17 August 2016

အမေရိကန် ဇနီးမောင်နှံ က Pokemon Go ဂိမ်းကြောင့် လူနေမှု ဘဝ ထိခိုက်မှုဖြင့် Nintendo ကို တရားစွဲ



အမေရိကန်နိုင်ငံ၊ ဒက်ထရိုက်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦး က မိမိတို့၏ အေးချမ်းသော လူနေမှု ဘဝ ကို Pokemon Go  ဂိမ်းက ထိခိုက် ပျက်စီးစေသည်  ဟု ဆိုကာ Nintendo ကုမ္ပဏီကို တရားစွဲဆို  ခဲ့ကြောင်း သိရသည်။
ဒက်ထရိုက် ရှိ စိန့်ချဲရှောစ် ရပ်ကွက်၊ ဝှာဘီ ပန်းခြံ အနီးတွင် နေထိုင်သည့် စကော့တ် ဒိုဒစ်ခ်ျနှင့် ဂျေမီဂေါ့တ်စ် ဒိုဒစ်ခ်ျ တို့က Pokemon သတ္တဝါလေးများ လက်တွေ့လောက တွင် အမှန်တစ်ကယ် ရှိနေသည့်ပုံစံ ဖန်တီး ထားသည့် စမတ်ဖုန်း ဂိမ်း ထွက်ပေါ်လာ ကတည်းက မိမိတို့၏ ပတ်ဝန်းကျင် တွင် မလိုလားဖွယ်    အပြောင်းအလဲ များ ဖြစ်လာသည်ဟု ဆိုသည်။
ဝှာဘီ ပန်းခြံ အနီး တွင် Nintendo က Pokemon Gym  တစ်ခုနှင့် Pokestop ၇ ခုကို သတ်မှတ် နေရာ   ချထားရာ Pokemon Go ဂိမ်း ကစားသူ အမြောက်အမြား ထိုနေရာသို့ ရောက်လာပြီး စည်စည်  ကားကား   ဖြစ်နေတတ်သည်။ ဒိုဒစ်ခ်ျ ဇနီးမောင်နှံ က ပတ်ဝန်းကျင်တွင် သူစိမ်း အမြောက်အမြား ရောက်ရှိနေခြင်းကို မနှစ်မြို့ကြချေ။
“ကိုယ်က ဖိတ်ခေါ်ထားတာ မဟုတ်တဲ့ ဧည့်သည်တွေ ကို ဘယ်သူမှ မလိုလားပါဘူး။ သူတို့ကို ဒီနေရာ မလာကြဖို့ သွားပြောတဲ့ အခါ ကိုယ်ပဲ ခြိမ်းခြောက်ကြိမ်းမောင်းတာ ခံလိုက်ရတယ်။ ဘယ်သူမှလည်း နား   မထောင်ဘူး။ အရေးလည်း  မစိုက်ဘူး။ လာချင်တဲ့  အချိန်လာပြီး ပြန်ချင်တဲ့ အချိန်မှ ပြန်သွားကြတာ”ဟု Nintendo ကုမ္ပဏီ ကို တရားစွဲဆို ထားသည့် ဇနီးမောင်နှံ က ဆိုသည်။
“အခုဆို ရပ်ကွက်ထဲမှာ ဘယ်သူမှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ဒါက လက်ခံစရာ ကိစ္စမျိုး မှ မဟုတ်တာ။ အဲဒီ ဂိမ်း ကစားတဲ့ လူတွေက မြက်ခင်းတွေ ကို တက်နင်းသွားတယ်။ ပတ်ဝန်းကျင် ကို ဖျက်လိုဖျက်ဆီး  လုပ်ချင်လုပ်တယ်။ သူများ ကားတွေထဲ ချောင်းကြည့်ချင် ကြည့်ကြသေးတယ်”ဟုလည်း ၎င်းတို့   က စွပ်စွဲ ပြောကြားခဲ့သည်။
အဆိုပါ ဇနီးမောင်နှံ က နစ်နာကြေး အဖြစ် ဂိမ်း အတွက် Nintendo ရရှိနေသည့် အမြတ်အစွန်းများ        အနက် ရာခိုင်နှုန်း အချို့  ကို ရယူလိုကြောင်း တောင်းဆို  ထားပြီး မိမိတို့ နေရပ်  အနီးမှာ Pokestop  နှင့် Pokemon Gym  များကို ဖယ်ရှားပေးရန်လည်း တရားရုံး  တွင် လျှောက်ထား အရေးဆိုထားသည်။


Pokemon Go  ကို Niantic ကုမ္ပဏီ  က အဓိက ရေးဆွဲသော်လည်း Pokemon ကုမ္ပဏီ  ကို Nintendo  က ၃၂ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ယခု  တရားစွဲဆိုမှု ကို Niantic အခြေစိုက်ရာ ကယ်လီဖိုးနီးယား မြောက်ပိုင်း ခရိုင်မှ တရားရုံး တွင် တင်သွင်းလျှောက်ထားခြင်းဟု သိရှိရသည်။

Ref: Daily Mail


No comments:

Post a Comment