14 October 2017

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေး ကုလသမဂ္ဂ၏ တွန်းအားပေးမှု မှားယွင်းဟုဆို


မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ ဟု မူရင်းဖော်ပြထား) များ၏ အခွင့်အရေးများကို ကာကွယ်ပေးရမည်  ဖြစ်သော်လည်း ၎င်းတို့နိုင်ငံသားဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ တွန်းအားပေးမှုသည် မှားယွင်းကြောင်း မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ ကက်သလစ် ဘုန်းတော်ကြီး James Mawdsley က ပြောသည်။ 

ဆက်လက်ပြီး ၎င်းက အနောက်အုပ်စု အစိုးရများ၊ NGOs များနှင့် မီဒီယာများ၏ တုံ့ပြန်မှုသည် အလွဲလွဲ အချော်ချော်ဖြစ်နေသည်ဟုလည်း ပြောကြားသည်။ အနောက်အုပ်စုတွင် ဖြစ်ပေါ်နေသော ထင်မြင် ယူဆ
ချက်၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂသည် ဘင်္ဂါလီ ထောင်ပေါင်းများစွာအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာနိုင်ငံကို စဉ်ဆက် မပြတ် ဖိအားပေးနေကြောင်း၊ 

ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးအဖွဲ့ကလည်း နိုင်ငံသားဖြစ်ခွင့်ပေးရေးအတွက် ဥပဒေ အပြောင်းအလဲ တစ်ရပ်ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ လန်ဒန်မြို့မှ သည် ၀ါရှင်တန်ဒီစီ အထိ လော်ဘီများ က ဤအဆိုပြုချက် အပေါ် ကျယ်ကျယ်ပြန့်ပြန့် လိုလား ထောက်ခံနေ ကြကြောင်း James Mawdsley က ပြောကြားခဲ့သည်။

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ရန် တွန်းအားပေးနေသည့် ပြင်ပ အင်အားစုများ အနေနှင့် အတိတ်မှ အမှားများ၏ တစ်ခုကို သင်ခန်းစာ ယူသင့်ကြောင်း၊ ဗြိတိသျှအင်ပါယာသည် အိန္ဒိယ တိုက်ငယ်တွင် ခွဲခြားအုပ်ချုပ်မှု၏ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိသည့် မဟာဗျူဟာ တစ်ရပ်ကို ကျင့်သုံးခဲ့ကြောင်း၊ 

ဤမဟာ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် အိန္ဒိယ၊ မူဆလင် အမြောက်အမြားကို မလွှဲမရှောင် သာလက်ခံခဲ့ရ ကြောင်း၊ ခုအခါ ကမ္ဘာကြီးသည် ပိုမိုကြီးမားသော လူအုပ်စုကြီး တစ်ခု စုပြုံကျလာမှုကို မြန်မာနိုင်ငံ အနေနှင့် လက်ခံရန် ကြိုးပမ်းနေကြောင်း၊ 

ဤအချက်သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် အမှတ်အသားကို ခြိမ်းခြောက် အန္တရာယ်ပြုရာရောက်ကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုနေကြကြောင်း ၎င်းက ပြောကြားသည်။




ဆက်လက်ပြီး James Mawdsley က ရခိုင်ပြည်နယ် ပဋိပက္ခသည် ပြီးခဲ့သောနေ့ကမှ စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ သမိုင်းနှင့် ချီပြီး ဘာသာရေး၊ ယဉ်ကျေးမှု အရ ကွဲပြားနေသည့် လူ့အသိုက်အ၀န်းနှစ်ခု အကြား တင်းမာမှုများကို အဆုံးသတ်ရန် မလွယ်ကူကြောင်း လူအမြောက်အမြားကို နိုင်ငံသားပေးရေး လက်ခံရန်  မြန်မာနိုင်ငံအား အတင်းအကျပ် ဖိအားပေးခြင်းဖြင့်လည်း အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း၊ ယင်းမှာ အနာဂတ်အတွက် ပိုမို ဆိုးရွားသော ပြဿနာကြီးများဖြစ်လာအောင် သိုလှောင်သိမ်းဆည်းထားရာ ရောက်ကြောင်း ပြောကြားသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် မြန်မာ့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် လက်တွဲ လုပ်ဆောင်ခဲ့သူများက ကမ္ဘာကြီးသည် ရေရှည် ကျယ်ပြန့်သော အကျိုးစီးပွား တစ်ရပ်ဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို  ထောက်ခံခဲ့ သလား ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေရန် သူမအား လွတ်လပ်ခွင့် မပေးသင့်ဘူးလားဟု မေးမြန်းလာကြကြောင်း၊ သို့သော်လည်း ယခုအခါ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာနှစ်ခုအနက် တစ်ခုခုကိုရွေးချယ်ရန် ဒေါ်အောင်ဆန်းစုကြည်အား  အဆက်မပြတ် ဖိအားပေးနေကြကြောင်း ၎င်းက ပြောကြားသည်။

ဘင်္ဂါလီများအား ဥပဒေအရ အကာအကွယ်ပေးခြင်း မရှိမှုသည် ပျက်ကွက်မှု တစ်ခုဖြစ်သည်။ အဖြေတစ်ရပ်ကို ရှာဖွေနေစဉ် ၎င်းတို့ကို ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးမှုနှင့် အတူ ငြိမ်းချမ်းစွာ နေထိုင် ရေးခွင့်ပြုသင့်သည်။ 



သို့ရာတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား၊ နိုင်ငံသားဖြစ်ခွင့်ပေးရန် တက်ကြွ ထက်သန်စွာ ရှေ့ဆောင်နေသူများသည် အနောက်အုပ်စု၏ မလိုမုန်းထား ပြောစကားများကို အလွယ်တစ်ကူ လက်ခံခဲ့သူ များဖြစ်ကြပြီး 
 မြန်မာနိုင်ငံအကြောင်း လုံးဝ နားလည်သဘောပေါက်ခြင်း မရှိကြောင်း ဖော်ပြနေပါသည်ဟု James Mawdsley က သုံးသပ်ပြောကြားသည်။


crd - News Watch
Ref : (Catholic Herald.U.K)

No comments:

Post a Comment