15 April 2016

မုဒိမ်းမှု ကို ဘာသာရေး အစိတ်အပိုင်း တစ်ခု အဖြစ် ပြဌာန်းနေသော အစ္စလမ္မစ်စတိတ်

ဒေါက်တာဒီမိုဆိတ်ဖွား's photo.

 
 အသက် ၁၂ နှစ် အရွယ် မိန်းကလေးငယ် ကို မုဒိမ်း မကျင့်မီ အခိုက်အတန့်လေးမှာပင် အစ္စလမ္မစ် တိုက် ခိုက်ရေး သမား က ၎င်းမှ မုဒိမ်းကျင့်မည့် လုပ်ရပ်မှာ အပြစ်တစ်ခု မဟုတ်ကြောင်း အချိန်ယူ ရှင်းပြလိုက်သေး သည်။ 

ဆယ်ကျော်သက် အရွယ်ပင် မရှိသေးသော မိန်းကလေး သည် အစ္စလာမ် မဟုတ်ဘဲ အခြား ဘာသာတစ်ခု ကို ကိုးကွယ်သည့် အတွက် ကုရ်အာန် ၌ ၎င်းကို မိန်းကလေးအား မုဒိမ်းကျင့်ခွင့်ပေးယုံသာ မက ထို အပြုအမူ ကို လက်လည်းခံ၊ အားလည်းပေးသည် ဟု ထိုသူက အတင်း အကြပ်ပြောကြားသည်။

ထိုသူက မိန်းကလေး ၏ လက်များ ကို ကြိုးတုတ်ပြီး ပါးစပ် ကို အဝတ် တစ်ခုဖြင့် ပိတ်စည်း ထားသည်။ ထို့နောက် ကုတင်ဘေးတွင် ဒူးထောက် ကာ နဖူးကြမ်းထိအောင် အလ္လာဟ် အရှင်မြတ်အား ဝပ်ပြု ဆုတောင်း သည်။ 

ထို့နောက်တွင် မိန်းကလေး ကို ဗလက္ကာယပြုကျင့် လိုက်တော့သည်။ ထို ကိစ္စပြီးသည်နှင့် ထို သူမှ ယခင် ပုံစံ အတိုင်း ဒူးထောက် ဝတ်ပြုဆုတောင်းပြန်သည်။ ဘာသာရေးကြည်ညိုမှုနှင့် မုဒိမ်းမှု ကို ယှဉ်တွဲနေသည့် သဘောပြုမူ လိုက်ခြင်းပင်။ 



"သူက သမီး ကို ပြောပါတယ်။ အစ္စလာမ် အရ သူက ကာဖိရ်တစ်ယောက် ကို မုဒိမ်းကျင့်ခွင့် ရှိပါတယ် တဲ့။ သူကပြောသေးတယ်။ မုဒိမ်း ကျင့်လိုက်ခြင်း အားဖြင့် သူက အလ္လာဟ်အရှင်နှင့် ပိုပို နီးနီးသွားပါတယ် တဲ့" ဟု ၁၁ လ ကြာ ဖမ်းဆီး ခံထားရာမှ လွတ်မြောက်လာပြီး ဒုက္ခသည် စခန်းတစ်ခု၌ နေထိုင်လျက်ရှိသော မိန်းကလေး က သူမ ၏ မိသားစုနှင့် အတူ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသည်။ 
 
အစ္စလမ္မစ် စတိတ် အဖွဲ့ အတွင်း ကျွန်ပြုမှုကို ပြန်လည် အသက်သွင်းပြီ ဟု အစွန်းရောက် ဘာသာရေး အယူ ဝါဒ စွဲ အစ္စလမ္မစ် စတိတ် အဖွဲ့မှ ယမန်နှစ်က ကြေငြာခဲ့ပြီးသည့်နောက်ပိုင်း လူနည်း စု ယာဇီဒီ ဘာသာဝင် အမျိုး သမီးများ နှင့် မိန်းကလေးများမှာ အစ္စလမ္မစ် စတိတ် အဖွဲ့သားများ၏ စနစ်တကျကြိုတင် စီမံပြီး မုဒိမ်း ကျင့်မှုများကို ခံနေရကာ ၎င်းတို့ ၏ လက်မှ ရုန်းမထွက်နိုင်ဖြစ်နေရသည်။ 


အစ္စလမ္မစ် စတိတ် လက်မှ လွတ်မြောက်လာသော ၂၁ ဦးသော အမျိုးသမီးများ နှင့် မိန်းကလေး များ အား တွေ့ ဆုံမေးမြန်းမှုများ အရ နှင့် အစ္စလမ္မစ် စတိတ် အဖွဲ့၏ တရားဝင်ပြန်ကြားရေး မီဒီယာများ ကို သေသေ ချာချာစောင့်ကြည့်လေ့လာမှု များ အရ မုဒိမ်းမှု ကို ၎င်းတို့ သက်ဝင် ယုံကြည်မှု၏ အဓိက အပိုင်း ကဏ္ဍ အဖြစ် ပြဌာန်းထားသည်ကို တွေ့ရသည်။

ယာဇီဒီ အမျိုးသမီးများနှင့် မိန်းကလေးများအား လူကုန် ကူးခြင်းကို အခြေခံ အဆောက်အအုံ များ ခိုင်ခိုင် မာမာ ဖန်တီး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မိန်းကလေးများ အား ထားရှိရန် နေရာကျယ် များကိုလည်း ကွန်ယက် ချိတ်၍ ထားရှိသည်။ 

မိန်းကလေးများအား စစ်ဆေးရန် နှင့် ဈေးကွက်တင်ရောင်းချရန် အခန်း များလည်း ထားရှိသည်။ မိန်းကလေး များအား သယ်ပို့ရန် ကားများ ကိုပင် ကြိုတင်စီမံထားရှိပြီးဖြစ်သည်။

ယာဇီဒီခေါင်းဆောင် များ ၏ အဆိုအရ ယမန်နှစ်က ယာဇီဒီ စုစုပေါင်း ၅၂၇၀ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ ရပြီး အနည်းဆုံး ၃၁၄၄ ဦး မှာ ဖမ်းဆီးခံနေရဆဲဖြစ်သည်။ ယာဇီဒီ အမျိုးသမီး များကို ကိုင်တွယ်ရန် အစ္စလာမ်စတိတ် မှ လိင်ကျွန်ပြုရေး အသေးစိပ် ဗျူရိုကရေစီယန္တရား ကို ချမှတ် ထားပြီး အိုင်ဆစ် ၏ အစ္စလမ္မစ် တရားရုံးများမှ အသိသက်သေပြု ရောင်းဝယ် စာချုပ် များပင် ပါဝင်သည်။

 ထို့အပြင် ရှေးရိုးစွဲ မူဆလင် အသိုင်းအဝန်း များတွင် "တာရှည် လက်တွဲခြင်း မဟုတ်ဘဲ ကြုံခိုက် လိင် ဆက် ဆံခြင်း" (casual sex) ကို ဘာသာရေး အရ ခွင့်မပြုဘဲ "တစ်နေရာရာ ၌ ချိန်းတွေ့ခြင်း" (dating) ကိုလည်း တားမြစ် ထားသည်ဖြစ်ရာ ၎င်း အသိုင်းအဝန်းများ မှ ယောက်ျားသား များကို အဖွဲ့ဝင်သစ်များ အဖြစ်ဆွယ် ရာ၌ မုဒိမ်းမှု ကို ကိရိယာ အဖြစ် အသုံးပြုလာသည်။ 

အစ္စလမ္မစ် စတိတ် ၏ အဖွဲ့တွင်း ဝါဒရေးရာ စာစောင်များ နှင့် ဘာသာ အယူဝါဒ ဆိုင်ရာ ဆွေးနွေးပွဲများက ကျွန်ပြုမှု ကို လမ်းညွှန် ချက်များပေးသည်။ ဇူလိုင်လ အတွင်းက အစ္စလမ္မစတိတ် သုတေသန နှင့် ဖာ့တဝါ (အစ္စလာမ် အမိန့်) ဌာန က ထုတ်ပြန်သော လက်စွဲ စာစောင် ၌ မည်သို့ မည်ပုံ ကျွန်ပြုနိုင်သည့် နည်း လမ်း များကို ရှည်ရှည် လျားလျား ရေးသားထားသည်။ 

အိုင်ဆစ်ခေါင်းဆောင်ပိုင်းက ကုရ်အာန် နှင့် အခြားသော အစ္စလမ္မစ်ဖြတ်ထုံး များမှ လိုရာကိုသာ ကွက် ကွက်လေးဖော်ပြ၍ မုဒိမ်း မှုသည် အကြမ်းဖက်မှု မမြောက်သည် သာမက ဘာသာရေး အရ ကုသိုလ်ပြုသည် မည်ကြောင်း၊ ပြုလုပ်ထိုက်သည့် အကြောင်း စိတ်ဓာတ်ရေးရာ မြှင့်တင်မှုပါ ပြုလုပ်လေ့ရှိသည်။
 
"သူ သမီး ကို မုဒိမ်းကျင့်ဖို့ လာတိုင်း ဆုတောင်းလေ့ ရှိတယ်" ဟု ပြီးခဲ့သည့်နှစ် က စင်ဂျာတောင်တန်း ၌ အစ္စလမ္မစ် စတိတ် ၏ ဖမ်းဆီးခြင်း ကို ခံရပြီး အသက် ၂၀ ကျော် အရွယ် အီရတ် လူမျိုး အစ္စလမ္မစ်စတိတ် တိုက်ခိုက်ရေး သမား တစ်ဦးထံ ရောင်းချခြင်း ခံခဲ့ရသူ အသက် ၁၅ နှစ် အရွယ် မိန်းကလေး "F" က ပြော ကြား သည်။ 

The New York Times မှ တွေ့ဆုံမေးမြန်းပြီးဖြစ်သော အခြား မိန်းကလေးများ ကဲ့သို့ပင် မုဒိမ်းမှုနှင့် ဆက် စပ်သော အရှက် တရားကြောင့် မိန်းကလေးသည် လည်း သူမ အမည်၏ ပထမဆုံး စကားလုံး ကိုသာ အသိပေးချင်ပုံ ရသည်။

"သမီး ကို သူပြုကျင့်တာ က 'အီဒါဘာဟ်' လို့ သူက ပြောတယ်" ဟု အစ္စလမ္မစ်ကျမ်းစာ များပါ 'ဝတ်ပြုသည်' ဟု အဓိပ္ပါယ် ရသော 'အီဒါဘာဟ်' ဟူသော စကားလုံးကို သုံး၍ မိန်းကလေးက ပြောပြသည်။

"သမီးကို မုဒိမ်းကျင့်တယ် ဆိုတာက အလ္လာဟ်ကို ဝတ်ပြုတာ လည်းဖြစ်တယ် လို့ သူက သမီးကိုပြောတယ် ရှင့်။ သမီး က သူ့ကိုပြောတယ်ရှင့်။ "ခင်ဗျား ကျွန်မ ကို လုပ်တာတွေက မှားတယ်။ ဒါက အလ္လာဟ် ဆီကို နီးနီး ကပ်ကပ်ဖြစ်အောင် ပို့ဆောင် မပေးနိုင်ပါဘူး' ဒီတော့ သူက ပြန်ပြောတယ်ရှင့်။ 'မဟုတ်ဘူး။ ဒီလို လုပ်ဖို့ (အစ္စလာမ် မှာ) ခွင့်ပြုထားတယ်။ ဒါက 'ဟာလာလ်' ဖြစ်ပါတယ်' " ဟု ၉ လ နီးပါးကြာအောင် ကျွန်ပြု ခံနေ ရရာမှ လူမှောင်ခိုကူးသူများ၏ အကူအညီနှင့် ဧပြီလအတွင်းက လွတ်မြောက်လာခဲ့သူ ဆယ်ကျော်သက် က ပြောကြားသည်။ 

တမင်ကြိုတင် ကြံစည်ထားသော သိမ်းပိုက်အောင်နိုင်မှု အစ္စလမ္မစ် စတိတ် ၏ စနစ်တကျ အကွက်ချ၍ လိင်ကျွန်ပြုခြင်း သည် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ က တိတိ ကျကျ စတင်ခဲ့သည်။ ထိုရက်မှ စ၍ အစ္စလမ္မစ် စတိတ် တိုက်ခိုက်ရေး သမား များက အီရတ်မြောက်ပိုင်း၊ ညိုမှိုင်းကျောက်ဆောင် များဖြင့် မြေပြင် မညီမညာ စင်ဂျာတောင်တန်း တောင်ဖက်ခြမ်းမှ ကျေးရွာ များကို ကျူးကျော် သိမ်းပိုက်ခဲ့သည်။ 

စင်ဂျာတောင်တန်း ၏ တောင်ကြား များ၊ လျှိုမြောင် များသည်က 'ယာဇီဒီ' တို့ နေထိုင်ရာ ဌာနေဖြစ်သည်။ ယာဇီဒီ ဆိုသည် က ယာဇီဒီ ဘာသာ ကို သက်ဝင် ယုံကြည်သူ လူနည်းစုဖြစ်ပြီး အီရတ် ခန့်မှန်း လူဦးရေ ၃၄ သန်း ၏ ၁.၅ ရာနှုန်း အောက်သာရှိသည်။

စင်ဂျာတောင်တန်း အား ထိုးစစ် ဆင်နွှဲ မှုသည် အီရတ် ၏ ဒုတိယ အကြီးဆုံးမြို့ 'မိုဆူးလ်' ကျဆုံးပြီး နှစ်လ အကြာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမ ၌ စင်ဂျာတောင်တန်း ဆီသို့ တောက်လျှောက်ချီတက်လာမှုသည် အစ္စလမ္မစ်စတိတ် တိုက်ခိုက်ရေးသမားများ နယ်မြေချဲ့ထွင်ရန် ကြိုးစားမှုသက်သက်သာဖြစ်မည်ဟု ထင်မြင် ခဲ့ကြသည်။


ချက်ချင်း ဆိုသလိုပင် အစ္စလမ္မစ်စတိတ် ၏ ယခု တစ်ကြိမ် ရည်ရွယ်ချက်မှာ မိမိတို့ အထင်နှင့် မတူညီကြောင်း သိ လာကြရသည်။

မိမိတို့ကို ဖမ်းဆီးပြီးပြီးချင်းပင် အမျိုးသား များနှင့် အမျိုးသမီး များကို ခွဲခြား ပစ်လိုက်သည်ဟု အစ္စလမ္မစ် စတိတ် လက်ထဲ အသက် မသေဘဲ လွတ်မြောက်လာ သူများက ပြောကြားသည်။ 

မြီးကောက်ပေါက် အရွယ်ကောင်လေး များကို ဝတ်ထားသော အင်္ကျီ ကို ချိုင်း အထက်ရောက်အောင် မ,စေ သည်။ ချိုင်းမွှေးပေါက်သူများ ကို အဖေ၊ အစ်ကိုများ ရှိသော အဖွဲ့သို့ ထည့်လိုက်သည်။ တစ်ရွာဝင် တစ်ရွာ ထွက် ယောက်ျားသားများ ကို အနီးနား ရှိ လယ်ကွင်းပြင် များသို့ မောင်းထုတ်၊ ဇွတ်တရွတ် သွားခိုင်းပြီး ညစ်ပေနေသောမြေပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းကာ အနောက်မှ အော်တိုမစ်တစ်သေနတ်များဖြင့် ကျည်ဆံမိုး ရွာချကြသည်။

အမျိုးသမီးများ၊ မိန်းကလေး များနှင့် ကလေး များကို ကုန်တင်ကား တစ်စီးပေါ်တင်၍ အဓမ္မခေါ်ဆောင် သွားကြ သည်။
"စင်ဂျာတောင်တန်း ထိုးစစ် က နယ်မြေ သိမ်းပိုက်မှုအောင်ပွဲ လိုပဲ လိင်ပိုင်း ဆိုင်ရာ သိမ်းပိုက်မှုအောင်ပွဲ ကို လဲ ဆင်နွှဲ လိုက်တာပါ" ဟု ချီကာဂို တက္ကသိုလ်မှ ယာဇီဒီ အရေး ကျွမ်းကျင်သူ မက်သယူး ဘာဘာ က ပြောကြား သည်။

 ပြီးခဲ့သည့်နွေရာသီ က သတ်ဖြတ်မှုကြီး စတင်စဉ် မက်သယူး ဘာဘာ သည် စင်ဂျာတောင်တန်း အနီး 'ဒိုဟတ်' မြို့ ၌ ရှိနေပြီး ၂၀၀၀ ဝန်းကျင် ရှိ လွတ်မြောက်လာသူများ ကို စိတ်ပိုင်း ဆိုင်ရာ အကူအညီပေး ရန် ဖောင်ဒေးရှင်း တစ်ခု ထောင်ထားသည်။

သူမ မိသားစုဝင် ၉ ဦး လုံး Opel ကား အအို အဟောင်းကြီး ကို တောင်ပေါ် လွန်းထိုး ရထားလမ်းများ အတိုင်း မြန်နှုန်း အကုန် တင်မောင်းကာ ထွက်ပြေးရန်ကြိုးစား ခဲ့ကြသည်ဟု အသက် ၁၅ နှစ် အရွယ် F က ပြောကြားသည်။ 

တစ်နေရာ တွင် ကားက အင်ဂျင် ပူလွန်း၍ စက်ရပ် သွားသည်။ လက်နက်များ အပြည့်အစုံကိုင် အစ္စလမ္မစ် စတိတ် တိုက်ခိုက်ရေး သမားများ လိုက်ပါလာသော ယာဉ်တန်း က မိန်းကလေး F တို့ ကို ဝန်းရံ လိုက်ချိန်တွင် သူမ၊ သူမ ၏ မိခင်၊ အသက် ၁၄ နှစ်၊ ၇ နှစ် နှင့် ၄ နှစ် အသီးသီး ရှိသော သူမ ၏ ညီမလေးများ တို့မှာ စက်ရပ် သွားသော ကားဘေးတွင်သာ စိတ်ပျက် လက်ပျက် မတ်တပ် ရပ်နေလိုက်ရတော့သည်။

"ချက်ချင်း ပဲ တိုက်ခိုက်ရေး သမားများ က အမျိုးသား နှင့် အမျိုးသမီး ကို ခွဲခြား လိုက်ပါတယ်" ဟု သူမ က ပြော ကြားသည်။ သူမ၊ သူမ မိခင် နှင့် သူမ ၏ ညီမလေး များ ကို စင်ဂျာတောင်တန်းပေါ် ရှိ အနီးဆုံးမြို့သို့ ပထမခေါ်ဆောင် သွားကြသည်။ 

"ဟိုရောက်တော့ သမီး ကို သမီး အမေနှင့် ထပ်ခွဲ လိုက်ပါတယ်။ အသက် ငယ်ငယ် မိန်းကလေးတွေ၊ အပျိုလေးတွေ ကို ဘတ်စ်ကားတွေပေါ် ကို အတင်း တက်ခိုင်းပါတယ်" ဘတ်စကား များမှာ အဖြူရောင်ဖြစ် ပြီး ဘေး ၌ အစင်းကြား များ ပတ်ထားသည်။ 

"ဟတ်ဂ်ျ" ဟူသော စကားလုံး လည်း ရေးထားသည်။ အစ္စလမ္မစ် စတိတ် သည် အီရတ် အစိုးရမှ မက္ကာ သို့ နှစ် စဉ်ဘုရားဖူး သွားရာ ၌ သယ်ပို့ယာဉ် အဖြစ်အသုံးပြုသော ဘတ်စ်ကား များကို သိမ်းယူ လာပြီး အသုံး ချခြင်းဖြစ် မည်ဟု ခန့်မှန်းကြသည်။ 

မိမိတို့ လိုက်ပါသော ဘတ်စ်ကား ထဲတွင် လူများပြွတ်သိပ် ညပ်နေသဖြင့် တစ်ယောက်ရင်ခွင်ပေါ် တစ်ယောက် တက်ထိုင်ကြရသည် ဟု မိန်းကလေး F က ပြောကြားသည်။

ဘတ်စ်ကားရွေ့ပြီ ဆိုကတည်းက ပြတင်းပေါက် များကို ခန်းဆီး များဖြင့် ကာရံ ထားသည်ကို သတိပြုမိကြ သည်။ အဆောင် အယောင် ပစ္စည်းများ လည်း ထပ်မံ ထည့်သွင်း ထားသည်ကို တွေ့ရသည်။ အစ္စလမ္မစ် တိုက်ခိုက်ရေး သမား များက ဘူရခါ မခြုံသော၊ ခေါင်းစည်း ပဝါများဆောင်း မထားသော မြောက်များ လှ စွာသော မိန်းကလေး များ ကိုလည်း သယ်ယူပို့ဆောင်ရေး လုပ်ရန် စီစဉ်ထားသည့် သဘောဖြစ်သည်။

၆ နာရီကြာ ကားဖြင့်ခေါ်ဆောင်လာပြီးနောက် သူမတို့ ကို မိုဆူးလ်မြို့ရှိ ဂလက်ဆီ မင်္ဂလာ ခန်းမတွင်းသို့ ပို့ဆောင်နေရာ ချထားလိုက် သည်ဟု မိန်းကလေး F က ပြောကြားသည်။ 

အခြား အမျိုးသမီး များနှင့်မိန်းကလေးများ ပါဝင်သော အဖွဲ့များမှာ ဆက်ဒမ် ဟူစိန်ခေတ် က နန်းတော်၊ ဘာဒူးရှ် အကျဉ်းထောင်ဝင်း၊ လူငယ်ပြုပြင်ရေးဂေဟာ တို့တွင် နေရာ ချထားခံကြရသည်ဟု အခြားသော လွတ်မြောက် လာသူ များက ပြောကြားသည်။ အမျိုးသမီး များကို မိုဆူးလ်မြို့ အပြင် တယ်လ်အဖာ၊ ဆိုလာဟ်၊ ဘာ့ဂ်ျ နှင့် စင်ဂျာမြို့ များရှိ မူလတန်းကျောင်းများ၊ စည်ပင် သာယာ အဆောက်အအုံ များ အတွင်း၌ လည်း နေ ရာ ချထားပေးသည်များရှိသည်။

သူမ တို့ကို အကျဉ်း ချထားလေ့ရှိသည်။ အချို့ ရက်ပိုင်း ကျခံ ရပြီး အချို့ လ ချီ ကျခံရသည်။ ထို့နောက် မလွှဲ မရှောင် သာပင် ဘတ်စ်ကား များပေါ်သို့ နောက်တစ်ကြိမ် တက်ရပြန်သည်။ နောက် တစ်ကြိမ်တွင်မူ သူမ တို့ကို ဆီးရီးယား ရှိ အစ္စလမ္မစ်စတိတ် အဖွဲ့ခွဲများ၊ အီရတ် ရှိ အစ္စလမ္မစ် စတိတ် တပ်ဖွဲ့များ တည်ရှိရာတို့ကို ပို့ဆောင်ကြသည်။ ထိုနေရာများ ၌ သူမ တို့ကို လိင် အတွက် ရောင်းကြဝယ်ကြသည်။

 "ဒါက ၁၀၀ ရာနှုန်း ကြိုတင် ကြံစည် ထားတာပါ" ဟု လိင်ကျွန်ပြု ခံရသူ မိန်းကလေးများ ၏ ဒေတာ အချက် အလက် များကို ထိန်းသိမ်း ထားရှိသော ယာဇီဒီ အရေး တက်ကြွလှုပ်ရှား သူ ခိုင်ဒါ ဒွန်လေ က ပြောကြား သည်။

 "မိုဆူးလ် က လူငယ်ပြုပြင်ရေးဂေဟာ ကို ပထမဆုံးရောက်တဲ့ မိသားစု က ကျွန်တော့်ဆီ ဖုန်းဆက်ပြော တယ်။ ခန်းမ ထဲမှာ အရာအားလုံး ပြင်ဆင် ထားတယ် တဲ့။ မွေ့ယာတွေ၊ ပန်းကန်တွေ ဇွန်းတွေ၊ အစား အစာတွေနှင့် ရေတွေ ကို လူ ရာပေါင်းများစွာ အတွက် ကြိုပြင်ဆင် ထားပြီးသား တဲ့"

လူ့ အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ နှင့် နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှု အဖွဲ့ကြီး တို့၏ အသေးစိပ် အစီ ရင်ခံစာ များတွင်လည်း အစီအစဉ်ချ လုပ်ဆောင်သော လိင် ကုန်ကူးမှု ဟု အဆုံးသတ် မှတ်ချက်ပြု ထား သည် ကို တွေ့ရသည်။ 

ယာဇီဒီ အမျိုးသမီး နှင့် မိန်းကလေး များအား ဖမ်းဆီး ထားသော နေရာ တိုင်းတွင် အစ္စလမ္မစ် တိုက်ခိုက်ရေး သမားများ က ၎င်းတို့ ဖမ်းဆီး ထားသူကို လူဦးရေ စာရင်းကောက်ခံသည်။ ဂလက်ဆီ ခန်းမ အတွင်း တွင် မိန်းကလေး F မှာ စကျင်ကျောက်ပြားကြမ်းခင်းပေါ်၌ အခြားသော မိန်းကလေးငယ်နှစ်ဦး ၏ကြား ကျပ်ကျပ် ညပ်ညပ် ထိုင်လျက် ရှိနေ၏။ 

စုစုပေါင်းလျှင် ခန့်မှန်း အားဖြင့် ၁၃၀၀ ခန့် ရှိမည့် ယာဇီဒီ မိန်းကလေး များမှာ ထိုင်သူထိုင်၊ ဆောင့်ကြောင့် ထိုင်သူ ထိုင်၊ ခြေဆင်းလျက်နေသူကနေ၊ နံရံ မှီလျက်နေသူကနေကြလျက် ရှိသည်။ ယင်း ၁၃၀၀ ဟူသော ပမာဏ ကို ထို ခန်းမ ထဲတွင် အဖမ်း ခံထားရသည့် အခြားသူများ ကလည်း အတည်ပြုသည်။

သူမတို့က အစ္စလမ္မစ် တိုက်ခိုက်ရေး သမား ၃ ဦး ဝင်လာပြီး လူစာရင်းကောက်ခံကြပုံကို ပြန်ပြောပြသည်။ အစ္စလမ္မစ် စတိတ် တိုက်ခိုက်ရေး သမားများက မိန်းကလေး များကို မတ်တပ်ရပ် ရန် အမိန့်ပေးသည်။ ၎င်းတို့ ထဲမှ တစ်ဦး က မိန်းကလေး တစ်ဦးချင်း စီ၏ ပထမ အမည်၊ အလယ် အမည်၊ အဆုံး အမည်၊ နေထိုင်ရာမြို့၊ လက်ထပ်ပြီးသား ဟုတ်/မဟုတ်၊ ရှိလျှင် ကလေး ရှိ/မရှိ တို့ကို ဖော်ပြကြရန် ညွှန်ကြားသည်။

နှစ်လကြာအောင် မိန်းကလေး F ကို ဂလက်ဆီ ခန်းမ ထဲ၌ ထိန်းသိမ်း ထားခဲ့သည်။ ထို့နောက် တစ်နေ့တွင် အစ္စလမ္မစ်စတိတ် အဖွဲ့သားများ ရောက်လာပြီး မိန်းကလေး များကို စတင် ဖယ်ရှားသည်။ မလိုက်နာ သူများ ကို ဆံပင်ဆောင့်ဆွဲ ကာ တရွတ်တိုက် ဆွဲခေါ်သွားသည်ဟု သူမ က ပြောပြသည်။ 

ကားပါကင် တွင် သူမ တို့ စီးလာခဲ့သော ဟတ်ဂ်ျ ဘုရားဖူးယာဉ် များက သူမ တို့ကို တစ်နေရာသို့ ပို့ဆောင် ရန် အသင့်စောင့်ကြိုလျက် ရှိသည်ဟု မိန်းကလေး F က ပြောကြားသည်။ အခြားသော မိန်းကလေး ၂၄ ဦး နှင့် အတူ အသက် ၁၅ နှစ် အရွယ် မိန်းကလေး ကိုလည်း အီရတ် ရှိ စစ် အခြေစိုက် စခန်း တစ်ခုသို့ ပို့ဆောင်ခြင်း ကို ခံခဲ့ရသည်။ 

မိန်းကလေး F အနေဖြင့် ကားပါကင် ၌ ရှိနေစဉ် "ဆာဘာယာ" ဟူသော စကားလုံး ကို ပထမဆုံး အကြိမ် အဖြစ် ကြားခဲ့ရသည်။

"သူတို့က သမီး ကိုကြည့်ပြီး ရယ်ကြတယ်။ 'မင်းက ငါတို့ ရဲ့ ဆာဘာယာ' ဆိုပြီး လှောင်ပြောင်ကြတယ်။ ဒီစကားလုံး အဓိပ္ပါယ် ကို သမီးမသိဘူး" ဟု သူမက ပြောကြား သည်။ နောက်ပိုင်း တွင် ဒေသခံ အစ္စလမ္မစ်စတိတ်ခေါင်းဆောင် က 'ဆာဘာယာ' ဟူသည် 'ကျွန်' ကို ဆိုလိုခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။
"သူ(ဒေသခံ အစ္စလမ္မစ် စတိတ်ခေါင်းဆောင်) က သမီး တို့ကို ပြောတယ်။ 

'တောက်စ် မာလစ်ခ်'(ယာဇီဒီ တို့ ကိုးကွယ်သော နတ်သမီး ၇ ဦး ထဲမှ တစ်ဦး) က ဘုရား မဟုတ်ဘူး တဲ့။ တောက်စ် မာလစ်ခ် က နတ်ဆိုး တဲ့။ နင်တို့ က နတ်ဆိုး ကို ကိုးကွယ်နေတာကြောင့် နင်တို့ကို ငါတို့က ပိုင်တယ် တဲ့။ ငါတို့ က နင်တို့ကိုရောင်းပြီး နင်တို့ကို လိင်ကိစ္စ အသုံးချသွားမယ် တဲ့"

အစ္စလမ္မစ်စတိတ် ၏ လိင်ကုန်ကူးမှု သည် လူနည်းစု ယာဇီဒီ အမျိုးသမီးများ နှင့် မိန်းကလေး များကိုသာ ကျွန်ပြုခြင်းဖြစ်ပုံ ရသည်။ ယခုထိ အခြားသော လူနည်းစု အခြားဘာသာဝင် အမျိုးသမီးများ နှင့် မိန်းကလေး များကို ကျွန်ပြုသော ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှု မတွေ့ရသေးဟု လတ်တလော လူ့အခွင့် အရေးစောင့် ကြည့် အဖွဲ့အစီရင်ခံစာ ကို ရေးသားသူ ဆမာ မူစကာ့တီက ပြောကြားသည်။ 

လူမှု အသိုက် အဝန်းခေါင်းဆောင်များ၊ အစိုးရ အရာရှိများ နှင့် အခြားသော လူ့ အခွင့်အရေး လုပ်သားများ ကလည်း ယင်း အဆို အတိုင်းပင် တစ်သံတည်း ထွက်ကြသည်။

ချီကာဂို တက္ကသိုလ် မှ မစ္စတာ ဘာဘာက ယာဇီဒီ များကိုသာလျှင် ဦးတည်ချက် ထားသည် ဆိုခြင်းမှာ ဖြစ်နိုင် သည်၊ အကြောင်း မှာ ယာဇီဒီ များသည် နတ်ဘုရား အများ ကို ကိုးကွယ်သော ဝါဒ (ဝါ) ဗဟုနာထဝါဒ ရှိသူ များဖြစ်ကြသည်၊ ကျမ်းစာ ကို ယုံကြည် လိုက်နာမှု ထက် နှုတ်ဖြင့် ရွတ်ဆိုလေ့ ရှိသူများဖြစ်ကြသည်၊ 

အစ္စလမ္မစ်စတိတ် ၏ မျက်စိ ထဲတွင် ယာဇီဒီ ဆိုသည်မှာ အများနှင့် အကြောင်းကွဲ စက်ဆုပ်ဖွယ် ကာဖိရ် များ ဖြစ်ကြ သည်၊ ခရစ်ယာန် နှင့် ဂျူးများ ကို မှ ကုရ်အာ န်ကျမ်း၌ "ကျမ်းစာ လိုက်နာ သူများ" ဟု မဆို စလောက် အကာ အကွယ်ပေးမှု ရှိသေးရာ ယာဇီဒီ များကို ခရစ်ယာန် နှင့် ဂျူးများ ထက်ပင် ပို၍ စက်ဆုပ် ဖွယ် ဟု ယူဆကြသည် ဟု ပြောကြားသည်။ 

'ကိုဂျို' ဆိုသည် က စင်ဂျာတောင်တန်း ၏ တောင်ဘက်စွန်း ရှိ ရွာများ ထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ထွက်ပြေး ရန် မလွယ်သောနေရာတွင် ရှိသည်။ သို့ဖြစ်ရာ ဒေသခံ များက နေရာတွင်ပင် ဆက်နေရန် ဆုံးဖြတ်လိုက်ကြ သည်။ မိုဆူးလ် ကို အစ္စလမ္မစ် စတိတ် သိမ်းစဉ်က ခရစ်ယာန် များကို ဆက်ဆံ သကဲ့သို့ ယခုလည်း ၎င်းတို့ ကို ဆက်ဆံ လိမ့်မည်ဟု ယုံကြည်ကြသည်။ 

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် က အစ္စလမ္မစ်စတိတ် မှ ဒေသခံ များကို ရွာလယ် ရှိ စာသင်ကျောင်း တစ်ခု သို့ လာရောက်ရန် ဆင့်ခေါ်လိုက်သည်။

သူမ ထိုနေရာသို့ ရောက်ရှိ လာချိန်တွင် ရပ်ရွာ အကြီးအကဲမှ မိမိ တို့မှ မိမိတို့ ပိုင်ဆိုင်သော ရွှေ၊ ငွေ များ ကို ပေးအပ်မည်၊ အပြန်အလှန် အားဖြင့် အစ္စလမ္မစ်စတိတ် မှ မိမိတို့ အသက်အိုးအိမ် ကို မထိပါးရန် အစ္စလမ္မစ် စတိတ်နှင့် ညှိနှိုင်းနေသည် ကို အသက် ၄၀ အရွယ် အေအိရှန် အလီ ဆာလေးဟ် တစ်ယောက် တွေ့ ရသည်။

ကနဦး၌ အစ္စလမ္မစ် စတိတ် အကြမ်းဖက်သမားများက ညိနှိုင်းမှု ကို သဘောတူ ကာ စောင်တစ် ထည် ဖြန့် ခင်းပေး လိုက်သည်။ မစ် ဆာလေးဟ် မှ သူမ ၏ အသည်းပုံ ဆွဲသီးနှင့် ရွှေဆွဲကြိုး ကို ထည့်လိုက်သည်။ ထိုသူ က တွန့်ကြေနေသော ဖြတ်ပိုင်း တစ်စောင် ထုတ်ပေးသည်။

လွှတ်ပေးဖို့ ဝေးစွ။ တိုက်ခိုက်ရေး သမားများက ယောက်ျားသား များကို အပြင်ဘက် သို့ တွန်းထိုးခေါ်ဆောင် သွားပြီး မပြန်လမ်း သို့ပို့ဆောင်လိုက်ကြသည်။ ခဏ အကြာတွင် ကား ယာဉ်တန်းရောက်ရှိ လာပြီး အမျိုးသမီးများ၊ မိန်းကလေးများ နှင့် ကလေးငယ် များကို ခေါ်ဆောင်ကာ မောင်းထွက်သွားတော့သည်။

 ဈေးကွက်
စင်ဂျာတောင်တန်းအား သိမ်းပိုက်ပြီး လများစွာ အကြာတွင် အစ္စလမ္မစ်စတိတ် မှ ၎င်း၏ အွန်လိုင်းမဂ္ဂဇင်း ဒါဘစ် တွင် ယာဇီဒီ အမျိုးသမီး များ နှင့် မိန်းကလေးများ အား ကျွန်ပြုခြင်း ကမ်ပိန်း သည် အသေးစိပ်ကြိုတင် စီမံထားခြင်းဖြစ် သည် ဟု ရှင်းလင်းထားသည်။

"စင်ဂျာ ကို မသိမ်းမီ အစ္စလမ္မစ် စတိတ် အဖွဲ့တွင်းမှ ရှာရီယာကျောင်းသားများ ကို ယာဇီဒီ များနှင့်ပတ်သက် ၍ သုတေသနပြုလုပ် ရန် တာဝန်ပေးခဲ့ သည်" ဟု အင်္ဂလိပ်စာနှင့်ရေး သား ထားသော အောက်တိုဘာ လ ထုတ် 'ဒါဘစ်' မဂ္ဂဇင်း ၌ ပါရှိသော “The Revival of Slavery Before the Hour” ဆောင်းပါး ၌ ရေးသား ထား သည်။ 

ယင်းဆောင်းပါး အရ ယာဇီဒီ များသည် ဂျူးများ၊ ခရစ်ယာန် များကဲ့သို့ ဂျစ်ဇ်ယာ (အစ္စလာမ်ပိုင်နက် အတွင်းရှိ အခြားဘာသာဝင်များပေးရသော အခွန်ငွေ) ပေးသော်လည်း လွတ်မြောက်ခွင့် မရှိသည်မှာ ထင်ရှားသည်။

"ဖမ်းဆီးမှုပြုပြီးနောက် ရှားရီးယား ဥပဒေ အတိုင်း ငါးပုံ တစ်ပုံသော ယာဇီဒီ အမျိုးသမီး နှင့် မိန်းကလေးများ ကို စစ်ပွဲတွင်း သိမ်းဆည်း ရမိသောပစ္စည်းများ အဖြစ် အစ္စလမ္မစ် အာဏာပိုင် များထံ လွှဲပြောင်းပေး လိုက် ပြီးနောက် ကျန်သော ယာဇီဒီ အမျိုးသမီး နှင့် မိန်းကလေးများ ကို စင်ဂျာ စစ်ဆေးရေး၌ ပါဝင်ခဲ့သော အစ္စလမ္မစ် စတိတ် တိုက်ခိုက်ရေးသမားများ ကို ခွဲဝေပေးလိုက်သည်" ဟု ဆောင်းပါး၌ ရေးသားထားသည်။

အမေရိကန်ပြည်ထောင်စု တွင် ကျွန်ကုန် ကူးမှု ကို ထောက်ခံမှုပြုရန် သမ္မာကျမ်းစာ မှ စာပိုဒ် အချို့ကို ကိုးကားခဲ့သည့် ပုံစံ အတိုင်း အစ္စလမ္မစ် စတိတ် သည်လည်း ၎င်းတို့၏ လူကုန်ကူးမှု ကို ဖြေရှင်းမှုပြုရန် တမန်တော် မုဟမ္မဒ် ၏ ဘဝနေထိုင်မှုများ နှင့် ပြောစကားများကို အခြေခံ ထားသော ဆွန်နာဟ်ကျမ်း နှင့် ကုရ်အာန် ကျမ်းများမှ စာပိုဒ် များကို ထုတ်နှုတ် ကိုးကားခြင်းဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြား သည်။ 

အစ္စလာမ် ကျမ်းတတ် ပုဂ္ဂိုလ် များကမူ ယင်း အပိုဒ် များကို အဓိပ္ပါယ်ကောက်မှု များ နှင့် အစ္စလာမ် သည် ကျွန်ပြုမှု ကို အမှန် တစ်ကယ် ခွင့်ပြုခဲ့လေသလား ဆိုသော အမြင် ကွဲလွဲစေသည့်  မေးခွန်းများ အပေါ် သဘောမတူညီကြပါ။

အများစုက အစ္စလမ္မစ်စာပေ များတွင် ပါရှိသော ကျွန်ပြုမှု သည် သမ္မာကျမ်းစာ တွင် ပါရှိသော ကျွန်ပြုမှု နှင့် အတူတူ ပင်ဖြစ်ပြီး ယင်း မှာ ဂရိ၊ ရောမခေတ် ဘာသာ စတင်ပေါက်ဖွား လာသည့် အခြေအနေ ၏ ရောင်ပြန် ဟပ်မှုဖြစ်သည် ဟု ဆိုကြသည်။

"ကုရ်အာန် ထွက်ပေါ်လာတဲ့ အချိန် အခါတုန်းက လူတွေ က မလွတ်လပ်တဲ့ အမျိုးသမီးတွေနှင့် လိင်ပိုင်း ဆိုင်ရာ ပတ်သက် မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်" ဟု ဘော်စတန် တက္ကသိုလ် မှ ဘာသာရေးဌာန လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်ပြီး "အစ္စလာမ်ခေတ်ဦး မှ ကျွန်ပြုမှု များ" စာအုပ် ကို ရေးသား ခဲ့ သူ ကေစီယာ အလီ က ပြောကြားသည်။ "ဒါက ဘာသာရေး အလေ့အထ မဟုတ်ပါဘူး။ လူတွေ ပြုမူကြ ပုံ သက်သက်ပါ" 

ဖမ်းဆီးမှုများပြီးနောက် ပထမ အပတ် များထဲ မှာပင် အငယ်ဆုံး၊ အလှဆုံး အမျိုးသမီးများ နှင့် မိန်းကလေး များ ကို ဝယ်ယူ သွားကြသည်။ ကျန်သူများ အထူး သဖြင့် အသက်ကြီးသော၊ လက်ထပ် ဖူးပြီးသော အမျိုးသမီး များ မှာ မူ သူမ တို့၏ ဝယ်ယူရန် ကမ်းလှမ်းသူပေါ်သည် အထိ တစ်နေရာ မှ တစ်နေရာ ရွှေ့ပြောင်းနေကြ ရသည်။

ဖမ်းဆီးသူများသည် အမျိုးသမီး များ ၎င်းတို့ ကိုယ်ပိုင် ပုံစံဖြင့် မှတ်တမ်းယူလေ့ ရှိသလို အမည် ကိုလည်း ၎င်း တို့ဝေါဟာရဖြင့် ပေးကြလေ့ ရှိသည်။ အမျိုးသမီး နှင့် မိန်းကလေး များ၏ နာမည်နောက် ၌ 'ဆာဘာယာ' ကို တွဲခေါ်လေ့ ရှိသည်။ အချို့ ကို လက်ကား သမားများက ဝယ်ယူ သွားကြပြီး သူမ တို့ကို ဓာတ်ပုံရိုက်၊ နံပါတ် တပ်ကာ ဝယ်မည့် သူများကို ကြော်ငြာကြသည်။ 

ယာဇီဒီ အမျိုးသမီး များစွာကို မှောင်ခိုဈေးကွက်မှ ရွေးထုတ်နိုင်ခဲ့သော ယာဇီဒီ စီးပွားရေး သမား အိုစမန် ဟာဆန် အလီ က ၎င်းမှ ဝယ်ယူသူ တစ်ဦးဟန်ဆောင်ပြီး ဓာတ်ပုံ များကို ပို့ခိုင်း ခဲ့သည်ဟု ပြောကြားသည်။ ပုံပေါင်း များစွာ ကို လက်ခံ ရရှိခဲ့ပြီး တစ်ဦး စီမှာ အခန်းလွတ် တစ်ခု၏ ခုံတန်းရှည်ပေါ်၌ ခံစားချက် မဲ့သော၊ မရယ် မပြုံးမျက်နှာ ထားဖြင့် ကင်မရာဘက် မျက်နှာ လှည့်ထားသော ပုံများဖြစ်သည်။ 

ပုံအောက်ခြေထောင့်စွန်း ၌ အာရဗီ ဘာသာဖြင့် 'ဆာဘာယာ နံပါတ် ၁' ဆာဘာယာ နံပါတ် ၂' စသည် ရေး သားထားသည်။

အမျိုးသမီး များကို တစ်ပြုံ တစ်မ ထိန်းသိမ်း ထားသော အဆောက်အဦး များ ထဲတွင် သူမ တို့အား ခေါ် ယူကြည့်ရှုနိုင်သော သီးသန့်အခန်းများလည်း ပါဝင်သည်။

"သမီး တို့ကို အဆောက်အဦး ထဲ ထည့်လိုက်တော့ သူတို့က သမီး တို့ကို နင်တို့ 'ဆာဘာယ ဈေးကွက်' ထဲ ရောက်သွားပြီလို့ ပြောတယ်။" ဟု အမည် 'I' နှင့် စသော ဖမ်းဆီးခံခဲ့ ရသူ အသက် ၁၉ နှစ် အရွယ် မိန်းကလေး တစ်ဦးက ပြောကြားသည်။ "ဒီလိုနဲ့ 'သြော် ငါ ကျွန်ဈေးကွက် မှာ အရောင်း ခံရပြီ' လို့ နား လည်လိုက်ပါတယ်" 

အထပ် များစွာ ပါသော ၎င်း အဆောက်အဦး ၌ လက်မထပ် ရသေးသော အမျိုးသမီး နှင့် မိန်း ကလေးများ အနည်းဆုံး ၅၀၀ ရှိသည်ဟု မိန်းကလေးက ခန့်မှန်းသည်။ 

အငယ်ဆုံးသော မိန်းကလေး မှာ အသက် ၁၁ နှစ် ဖြစ်သည်။ ဝယ်ယူသူရောက်လာသော အခါ မိန်းကလေး များ ကို တစ်ယောက်ပြီး တစ်ယောက် သီးသန့် ခန်းထဲ သို့ ခေါ်သွင်းသည်။


ဒေါက်တာဒီမိုဆိတ်ဖွား
 
 

No comments:

Post a Comment