10 August 2016
စီးပွားရေး လုပ်ငန်း များစွာ ကို အပြောင်းအလဲဖြစ်စေနိုင်မည့် Pokemon Go
၂၀၁၆ ခုနှစ် ရဲ့ဇူလိုင် လဆန်းပိုင်းမှာ စမတ်ဖုန်း အသုံးပြုသူတွေကို လှုပ်လှုပ် ရှားရှားဖြစ်သွားစေတဲ့ App
တစ်ခု ထွက်လာခဲ့ပါတယ်။ App တစ်ခု ဆိုတာထက် ဖုန်းဂိမ်း တစ်ခုလို့ ဆိုရင်ပိုမှန် မှာပါ။ အခြား အခြား    သောစမတ်ဖုန်းတွေမှာဆော့ကစားရတဲ့ ဂိမ်းတွေနဲ့ မတူတာ ကတော့ဖုန်း ရဲ့GPS နဲ့ ချိတ်ဆက် ထားတဲ့   ဂိမ်းတစ်ခုဖြစ်နေတာပါပဲ။
ဒါဟာ အများက စိတ်ဝင်တစ်စားဖြစ်လာတဲ့ Pokemon Go ဆိုတဲ့ ဂိမ်းတစ်ခုရဲ့ထူးခြားချက်ဖြစ်သလို ဒီလို GPS နဲ့ ချိတ်ဆက်ဆော့ကစား ရပြီး လူ အများရဲ့စိတ်ဝင်စားမှု ခံရခြင်း အပေါ်စောင့်ကြည့် အခွင့်ရေး ယူ      မယ့် နောက်လိုက် စွန့်ဦး တီထွင်သမားတွေကလည်း ဒုနဲ့ဒေးဖြစ်နေပါပြီ။
   ဖေ့စ်ဘွတ်ခ်၊ Instagram ၊ Snapchat၊ WhatsAPP စတဲ့ ထိပ်တန်းရောက် ဖုန်း APP တွေထက်တောင် Pokemon Go  ကို အချိန် ကြာကြာ  ပိုအသုံးပြုခြင်းခံရတယ်။ ဒါတွေဟာ Pokemon Goရဲ့ ရက်ပိုင်းအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေပါ။ နောက်ပိုင်း Pokemon Go ကစားလွန်းကြလို့ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေတောင် ရှိလာတယ်လို့ ဆိုကြပါတယ်။   
ဒီလို ရက်ပိုင်း အတွင်း အောင်မြင်မှု  အပေါင်း  သရဖူဆောင်းအောင် Pokemon Go ကို တီထွင်ဆန်းသစ်လိုက်သူက ဘယ်သူ များပါလဲ။ University of Texas ကနေ ဒီဂရီ  ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ University of California၊ Berkeley ကနေ MBA ဘွဲ့ရရှိခဲ့သူ John Hanke  ရဲ့နှစ် ၂၀ ကျော်   ကြိုးစား  အားထုတ်မှု ရဲ့ရလဒ်ဖန်တီးဆန်းသစ်မှုဖြစ်ပါတယ်။
  John Hanke ဆိုတာ အမေရိကန်နိုင်ငံသား  စွန့်ဦးတီထွင်သူ  တစ်ဦးဖြစ်ပြီး  လက်ရှိ အချိန်မှာ Pokemon Go ရဲ့ မိခင် ကုမ္ပဏီ Niantic Labs ရဲ့ဦးဆောင်သူပါ။ သူဟာ ၁၉၉၆ ခုနှစ် ကျောင်းသား ဘ၀မှာ ကတည်းက Meridan 59  ဆိုတဲ့ Multi- Player Online Game တစ်ခုကို တီထွင် ရေးဆွဲခဲ့ပြီး Maps နဲ့ပတ်သက်တဲ့  အလုပ်တွေ လုပ်ဆောင်နိုင်ဖို့ 3DO ကိုရောင်းချခဲ့ပါတယ်။ 
၂၀၀၀ ပြည့်နှစ် မှာတော့ Aerial Photo တွေကို မြေပုံ နဲ့ ချိတ်ဆက်  အသုံးပြုနိုင်တဲ့ နည်းပညာ Keyhole ကို  တီထွင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ ပထမဆုံးသော Online 3D Aerial Maps ဖြစ်ခဲ့ပါတယ်။ အဲဒီ Keyhole      နည်းပညာကို လက်ရှိနည်းပညာ  ကုမ္ပဏီကြီးဖြစ်တဲ့ Google Earth App  ပေါ်ထွက်လာခဲ့ပါတယ်။ 
John Hanke ဟာလည်း Google ရဲ့ Google Earth ၊ Google Maps ၊ Local ၊ StreetView ၊ Panoramio အစရှိတဲ့ ကမ္ဘာ့မြေပုံ အခြေ ပြု လုပ်ငန်းတွေ နဲ့ SketchUp လို 3D ပုံရိပ် အခြေပြု   လုပ်ငန်း ထုတ်လုပ်မှုတွေမှာ  ဒုတိယဥက္ကဋ္ဌ  အဖြစ်နှစ်အတန်ကြာ  ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
Google  နဲ့ အချိတ်အဆက် ရရှိခဲ့တဲ့ John Hanke  ဟာ Google ရဲ့ရင်းနှီး  ပံ့ပိုးမှုနဲ့  အတူ ပထမဆုံး Maps အခြေပြု Multi-Player Game  တစ်ခုဖြစ်တဲ့ Ingress  ကို ၂၀၁၂ ခုနှစ်မှာ  ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်  အတွင်း John နဲ့ Google ပူးပေါင်းပြီး Google Maps အပေါ်မှာ Pokemon အကောင်လေးတွေ  လိုက်ရှာရတဲ့ ဂိမ်း  တစ်ခုကို April Fool Joke အဖြစ်  စမ်းသပ်ဖြန့်ချိခဲ့ပြီး အောင်မြင်မှုလည်းအတော်လေးရရှိခဲ့ ပါတယ်။ 
၂၀၁၅-၂၀၁၆ ခုနှစ်တွေမှာတော့ John Hanke ဟာ အဆိုပါအောင်မြင်မှုကို  အခြေပြုပြီး Google  နဲ့ ကမ္ဘာကျော်ဂိမ်း ကုမ္ပဏီ  တစ်ခုဖြစ်ပြီး Pokemon Game  နဲ့အောင်မြင်မှု  ရရှိခဲ့ဖူးတဲ့ Nintendo တို့ရဲ့ ရင်းနှီးပံ့ပိုးမှုငွေ ဒေါ်လာ ၂၅ သန်း နဲ့ အတူ Pokemon Go  ကို အတည်ပြု  ဖန်တီးပြီး၂၀၁၆  ခုနှစ်၊  ဇူလိုင် ၆  ရက်မှာ စတင်ဖြန့်ချိနိုင်ခဲ့တာပါ။
ဒီနေရာမှာ  ဖြတ်ပြီးပြောလိုတာ  တစ်ခုက  Nintendo  ရဲ့    အစု ရှယ်ယာ  တန်ဖိုးဟာ Pokemon Go  ရဲ့အောင်မြင်မှုကြောင့်နေ့ချင်း ညချင်းဒေါ်လာ၁၂ ဘီလီယံ အထိ ခုန်တက်  သွားခဲ့သလို  အသားတင်  ၀င်ငွေ  အနေနဲ့လည်း  တစ်နေ့ကိုဒေါ်လာနှစ်သန်း  အထိရရှိနေခဲ့ပါပြီ။
ဖုန်းကို ဖွင့်၊ အင်တာနက်ချိတ်၊ GPS on ပြီး Pokemon Go  ဆိုတဲ့ App ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူ ပေါင်း ၆၅ သန်း  နဲ့ အတူ သင်ဟာ Pokemon ကောင်လေးတွေ  ကို လိုက်ရှာနိုင်ပါပြီ။ သင်ဖမ်းမိတဲ့ Pokemon ကလေးတွေ ကို လေ့ကျင့်ပေးရင်း အခြားသူတွေနဲ့ပြိုင်ပွဲ  ၀င်နိုင်ပါပြီ။ ဂိမ်း  ပုံစံက ရိုးစင်းပေမဲ့ လူအများရဲ့စိတ်အာရုံကို အထူး ဆွဲဆောင်နေတာကတော့ငြင်းပယ်လို့မရနိုင်ပါဘူး။
ဖုန်းကို ကိုင်ပြီး လမ်းလျှောက်ရမယ့် ပထမဆုံး ရေပန်းအစားဆုံး ဂိမ်းတစ်ခုပါ။ Pokemon Go ဟာ ဂိမ်းတွေကို ပြောင်းလဲစေခဲ့ပါပြီ။ ဒီလိုပြောလိုက်တာက ကမ္ဘာ့ Video Game လောကကြီး တစ်ခုလုံးကို မရည်ရွယ်ပါဘူး။ နောက်ဆုံး မှတ်ယူထားတဲ့ စာရင်းတွေ အရ ဆိုရင် ကမ္ဘာအနှံ့ လူပေါင်း ၆၅ သန်း ဟာ Pokemon Go ကို အသုံးပြုဆော့ကစားနေကြပါပြီ။ ဒါဟာလက်ရှိ အချိန်  မိုဘိုင်းဂိမ်းလောကမှာအောင်မြင်မှု အရှိဆုံး ဆိုတာမေးခွန်း ထုတ်ဖို့ကို မလိုတော့တာပါ။ 
ဖုန်း ရဲ့ GPS နဲ့  ကင်မရာကို  ဖွင့်ပြီး ကစားရတဲ့  အတွက် သင့်ဝန်းကျင် အစစ်အမှန် ကမ္ဘာမှာ ရှိနေသယောင် ထင်ရတဲ့ ပုံရိပ်ယောင် Pokemon ကို သင့်ဖုန်း ကင်မရာကနေ တစ်ဆင့် ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။သင့်တစ်ကယ့် ၀န်းကျင်နဲ့ Virtual World  ကို ချိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့  ပထမဆုံးဂိမ်းပါ။  ဆော့ကစားရခြင်းရဲ့နောက်ဆုံးရလဒ်ကတော့  ဖျော်ဖြေမှုဖြစ်ခြင်း နဲ့ ချစ်ခင်နှစ်သက်ဖွယ်ကောင်းခြင်းပဲဖြစ်ပါလိမ့်မယ်။
ရိုးရှင်းတဲ့  ဂိမ်းတစ်ခု  ရဲ့နောက်ဆက်တွဲ  အကျိုးဆက်တွေ ကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
Pokemon Go ရဲ့အကျိုးသက်ရောက်မှု ဟာ ယခုဖြစ်နေတဲ့  အတိုင်းတာ  ထက်တောင် ပိုမို   ကြီးမား  လာနိုင်သေးတယ်။ ပြီးခဲ့တဲ့  လအနည်းငယ် က Nintendo ရဲ့စတော့တွေ အဆမတန်ခုန် တက်သွားခြင်းထက်တောင် ပိုမိုကြီးကျယ်လာနိုင်ပါသေးတယ်။  
ဒီဂိမ်းကလေးဟာ  အွန်လိုင်း  စီးပွားရေး  လုပ်ငန်းတွေသာမကပဲ  လမ်းတွေပေါ်မှာ  ဖွင့်လှစ်ထားတဲ့  စတိုးဆိုင်တွေ  ၊ကော်ဖီဆိုင်တွေ၊  တစ်ခြား တစ်ခြားသော ကုမ္ပဏီတွေ  အစရှိတဲ့ Brick-and-Mortar စီးပွားရေး လုပ်ငန်းအတွက်ပါ အံ့အားသင့်ဖွယ်ရာ အခွင့်အလမ်းတွေကိုဖန်တီးပေးနေပါပြီ။
Pokemon Go ကစားတဲ့ သူတွေဟာ ဖုန်းဂိမ်း တစ်ခုထဲ မှာတင် Pokemon တွေကို လိုက်ဖမ်းနေရတာ မဟုတ်ပါဘူး။ ဂိမ်း ရဲ့သဘောတရား အရ Pokestops လို့ခေါ်တဲ့ Pokemon တွေကို ဖမ်းဆီးဖို့ Pokeballs  တွေနဲ့ တစ်ခြား အပိုဆောင်း ဆုတွေ  ရရှိနိုင်တဲ့နေရာတွေကို ကစားသူတွေ စုရုံးရောက်ရှိ လာစေပါတယ်။ အဲဒီ Pokestops တွေဟာ အပြင်ကမ္ဘာမှာ တစ်ကယ်ရှိနေတဲ့ နေရာဒေသ တွေပါ။ 
စာအုပ်ဆိုင်တွေ၊ ဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေ နဲ့ ပန်းချီကား အရောင်းပြခန်း စသဖြင့် နေရာအမျိုးမျိုးဖြစ်နိုင် ပြီး အဲဒီနေရာတွေကို Pokemon Go ကစားသူတွေ နဲ့ ခဏတာ အချိန် အတွင်း ပြည့်လျှံ   သွားအောင် Pokemon Go App  က  လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။ အပြင်ကမ္ဘာမှာ လုပ်ဆောင်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာ  ဒီလိုမျိုး  လူတွေကို မကြာခဏ  စုဖို့ဆိုတာလွယ်တဲ့ကိစ္စ တစ်ရပ် မဟုတ်တာသေချာလှပါတယ်။ 
Pokemon Go  ကစားသူတွေ အတွက် သော့ချက်နေရာတွေဟာ Pokemon Go ရဲ့မိခင် ကုမ္ပဏီ Ingress လို့ခေါ်တဲ့ Niantic ဆီက လာတာပါ။ ပြောချင်တာက Niantic ဟာ သူ့ရဲ့ကစားသမားတွေ ကို သူတို့ သွား  ခိုင်းလိုတဲ့နေရာကို  သွားခိုင်းလို့ရတယ်  ဆိုတာပါပဲ။ 
Pied Piper of Hamelin ပုံပြင်ထဲက ပလွေသံကြားရတဲ့ကြွက်တွေလိုမျိုးပေါ့။  ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဟာ  ဆိုရင် သူ့ရဲ့သားငယ် Pokemon Go ကစားတဲ့နောက်ကို လိုက်ခဲ့ပါတယ်တဲ့။ Pokemon ကောင်တွေ အများကြီး  မိပြီးတဲ့နောက်မှာတော့ သားငယ်နဲ့သူဟာသကြားလုံးဆိုင်ရှေ့ရောက်လို့နေပါပြီ။ ဒါနဲ့  သားငယ်ကို  သကြားလုံး ၀ယ်ကျွေးလိုက်ရပါတယ် လို့ ဆိုပါတယ်။
ယနေ့ စီးပွားရေး လုပ်ငန်းတွေ ရဲ့စီးဆင်းမှု  အရှိန်ဟာ မြန်ဆန်    လှပါတယ်။ Pokemon Go  ကလည်း   လျှော့ဈေးတွေ အခမဲ့ လက်ဆောင်တွေ နဲ့ ကစားသမားတွေကို ကမ်းလှမ်းနေပါပြီ။ သိပ်မကြာခင် အချိန်မှာပဲ စီးပွားရေး  လုပ်ငန်းတွေ  ကနေ နေရာဒေသ  အတွက် Pokemon Go ကို ငွေကြေးပေးရတော့မယ့် အလား အလာတွေကိုတွေ့မြင်နေကြရပါပြီ။ အမေရိကန်နိုင်ငံ ရှိ အိမ်ခြံမြေ ၀က်ဘ်ဆိုက်တစ်ခုက ဆိုရင် Pokemon Go ရဲ့အကျိုးသက်ရောက် မှုဟာ မြို့တစ်ချို့ရဲ့အနေအထားတွေ ကိုတောင် ပြောင်းလဲပစ်နေပါ တယ်လို့ဆိုပါတယ်။ 
အရင်အချိန်က လူထူထပ်မှု နည်းပါးတဲ့လမ်း တစ်ချို့ဆိုရင် Pokemon ရှာဖွေသူတွေနဲ့ ပြည့်လို့နေပါပြီ။ အများပြည်သူသုံး  လမ်းပန်း  ဆက်သွယ်ရေးတွေမှာလည်း Pokemon ရှာ ဖွေသူတွေများပြားနေပြီး ကိုယ်တိုင် ကားမောင်းနှင်နေသူတွေ အဖို့တော့ ကားမောင်းနေရင်း Pokemon  ရှာဖွေမယ်  ဆိုရင်ကြီးမားတဲ့  စွန့်စားမှုတစ်ခုဖြစ်မှာဖြစ်ပြီး အန္တရာယ်လည်း  အလွန်များလှပါ တယ်။ ဒါပေမဲ့ ဒါဟာလည်း ပေါ်ပြူလာဖြစ်နေပါသေးတယ်။
ဒါဟာ အင်တာနက် နဲ့ ချိတ်ဆက်ထားခြင်း မရှိတဲ့ အစစ် အမှန် ကမ္ဘာထဲက Brick-and-Mortar စီးပွားရေးလုပ်ငန်းတွေ  အတွက်တော့ အပြောင်းအလဲ တစ်ခု  ပါပဲ။      ဒီ  လုပ်ငန်းတွေ ဟာ  အွန်လိုင်းဈေးကွက်  တွေကြောင့် ယိုင်နဲ့နေခဲ့ရတာနှစ်ပေါက်နေပါပြီ။ Porkemon Go ဟာ သူတို့ အတွက် ကြီးကျယ်တဲ့ အခွင့် အလမ်းတစ်ခုပဲဖြစ်လို့နေပါတယ်။
ဂိမ်းတစ်ခုဟာ ဘယ်လောက်ပဲအောင်မြင်နေပါစေ  စီးပွားရေးခေတ်ရေစီးကြောင်းကြီး  တစ်ခုလုံးကို  အလုံးစုံပြောင်းလဲပစ်နိုင်တယ်လို့ ဆိုရင်တော့ အတိသယ၀ုတ္တိ အလင်္ကာ တစ်ခုဖြစ်နေမှာပါ။ ဒါပေမဲ့ရေပန်းစား တဲ့ဂိမ်းတစ်ခုဟာ စီးပွားရေးကမ္ဘာ  အတွက်ပြူတင်းပေါက်  အသစ်တွေကိုတော့ ဖွင့်လှစ်ပေးနိုင် စွမ်း ရှိတာတော့သေချာလှပါတယ် ။
အနာဂတ်ကိုမျှော်တွေးနေတတ်ကြတဲ့  စွန့်ဦး  တီထွင်စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်တော့ အခန်း တစ်ခုထဲမှာနေပြီး ပုံရိပ်ယောင် ကမ္ဘာထဲကလူတွေကို လမ်းမတွေ၊ ပန်းခြံတွေ၊ ဒါမှမဟုတ် မိမိတို့လိုချင်တဲ့နေရာဒေသတွေကို  ဆွဲထုတ်နိုင်စွမ်း  ရှိတဲ့ Pokemon Go ဟာ အလွန်အဖိုးတန်တဲ့ပြောင်းလဲ တိုးတက်မှု တစ်ခုဖြစ်ခဲ့ပါပြီ။
 ပြောကြစတမ်း ဆိုရင် Pokemon Go ဟာလူနေမှု  အဖွဲ့အစည်းတစ်ခုကိုပြောင်းလဲ ပစ်စေတဲ့ ပထမခြေလှမ်းတစ်ခုပါပဲ။ နောက်ထပ် မှန်ကန်တဲ့ App ဖန်တီးမှုတွေ နဲ့ လူတွေကို ဘယ်လောက် လှုပ်ရှားစေမလဲ၊  လုပ်ငန်းတွေကို ဘယ်လောက်  အကူအညီဖြစ်စေမလဲ  ဆိုတာကိုတော့စောင့်ကြည့်ကြရမှာပါ။ လှပပြီးမျှော်လင့်ချက် အသစ်နဲ့ အနာဂတ် ဟာ Pokemon Go နဲ့  စတင် လို့နေပြီပဲဖြစ်ပါတော့တယ်။
ရေးသူ- စည်သူ
Ref: Why Every Entrepreneur Should Care
About Nintendo's Pokemon Go
By Mike Montgomery, Forbes.co
(Myanmar B2B Management Magazine စက်တင်ဘာ  အထူးထုတ်တွင် ဖော်ပြပါရှိသည့်ဆောင်းပါး  ကိုဖော်ပြပါသည်။)
No comments:
Post a Comment