14 October 2017

ဆိုးရော့စ် (သို့မဟုတ်) အမွှေးရှည် လက်မည်းကြီး



George Soros ဟုဆိုလျှင် မသိသူ အတော် ရှားမည်ဟု ဆိုရလိမ့်မည် ။ စီးပွားရေးလောက တွင်သာမက နိုင်ငံများစွာ ၏ နိုင်ငံရေးလောကတွင်ပါ သတင်းဆိုးဖြင့် ကျော်ကြားခဲ့သူဖြစ်၏ ။ အမေရိကန် ၏ လက်ရှိ သမ္မတ Donald Trump သည် ဆိုးရော့စ် ကို အပြီးတိုင် ချေမှုန်းပစ်မည့်သူ၊ နိုင်ငံတော်၏ ရန်သူ "The Enemy of the State" ဟု ကင်ပွန်းတပ်ခဲ့ပြီး ဆိုးရော့စ် နဲ့ ပတ်သက်သည့် ရာဇဝတ်မှု မကင်းသည့် လုပ်ရပ်များကို စတင်ဖော်ထုတ်နေသည်။ ရုရှားသမ္မတ ပူတင် ကလည်း “ အသေရရ-အရှင်ရရ ” (Dead or alive) ဟု ရာဇသံ ထုတ်ခံနေရသူဖြစ်၏။

အဘယ်ကြောင့် ဆိုးရော့စ် အနေဖြင့် ဤမျှလောက် ပစ်မှတ်ဖြစ်လာခဲ့ရသနည်း ...  ?

ဆိုးရော့စ် ဆိုတာ

အသက် (၈၇) နှစ် ရှိပြီဖြစ်သော ဆိုးရော့စ် ကို ဘူဒါပတ် (ဟန်ဂေရီ) တွင် ၁၉၃ဝ ၌ မွေးဖွား ခဲ့သည်၊ ဂျာမန်နာဇီလက်အောက်တွင် ကြီးပြင်းခဲ့ရသော ဆိုးရော့စ် ၏ ဖခင်မှာ ရှေ့နေ တစ်ဦးဖြစ်ပြီး ၊ ပထမ ကမ္ဘာစစ် အတွင်း စစ်သုံ့ပန်းဖြစ်ခဲ့သည်။

ကမ္ဘာစစ်အပြီး ဂျူး ဆန့်ကျင်ရေးတွင် ဖခင်ဖြစ်သူက “ ဂျာမန်-ဂျူး ” အမည်ဖြစ်သော Schwartz မှ ဟန်ဂေရီအမည်ဖြစ်သော Soros အဖြစ် ပြောင်းလဲခဲ့ရာမှ သားဖြစ်သူက George Soros ဟူ၍ ဖြစ်လာခဲ့သည် ။ ဆိုးရော့စ် သည် ဂျူး လူမျိုးတစ်ဦး ဖြစ်ပါသော်လည်း အစ္စရေးထက် သူမွေးဖွားခဲ့ရာ ဟန်ဂေရီနိုင်ငံ အပေါ်မှာသာ သစ္စာရှိသူဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် အင်၈ျမင်နေတန်ယာ က မှတ်ချက် ပြုဖူးခဲ့သည် ။ (မွေးဖွားကြီးပြင်းခဲ့ရာနိုင်ငံအပေါ် သစ္စာစောင့်သိခဲ့ခြင်းကို အတုယူနိုင်ဖွယ်ရာ ဖြစ်သည်။)

ဆိုးရော့စ် ၏ ငယ်ဘဝမှာ ရုန်းကန်ခဲ့ရ၏။ သို့သော်လည်း (၁၇) နှစ်သား အရွယ် (၁၉၄၇) တွင် အင်္ဂလန်သို့ပြောင်းရွှေ့ခဲ့ရပြီး Landon School of Economics တွင် စီးပွားရေး ပညာ တက်ရောက် သင်ကြားခွင့်ရ ခဲ့ခြင်းသည် တစ်ချိန်တွင် Bank of England ကျဆုံးဖို့ ဖြစ်လာခဲ့သည်။ အင်္ဂလိပ် တို့၏ ပညာကိုသင်ခဲ့သော ဆိုးရော့စ် သည် အင်္ဂလိပ်တို့ ကို ကောင်းစွာ ကျေးဇူးဆပ်ခဲ့၏။

၁၉၉၂ ခုနှစ်တွင် Black Wednesday ဟူ၍ အင်္ဂလန်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ ဆိုးရော့စ် ၏ငွေကြေး ကစားမှုကြောင့် နှစ်ပေါင်း (၁၅ဝ) ခန့်မျှ သက်တမ်း ရှည်ခဲ့သော Bank of England သည် တစ်ပတ်အတွင်း ပြိုလဲသွားခဲ့သောကြာင့် ဖြစ်သည်။ လန်ဒန် ၏ ငွေကြေးဈေးကွက် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရပြီး ၊ ဥရောပငွေကြေးဈေးကွက်မှ နုတ်ထွက်လိုက်ရတော့သည် ။ ဆိုးရော့စ် က ဒေါ်လာ (၁) ဘီလီယံ အမြတ်ထွက်ခဲ့ သည် ။

ယခုအခါ ဆိုးရော့စ် သည် ကမ္ဘာနိုင်ငံရေး အတော်များများတွင် ပါဝင် ပတ်သက်နေသည်၊ နိုင်ငံ များစွာကို 
ဒုက္ခပေးခဲ့၏ ။ နောက်ဆုံး အမေရိကန်နိုင်ငံရေးကိုပင် သူလိုရာ ပုံသွင်းနိုင်ရေး ကြိုးစား ခဲ့၏။ သို့သော်လည်း အမေရိကန်နိုင်ငံရေး၊ စီးပွားရေးကို ချုပ်ကိုင်ထားသော ဂျူး အုပ်စုကိုတော့ မကျော် နိုင်ခဲ့ ။

အမေရိကန်သမ္မတ ဘုရှ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ကို အားပေးခဲ့မှုတွင် တစ်ကြိမ်၊ ၂ဝ၁၆-ရွေးကောက်ပွဲတွင် ထရမ့် ၏ ပြိုင်ဘက် ဟီလာရီ ဘက်မှ ကြီးကြီးမားမား ပံ့ပိုးမှုတွင် တစ်ကြိမ် ၊ ဆိုးရော့စ် ကျဆုံးခဲ့သည်၊ နိုင်ငံငယ်များကို သွန်လိုသွန်၊ မှောက်လိုမှောက်ခဲ့သော ဆိုးရော့စ် သည် အမေရိကန် နိုင်ငံရေးတွင် တောင်ဖြိုရန် ကြံခဲ့ပါသော်လည်း ခါချဉ်ကောင် ခါးမသန်ခဲ့၊ သူ့ထက်စွမ်းသော သူများကို မကျော်လွှားနိုင်ခဲ့ချေ။

နိုင်ငံငယ်များ နောက်က အမွှေးရှည် လက်မည်းကြီး

နိုင်ငံငယ် များ၏ နိုင်ငံရေး ဇာတ်ညွှန်းကို ပူးတွဲရေးသားသူမှာ ဆိုးရော့စ် ဖြစ်၏ ။ သမ္ဘာရင့်{သရဲလွန်} သ
ဘက် အဆင့်ဖြစ်သဖြင့် ထို လက်မည်းကြီးမှာ အမွှေးအတော်ရှည်၏ ။ အာရှနိုင်ငံများကို အတော် ဒုက္ခပေးသွားခဲ့ရုံသာမက ယူကရိန်းနိုင်ငံရေးတွေမှာပင် ပါဝင် ပတ်သက်ခဲ့သူ ဖြစ်သဖြင့် ပူတင်နှင့် ထိပ်တိုက် တိုးခဲ့သည် ။ ပူတင်က ဆိုးရော့စ်ကို နိုင်ငံ၏ ရန်သူ၊ "The Enemy of State" ဟု ကင်ပွန်းတပ်ပြီး၊ ထရမ့်-ဟီလာရီပြိုင်ပွဲတွင် တစ်ကြိမ်ထပ် တွေ့ကြလိုက်သေးသည် ။

အမှန်တစ်ကယ် ဆိုရလျှင် ဆိုးရော့စ် သည် နိုင်ငံများ၏ ရန်သူ "Enemy of States" ဖြစ်ပါ၏ ။ ဆိုးရော့စ်ကြောင့် ဒုက္ခရောက်သွားကြသည့် နိုင်ငံများ မနည်းပါးတော့ချေ။


မြန်မာနိုင်ငံရေးတွင်လည်း ဆိုးရော့စ် ပါဝင်ခဲ့၏။ တာဝန်တစ်ရပ် အနေဖြင့် မိမိနှင့် ဦးကိုကိုလှိုင် တို့ ဆိုးရော့စ် ကို (၂ ) ကြိမ် တွေ့ခဲ့ရဖူးသည်။ နေပြည်တော် ဟိုတယ်တစ်လုံးမှာ ဖြစ်သည်၊ အသက် ရလာ၍ သွားလာ၊ ပြောဆိုမှု လေးလံသော်လည်း သူ့မျက်လုံးများက သူ့ အကြံအစည်များကို ထင်ဟပ်စေသည်၊ မိမိတို့နှင့် မတွေ့ဆုံမီမှာထဲကပင် ဆိုးရော့စ်သည် မြန်မာ့နိုင်ငံရေးတွင် အဖွဲ့အစည်း များစွာကို ထောက်ပံ့ ထားပြီး ၊ လူမွေး၊ လူစုထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် INGO အတော်များများက မိမိတို့ကျရာ ဇာတ်ကွက်ကို ကပြနေကြသည်၊ နိုင်ငံတော်တော်များများမှ ထောက်လှမ်းရေးများ ခြေချင်းလိမ်နေကြ၏ ။ အဓိက ဇာတ်ဆောင်များမှာ CIA, MI5, ဆိုးရော့စ် ၊ တရုတ်တို့ ဖြစ်သည်ဟု ဆိုလျှင် မမှားချေ ။ ထိုင်ဝမ်ထောက်လှမ်းရေး ကလည်း အားမသေးလှ၊ ယခု ပါကစ္စတန်ထောက်လှမ်းရေး၊ ပို၍ အားကောင်းလာဖွယ်ရာ ရှိသည် ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ရလဒ်သည် INGO များ၏ အထောက်အပံ့ ကြီးကြီး မားမားဖြင့် လက်ရှိ ရလဒ်ကိုဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံရေး {အချုပ်ခံ} လိုက်ရသည်ဟုသာ ရေးရပါလိမ့်မည်။ မည်မျှ ဆက်လက်၍ အချုပ်ခံရဦးမည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပုခုံးပေါ်က တာဝန်သာ ဖြစ်သည်။

အာရှ စီးပွားပျက်နောက်က လက်မဲကြီး

၁၉၉၇ တွင် ထိုင်းနိုင်ငံမှ စလိုက်သော Asia monetary crisis ဖြစ်ခဲ့၏။ အတော် အထိနာ ခဲ့ကြသည် ။ 
ထိုင်းငွေ တန်ဖိုး (၆ဝ)%၊ အင်ဒိုနီးရှား (၄၇)%၊ ဖိလစ်ပိုင်(၃၄)% ကျဆင်းကုန်သည်။ IMF, World Bank တို့ ဆင်းလာရသည့် အထိ ဖြစ်ခဲ့သည်။ မလေးရှားက စည်းကမ်း တင်းကျပ်လွန်းသည် ဟု ဆိုကာ အကူ အညီမယူခဲ့၊ ဆိုရော့စ်ကြောင့် ဖြစ်ပွားရသည်ဟု ဝန်ကြီးချုပ် မဟာဆီယာ က ထုတ်ပြောခဲ့သည် ။ အထိနာသွားသော ထိုင်း က ဆိုးရော့စ် ကို Economic War Criminal ဟူသော ရာဇဝတ်မှုမြောက်သော စီးပွားရေးစစ်ဟု ကင်ပွန်းတပ်ခဲ့ပြီး၊ တရားခံမှာ ဆိုးရော့စ် ဟု အပြစ်တင်ခဲ့သည် ။

၁၉၉၇ သည် မြန်မာနိုင်ငံ အာဆီယံ ဝင်သည့်နှစ်ဖြစ်၏ ။ ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မက်ဒရင်းအောဘရိုက် က မြန်မာနိုင်ငံ အာဆီယံ မဝင်နိုင်ရေး တာဆီးခဲ့သည် ။ မြန်မာကို အာဆီယံ အင်အားမရစေ လိုသည့် သဘောဖြစ်၏ ။ အာဆီယံ၏ သဘောထားက ထိုသို့မဟုတ်၊ မြန်မာတို့ အာဆီယံ အဖွဲ့ဝင်အဖြစ် လက်ခံပြီး နားချလိုသည့် အမြင်ရှိရာ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည် ။

မြန်မာ အာဆီယံအဖွဲ့ဝင် အဖြစ် တားမရတော့သောအခါ မက်ဒရင်းအောဘရိုက် ပြောခဲ့သော စကားကို သတိထားရန် မိမိထုတ်ဖော်ရေးသားခဲ့ဖူးပါသည်၊ မက်ဒရင်းအောဘရိုက် က …
“ အမေရိကန် အနေနဲ့ မြန်မာ အာဆီယံဝင်ရေးကို စိတ်မဝင်စားတော့ပါဘူး ၊ အခြားဖြစ်နိုင်တဲ့ နည်းလမ်းတွေ ဘက်စဉ်းစားကြတာပေါ့ ” …
........ ဟူသော အဓိပ္ပါယ်ပါ စကားပြောခဲ့သည်။ ကြာပြီဖြစ်၍ အတိအကျ မမှတ်မိတော့ ၊ ဤ စကား၏ အဓိပ္ပါယ် မှာ နိုင်ငံအတွက် တစ်စုံတစ်ရာ အန္တရာယ်ရှိနိုင်သည်ဟု ယူဆ၍ မိမိမှ သတိပေးရေးခဲ့ခြင်းဖြစ်ပါ၏။

များမကြာမီ အာရှ စီးပွားရေးကပ် ဖြစ်ခဲ့၏။ IMF, World Bank တို့မှ တစ်နိုင်ငံခြင်းကို အကူအညီ ပေးသွားခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် Sanction ရှိနေသည်ဖြစ်ရာ …နောက်ဆုံး မြန်မာနိုင်ငံ သာ ကျန်ရစ်တော့ သည် ။ တိုက်ဆိုင်မှုလား၊ အစီအစဉ်အရလား …သက်ဆိုင်သူများသာ သိကြပါလိမ့်မည်။ 

ထိုစဉ်က တာဝန်ရှိသူ တစ်ချို့မှ မိမိ၏ သုံးသပ်ချက်ကို တောင်းခံခဲ့ရာ …ကမ္ဘာ့ငွေကြေး အဖွဲ့အစည်း များမှ တစ်နိုင်ငံခြင်း ဝင်ကူပေးလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံး မြန်မာနိုင်ငံသာ ကျန်ခဲ့ပါလိမ့်မည် ဟု သုံးသပ်ချက် ပေးခဲ့ပါသည်။

ဆိုးရော့စ် သည် လွန်ခဲ့သော နှစ်ပေါင်း (၂ဝ) ကျော် မတိုင်မီ ကပင် နိုင်ငံများစွာ၏ အနာ၈တ်ကို ဇာတ်ညွှန်း ရေးသားသူ ဖြစ်ပါ၏။

ယခုတိုင် ဆိုးရော့စ် ထောက်ပံ့ဆဲ အဖွဲ့အစည်း အတော်များများ မြန်မာနိုင်ငံထဲ၌ ရှိနေပါ၏။ နောက်ပိုင်းတွင် ဆိုးရော့စ် သည် OIC နိုင်ငံများနှင့်ပင် အဆက်အစပ် ကြီးကြီးမားမား ရှိလာခဲ့သည်။ OIC ထောက်ပံ့ငွေ အချို့သည် အခြေခံ အဆောက်အဦးတည်ဆောက်ပြီးဖြစ်သည့် ဆိုးရော့စ်မှ တစ်ဆင့် ဝင်လာခဲ့ သည်။

OIC နိုင်ငံများနှင့် ဆိုးရော့စ် မည်မျှ အဆက်အစပ် ရှိခဲ့သည်ကို မလေးရှားဝန်ကြီးချုပ် မဟာသီယာ ၏ အပြောင်း အလဲကို လေ့လာခြင်းဖြင့် သိနိုင်ပါသည်။

၁၉၉၇ အာရှ စီးပွားရေးကာလတွင် မဟာသီယာသည် ဆိုးရော့စ် ကို ရန်သူ တစ်ဦးမျှ အလား ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့၏ ။ သို့သော်လည်း (၂ဝဝ၆) ခုနှစ်တွင် မဟာသီယာနှင့် ဆိုးရော့စ် ပြန်တွေ့ကြရာ၌ (၁၉၉၇) ဖြစ်ရပ်တွင် ဆိုးရော့စ် ၌ တာဝန်မရှိပါဟု ပြန်၍ပြင်ဆင်ပြောကြားခဲ့ပါ၏၊ သို့သော်လည်း ထရမ့်၊ ပူတင် တို့ကမူ ဆိုးရော့စ် ကို နိုင်ငံ၏ ရန်သူအဖြစ် သတ်မှတ်ပြီး ဆိုးရော့စ် ၏ အခြေခံ အဆောက်အဦးများကို ဖြိုချရန် ဆက်လက်ကြိုးပမ်းနေကြသည်။

လက်မည်းကြီး ဝင်ခဲ့သော နေရာတစ်ချို့

Soros ၏ ပထမ ငွေကြေး အဖွဲ့အစည်းမှာ Double Eagle Hedge ဖြစ်သည်၊ နောက်ပိုင်း Quantum Fund အဖြစ် တည်ထောင်၍ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အင်နှင့် အားနှင့် ဝင်ကစားခဲ့သည်၊ ဆိုးရော့စ်၏နိုင်ငံများစွာတွင် အခြေခံ အဆောက်အဦးအဖြစ် မျက်နှာစာ တင်ခဲ့သော OSF- Open Society Foundation သည် ကျော်စော၏။ ထိုမှတစ်ဆင့် ငွေကြေးထောက်ပံ့ခြင်း၊ လူသူစုရုံးခြင်း၊ ဖြန့်ကျက် နိုင်ငံရေးစစ်ဆင်ခြင်းများ ကိုဆောင်ရွက်သည် ။

ကိုဆိုဗို သည် ဆိုးရော့စ် ဝင်ခဲ့သော နေရာထဲမှ တစ်ခု ဖြစ်ပြီး၊ မြန်မာတို့ ကိုဆိုဗို ကဲ့သို့ ဖြစ်လာ နိုင်သည်ဟု သတိပေးကြခြင်းမှာ အကြောင်းမဲ့မဟုတ်၊ ကိုဆိုဗိုဒေသသည် အယ်မေးနီးယားမှ ဝင်ရောက် လာခဲ့သော မူစ္စလင်များ တစ်စ တစ်စ များပြားလာခဲ့ပြီး ဒေသခံ ခရစ်ယာန် တို့ထက် အင်အားကောင်းလာခဲ့ သည် ။ 

ထိုမှတစ်ဆင့် မူဆလင် အများစုက ကိုဆိုဗို ကို လွတ်လပ်ရေးတောင်းတော့သည်၊ လွတ်လပ်ရေး ကြေညာ လိုက်သည်။ ဆာဗီးယားက လူနည်းစု ကိုဆိုဗို ၏ မူလ တိုင်းရင်းသားဘက်မှ ဝင်တိုက်ပေးရင်း … နာမည် ကျော် ကိုဆိုဗို စစ်ပွဲ ဖြစ်ပွားလာခဲ့၏ ။ ထိုအရေးအခင်းတွင် အယ်မေးနီးယားနွယ်ဖွား မူစလင်များ ဘက်မှ အကူအညီပေးခဲ့သည်။ နေတိုး ကလည်း အယ်မေးနီးယား မူစလင်ဘက်မှ ရပ်တည် တိုက်ခိုက်ပေးခဲ့သည်။

ဆိုးရော့စ် က …
“ ကိုဆိုဗို ကို လွတ်လပ်ရေးပေးပါ ။ အဲဒီနည်းလမ်းက လွဲလို့ တစ်ခြားမရှိတော့ပါဘူး ” …
......... ဟု ဆိုခဲ့သည်။ ယူဂိုဆလားဗီးယား မှ ကိုဆိုဗိုသည် စစ်ပွဲမှတစ်ဆင့် လွတ်လပ်ရေး ရကာ ကွဲထွက်ရတော့၏။

မြန်မာနိုင်ငံ ရခိုင်ဒေသ၏ အချို့နေရာများတွင် အစ္စလမ်ဘာသာဝင် အများစုဖြစ်၏။ မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု (၂) ကြိမ် ဖြစ်ခဲ့သည် ၊ (၂ဝ၁၆) တွင် တစ်ကြိမ်ဖြစ်ပြီး ၊ (၂ဝ၁၇) ဩဂုတ်လ တွင် ဖြစ် ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် နောက်မှ လက်မည်းကြီးမှာ ဆိုးရော့စ် ဟု ဆိုကြသူတွေ ကလည်း ဆိုလာကြသည် ။ နိုင်ငံတစ်ကာ ဖိအားကို အစိုးရ ကြီးမားစွာ ခံလိုက်ရ၏။ အကြမ်းဖက် ARSA သည် ပါကစ္စတန် ထောက်လှမ်းရေး၊ နိုင်ငံတစ်ကာ အကြမ်းဖက် 'IS', OIC နိုင်ငံများနှင့် အဆက်အစပ် ရှိသည် ဟူသော စဉ်းစားချက်များ ထွက်လာခဲ့သည် ။

မောင်တောနှင့် အနီးတစ်ဝိုက် အစ္စလမ် ဘာသာဝင်ကြီးစိုးရာကို ကိုဆိုဗို ကဲ့သို့ များမကြာမီ ကာလတွင် ခွဲထွက်ခွင့်တောင်းပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းလိမ့်မည် ဟူသော သတိပေးသံများ အတော် ကျယ်ကျယ် ပြ
န့်ပြန့် ထွက်လာခဲ့ပါသည် ။

နောက် ထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ ပူတင်နှင့် ဆိုးရော့စ် ထိပ်တိုက်တွေ့ခဲ့သော ခရိုင်းမီးယား ပဋိပက္ခဖြစ်သည်။ စစ်အေးလွန်တွင် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် ယူကရိန်း ဟူ၍ ဖြစ်လာသည် ။ ခရိုင်းမီးယား သည် ယူကရိန်းနှင့် ဆက်စပ်လျှက်ရှိပြီး ရုရှား ၏ ရေတပ်စခန်းရှိရာ အရေးကြီးသော နေရာ တစ်ခုဖြစ်သည် ။

ယူကရိန်းတွင် CIA နှင့် ဆိုးရော့စ် ၏ OSF တို့က စိမ့်ဝင် တည်ဆောက်ခဲ့ပြီး၊ အမေရိကန် လိုလားသော 
အဖွဲ့က အားကောင်းလာခဲ့သည် ။ ဆိုးရော့စ် ကို ရုရှား ဆန့်ကျင်ရေးသမားဟု သိထားကြသည် ။ ယူကရိန်းတွင် အမေရိကန်ဩဇာ လွှမ်းမိုးခံလိုက်ရပါက ရုရှားသည် အနီးကပ် ခြိမ်းခြောက်မှုကို ခံရမည် ဖြစ်ရာ ခရိုင်းမီးယားကို ရုရှားက စစ်ရေးဖြင့် ဝင်ရောက်သိမ်းပိုက်ပြီး၊ လွှတ်တော်မှတစ်ဆင့် မဲခွဲကာ ရုရှား နယ်မြေအဖြစ် သိမ်းပိုက်လိုက်ရတော့၏။

ဤပြဿနာများ၏ အရင်းခံမှာ CIA နှင့် ဆိုးရော့စ် ၏ လက်ချက်ဖြစ်ခဲ့ရာ …ဆိုးရော့စ်ကို ပူတင် က နိုင်ငံ၏ ရန်သူ The Enemy of State ဟု သတ်မှတ်ပြီး၊ အသေရရ-အရှင်ရရဟု ထုတ်ပြန်ခဲ့ရ သည်အထိ ပွဲကြမ်းခဲ့ပါတော့၏။

မြန်မာနိုင်ငံ ကိုဆိုဗို လိုဖြစ်နိုင်သလား .. ?

ဖြစ်နိုင်ချေ အလွန်များသည်ဟု ဆိုရပါလိမ့်မည် ။ ရခိုင်ဒေသထဲမှ မောင်တောသည် အချိန်မရွေး ကိုဆိုဗိုဖြစ်သွားနိုင်ခွင့် လက္ခဏာများ ရှိနေပါ၏ ။ (၂ဝ၁၆) (၂ဝ၁၇) အကြမ်းဖက် တိုက်ခိုက်မှု သည် ပထမအဆင့် နိုင်ငံတစ်ကာ အသိအမှတ်ပြုခံ၊ မျက်ရည်ခံထိုးပွဲဖြစ်ပါ၏ ။ မီဒီယာများကို ငွေကြေးဖြင့် ချုပ်ကိုင်ထားသည်ဖြစ်ရာ ARSA ၏ အကြမ်းဖက် လုပ်ရပ်များ ကွယ်ပျောက်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက် ဘင်္ဂါလီများ ထွက်ပြေးခြင်း ကသာ နိုင်ငံတစ်ကာ သတင်းမီဒီယာများတွင် ပေါ်လွင်ခဲ့ပါ၏။

နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင် တစ်ဆင့် တိုးတက်လာပြီး ခွဲထွက်မှု တောင်းလာနိုင်ပါသည် ။ များစွာ 
သတိကြီးကြီးထားရမည့် ပြဿနာဖြစ်ပါ၏။

ဤပြဿနာပေါ် အခြေခံ၍ အာဆီယံတွင်း၌ပင် အုပ်စု ကွဲသွားနိုင်ပါသည်။ မြန်မာ သည် အာဆီယံတွင်း 
အင်အား နည်းပါးသွားနိုင်ပါ၏ ။ ယခုပင် မလေးရှား၊ အင်ဒိုနီးရှား တို့က ဖိအားပေးလာခဲ့သည် ။ စင်ကာပူ၊ ဖိလစ်ပိုင် တို့က မြန်မာဘက် ရပ်တည်ခဲ့၏ ။ 

အာဆီယံထဲမှ မလေးရှား၊ အင်ဒိုနီးရှား တို့ မြန်မာ ကို စတင် ဆန့်ကျင်လာခဲ့ပါပြီ ။ နိုင်ငံတစ်ကာဖိအား၊ OIC ဖိအား၊ UN ဖိအားများနှင့်အတူ အာဆီယံ အကွဲအပြဲသည် မောင်တောဒေသ ကိုဆိုဗို သို့ဖြစ်ရန် အထောက်အပံ့များ ဖြစ်သည်ကို တာဝန်ရှိကြသူတို့ မေ့မထားကြစေလိုပါ ။

အခြားတစ်ဖက်တွင် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ထိန်းချုပ်ရန်နှင့် တရုတ် ၏ အိန္ဒိယ သမုဒ္ဒရာ ဘက်ထွက်ပေါက် ပိတ်ရေးသည် အနောက်အုပ်စု၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သလို၊ ထိုမှတစ်ဆင့် အစ္စလမ် လူ့
အဖွဲ့အစည်း ကျယ်ပြောရေး၊ မဟာဘင်္ဂလားဒေ့ရှ် ထူထောင်ရေးက အလိုအလျောက် အခွင့်အလမ်း ဖြစ်လာသဖြင့် ထိုအခြေအနေ(၂) ရပ်ပေါင်းက မြန်မာ့ အနာဂတ်ကို သူတို့လိုရာ ပုံစံသို့ အတင်း ဇာတ်ညွှန်း ရေးဆွဲ
ကြလိမ့်မည်ဟု သတိပေးလိုပါသည်။

နေဇင်လတ်
၈-၁ဝ-၂ဝ၁၇ (၁၉၂၁)
Nay Zin Latt


No comments:

Post a Comment