02 August 2016

ဘောလ်တစ် သင်္ဘောပျက် အတွင်းမှ ၁၇ ရာစု က ဒိန်ခဲကို တွေ့ရှိ

ဇူလိုင် ၂၆ ရက် က ဆွီဒင်နိုင်ငံတောင်ပိုင်း ကယ်မာပြတိုက် ၌ ကြွေအိုး အတွင်း ဒိန်ခဲ များကို တွေ့မြင်ရစဉ် (Photo: AFP)
 
ရေငုပ်သမားများ က ဘောလ်တစ် ပင်လယ်ကြမ်းပြင်တွင် ၁၇ ရာစု က ဆွီဒင် သင်္ဘောပျက် တစ်စင်းကို ရှာဖွေခဲ့ရာ ဒိန်ခဲများ တွေ့ရှိခဲ့ကြောင်း သိရသည်။ 
 
ဆွီဒင် ကမ်းရိုးတန်း ကမ်းလွန်တွင် ၁၆၇၆ ခုနှစ်က နစ်မြုပ်သွားခဲ့သော ခရိုနန်အမည်ရှိ ရှေးဟောင်း သစ်သားသင်္ဘောကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ၌ မျှော်လင့်ထားသကဲ့သို့ စိန်တုံးများ တွေ့ရှိခြင်းမရှိဘဲ ဒိန်ခဲများကိုသာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ရေလုံသော အိုးအတွင်း တစ်စိတ် တစ်ပိုင်း ခဲနေသေးသည့် သက်တမ်း နှစ်ပေါင်း ၃၄၀ ရှိ တဆေးနံ့ ထွက်နေသော နို့ထွက် ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် လားအီနာဆင် က ပြောကြားခဲ့သည်။
 
“တစ်ခြားအရာတွေ နဲ့ မတူဘဲ သူ့အနံ့ က တစ်ကယ်ကို နှစ်သက်စရာပါ”ဟု လားအီနာဆင် က ဆိုသည်။ မထင်မှတ်ဘဲ တွေ့ရှိခဲ့သည့် ယင်း အရာများကို စမ်းသပ်မှုများ ပြုလုပ်ရန် ဆွီဒင်စိုက်ပျိုးရေး သိပ္ပံတက္ကသိုလ် သို့ ပို့ခဲ့သည်။
 
ခရိုနန်သင်္ဘော သည် ဒိန်းမတ်-ဒတ်ခ်ျ ရေတပ် သင်္ဘောစုနှင့် တိုက်ပွဲဖြစ်ပွားစဉ် အတွင်း ၁၆၇၆ ခုနှစ် ဇွန် ၁ ရက်တွင် အိုလန်းကျွန်း ကမ်းလွန်၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
 
အရာရှိများ ရန်ဖြစ်နေကြခြင်းနှင့် ရွက်များ များ လွန်းခြင်းတို့ကြောင့် သင်္ဘောနစ်မြုပ်သွားပြီး ပေါက်ကွဲ သွားခဲ့သည်။ သင်္ဘောပေါ်၌ ပါရှိလာသည့် လူပေါင်း ၈၀၀ အနက် ၄၀ ခန့်သာ အသက်ရှင်ခဲ့သည်။
 
သင်္ဘောပျက် ကို ၁၉၈၀ ပြည့်နှစ်တွင် အပျော်တမ်း ရေကြောင်းဆိုင်ရာ ရှေးဟောင်း သုတေသနပြုသူ အန်းဒါးဖရန်ဇင် က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူသည် ယင်းမတိုင် မီ ၂၄ နှစ် ကလည်း ၁၆၂၈ ခုနှစ်တွင် စတော့ဟုမ်း ဆိပ်ကမ်း၌ ပထမဆုံး ခုတ်မောင်းစဉ် နစ်မြုပ် သွားခဲ့သည့် စစ်သင်္ဘောဗက်ဆာ ကို တွေ့ရှိ ခဲ့သူ လည်း ဖြစ်သည်။
 
ဗက်ဆာ သင်္ဘောမှ သစ်သား များကို ပြန်လည် ဆယ်ယူပြီး စတော့ဟုမ်းရေကြောင်းပြတိုက်တွင် ပြန်လည် တည်ဆောက်ပြသ ထားရာ ယင်းသည် ဆွီဒင်နိုင်ငံ ၏ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။  
 
Writer: 
Ref: AFP
http://news-eleven.com/international/23093
 
 

No comments:

Post a Comment