က ကျွန်တော့်    ပေါင် မှာလာစိုက်တယ်။ နာတယ်ဗျာ။ ဒါပေမဲ့ ထပ်လုပ်မှာကြောက် လို့ ကျွန်တော်သွေးရူးသွေးတန်းပြေးတယ်။ သနားပါဗျာ၊ အရမ်း ဗိုက်ဆာလွန်းလို့ပါ။ ကျွန်တော်ပြေးရင်းနဲ့ ချောင်းတစ်ခုထဲ ခြေချော်ပြီး ကျတယ်ဗျာ။ ချောင်းက အတော် ကို ရေစီးသန်တယ်ဗျာ။ ကျွန်တော်ရေကူးတယ်။ ကမ်းဘက်ကို ကူးတယ်။ 
ကျွန်တော်ကူးလေ ကျွန်တော့်ပေါင်ကနာလေ။ ဆက်မကူးနိုင်တော့ဘူး။ ရေတွေ ကလည်း အရမ်းစီးတာပဲ။ ကျွန်တော် မောလာပြီး အသက်ရှုကြပ်လာပြီ။ အားတင်းပြီး ဆက်ကူးတယ်။ သခင်ကျွန်တော် ပျောက်လို့ရှာနေမှာ၊ ကျွန်တော်သေလို့ မဖြစ်ဘူး။ ကျွန်တော့် ခြေထောက်တွေ မလှုပ်နိုင်တော့ဘူး။ 
သခင်ရေ ကျွန်တော် သခင့်ကို သတိရလိုက်တာ။ နှာခေါင်းထဲကို ရေတွေ ဝင်လာတယ်။ သခင်ရေ.... ကျွန်တော် သခင်ကို ချစ်တယ်။ ကျွန်တော် ရင်ဘတ်ကြီး နာလာတယ်။ ကျွန်တော့် မျက်ခွံတွေလေးလံလာတယ်။ ကျွန်တော်အောက်လို့ တဖြည်းဖြည်းကျသွားတယ်။ 
သခင်ရေ ကျွန်တော် သခင်နဲ့အတူနေချင်တယ်။ ပြီးတော့ ကျွန်တော် လေဟာနယ်ထဲရောက်သွားသလို ခံစားလိုက်ရတယ်.......
ဟုတ်ကဲ့၊ ကျွန်တော် လမ်းဘေးမှာမွေးတဲ့ ဗမာခွေးလေးပါ။ သခင် ကို အသက်ထက်ဆုံး ချစ်တတ်ပါ တယ်။
No comments:
Post a Comment