20 April 2016

တရုပ် ဆည် အလွဲများနှင့် မြန်မာပြည်‬

ပရလောကမှ ရှားပါးမှတ်တမ်းများ's photo.


ဇီပင်ပူး ဆည်ဟာ တရုပ်ပြည် မင်မြစ်ပေါ်မှာ ၂၀၀၁ လောက် က စဆောက်ပါတယ်။ ငလျင် ကြော နဲ့တစ်မိုင် သာ ကွာတဲ့ အနေအထား မှာ ရှိလို့ တရုပ် ငလျင်စောင့်ကြည့်လေ့လာရေး ဗျူရို က သတိ ပေးပါသေး တယ်။

၂၀၀၇၊ ၂၀၀၈ မှ ဆည်ဆောက်ပြီး လို့ရေလဲဖြည့်ရော ဆည်အောက်ပိုင်း ငါးကီလို အကွာမှာ ဗဟိုပြုပြီး ၇.၉ အင်အား ရှိတဲ့ Wenchuan ဝင်န်ချောင်း ငလျင် ၂၀၀၈ ခု မြန်မာပြည် နာဂစ် ဖြစ်တဲ့ အချိန်နဲ့ သိပ်မကွာ ဘဲ မေလ ထဲမှာ လှုပ်ပါရောလား ။

စီချွမ်ပြည်နယ် မှာ လူပေါင်း ရှစ်သောင်းလောက် သေကြေ ပျက်ဆီးခဲ့ပါတယ်။ ငလျင်ကြီးတွေ လှုပ်ပြီး နောက် ဆက် တွဲ ငလျင် တွေ ထပ်လှုပ်လေ့ ရှိတာမို့ ငလျင် တိုင်းတာရေး စခန်းတွေက နောက်ထပ် ငလျင် ၅၀လောက် အဲ့ဒီ ငလျင်ကြော တစ်လျောက်မှာ ထပ်လှုပ်တာ တိုင်းတာမိခဲ့ကြပါတယ်။

 ငါးနှစ်လောက် ကြာတဲ့အခါ အထွတ်အထိပ် ကိုရောက်လာပြီး ၂၀၁၃ ဧပြီ ၂၀ ရက် မှာ ပြင်းအား ခုနှစ် ရှိတဲ့ Ya’an ငလျင် ဟာ အဲ့ဒီ ငလျင်ကြောမှာဘဲ ထပ်လှုပ်လို့ လူတွေသေကြေ ပျက်စီးခဲ့ရ ပါသေးတယ်။ 

အထပ် ငါးဆယ်တိုက် လောက်ရှိမဲ့ ဆည်ကြီး ထဲက ရေထု ဟာ မြင့်လာလိုက် နိမ့် လာလိုက် လှုပ်ရှားနေတာ မို့ သူ့ရဲ့ရေ အလေးချိန်ဟာ ငလျင်ကြောမှာ ရှိတဲ့ ပြတ်ရွေ့ကျောက် တွေ အပေါ်နှဲ့နေသလို ဖိအားတွေ  ဖြစ်စေပြီး အဆုံး မတော့ အောက်ခံကျောက်တွေ ကျိုးပျက်ရွေ့လျားတာ ကနေ ငလျင်တွေ ဖြစ် ပေါ်စေခဲ့တာ ပါ။ (မြန်မာပြည် က မြစ်ဆုံ က သူ့ထက် ပိုမြင့်တယ်နော်)



ဆည်တွေ ဟာ ရေ လွှမ်းမိုးမှု နဲ့ မိုးခေါင်ရေရှားမှု ကို အကာ အကွယ်ပေး ဘို့ ဆောက်ရတယ် ဆိုပြီး ကြော်ငြာ ထိုး လေ့ ရှိပါတယ်။ ဒီကြော်ငြာကရော မှန်ရဲ့လား၊ အတိုင်း အတာ တစ်ခု အထိတော့ မှန်ပါလိမ့်မယ်။ ပုံမှန် မိုးလေဝသ အခြေအနေ မှာ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုသလိုပေါ့၊ 


မိုးတွင်း တရှိန်ထိုး စီးဆင်း လာတဲ့ ရေတွေ ကို ဆည်ထဲမှာ သိမ်းဆည်း ထားပြီး နောက်မှ တဖြည်းဖြည်းပြန် လွှတ်ပေးလို့ ဆည်အောက်ပိုင်း၊ မြစ်အောက် ခြေဒေသ တွေ ရေကြီး နိုင်မှု ကို အကာ အကွယ်ပေးနိုင်ပါ တယ်။ 

ရွာချ တဲ့ မိုးရေက ဆည်ဆောက်စဉ် ကာလက မျှော်မှန်း တွက်ချက် ထားတာ ထက် ပိုမယ်၊ ဆည် ထဲမှာ လဲ အထက်ရေဝေရေလဲ က သစ်တောတွေ ပြုန်းတီးမှုမြန်လို့ မြေပြို တိုက်စား စီးဆင်းမှုတွေများလားပြီး နှုန်းတွေ အနယ်ထိုင်မှု က များလာမယ် ဆိုရင်တော့ ဆည် ရဲ့ ရေထိန်း ထားနိုင်မှု ဟာ အကန့် အသတ်ဖြစ်လာပြီး ဆည် ဟာပြိုကျမဲ့ အရေး၊ တွက်ပြီး ရေဖောက်ချ၊ လွှတ်ချ ရလိမ့်မယ်။ 

တစ်ချိန်ထဲ ရေပိုလွှဲ က လဲ တရှိန်ထိုး စီးဆင်းနေမှာ မို့ ရေနှစ်ရေ ဆုံပြီး ဆည်အောက်ဒေသတွေ ရေကြီးရေ လျှံ မှုတွေ ကြုံတွေ့ရမယ်။ ဆည်နဲ့ ရေပိုရေလွှဲ ဒီဇိုင်း အနေအထား အပြင် ဆောက်လုပ်ထားတဲ့ အရည် အသွေး အပေါ်မူတည်ပြီး ဆည်အောက်ပိုင်း ရေလွှမ်းမိုး မှု ခံရချက် ပြင်းထန်မှုဟာ ကွာပါလိမ့်မယ်။

 ယေဘူယျ အားဖြင့် ဆည် မရှိရင် မြစ်အောက်ပိုင်း ဒေသတွေ ရေကြီးရေလျှံမှု ဒဏ် ခံရမှုဟာ တစ်တန်လေး တဲ့ ပြိုင်ကား မိုင်နှစ်ရာလောက် တရှိန်ထိုးမောင်းလာတာ ကို တိုက်ခံ ရတာနဲ့တူပြီး၊ ဆည် ရှိရက် နဲ့ ရေ မထိန်းနိုင် လို့ရေကြီး ရင်တော့ တန်ချိန် ၆၀လောက် ရှိတဲ့ ကုန်တင်ကား မိုင်၅၀လောက် နဲ့ အတိုက် ခံရတဲ့ သဘောနဲ့ တူပါလိမ့်မယ်။

 ပြိုင်ကား တိုက်တာနဲ့ ကုန်တင်ကား တိုက်တာ ဘယ်ဟာ ပိုနာမယ် ထင်ပါသလဲ။ ရူပဗေဒ အခြေခံ သင်ဘူး လို့ အဟုန် ရဲ့ သဘောကို နားလည်ရင်တော့ ဒီ အမေးရဲ့ အဖြေသဘော ကို နားလည်နိုင်ပါလိမ့်မယ်။ 

သိသာနိုင် တဲ့နောက် တစ်ချက် ကလဲ ပြိုင်ကားက သူ့ လမ်းကြောင်း အတိုင်း သူလာပြီးမှ တိုက်မှာ၊ ကုန်တင် ကားက တော့ ပတ်ချာ လည်ပြီး လမ်းပေါ်ကော လမ်းဘေးကော အကုန် ဗြဲလရမ်း တိုက်စားသွားမှာပါ။ 

ထင်ရှားတဲ့ ဥပမာ ကတော့ မနှစ် က မုန်းချောင်း ဆည် နဲ့ ကြီးအုံ ကြီးဝ ဆည်နှစ်ခုကြား ဗျာများ ခဲ့တဲ့ စေတုတ္တရာ နယ် က အဖြစ်အပျက်ပါဘဲ။

ဆည်တွေ ဟာ မိုးတွင်းမှာ ဆည်ထဲ ရေစုပြီး ဆည်အောက်ပိုင်း ရေလျော့ လွှတ် တဲ့ အတွက် မြစ်ချောင်း အောက်ခြေ ဒေသတွေ မှာ ရေစီးကြောင်းဟာ ပုံမှန် အတိုင်း မဟုတ်တော့ပါဘူး၊ ယခင်ရေတက် ခဲ့ သလောက် မြစ်ရေ ၊ချောင်းရေ ဟာ တက် မလာတတ်ပါဘူး၊ ရေလွှမ်း လွင်ပြင်တွေဟာလဲ အရင်လို ရေ မရောက်တော့ပါဘူး၊ 

နီးစပ် တဲ့ ဥပမာပေး ရရင်တော့ ဧရာဝတီမြစ် တစ်ကြော ရေစီးရေလျော့ သွားလို့ မန္တလေးတောင်သမန် အင်းရေ မလျှံတော့ ဘူးပေါ့၊ အောက်ပိုင်း တံတားဦး တောင်သူတွေရေမျှော်ပေမဲ့ရေ နဲ့ဝေးပြီပေါ့၊ စိန်တစ်လုံး သရက်ခြံတွေ ရေငတ်ပြီပေါ့၊ ချင်းတွင်းမြစ် ဆိုရင်လဲ ချောင်းဦး၊ အမြင့် ရေ လွှမ်းရမဲ့ အချိန်ရေ မရောက်တော့ တာပေါ့။ 

ရလဒ် က တော့ အဲ့ဒီ့ဒေသက ရေတွင်း ၊ရေကန်တွေ ခန်း၊ မြေအောက်ရေတွေလျော့ပါးတဲ့ ဒဏ်ကို ခံစားရ မှာ ပါ။ ဒီနှစ် လို အပူပြင်းထန် ခဲ့ရင် ပူပြင်းခြောက်သွေ့မှု ဟာပြောဖွယ်ရာ မရှိတော့ပါ။ မန္တလေး နားမှာ ဧရာဝတီ ထဲ စီးဝင် တဲ့ ဒုတ္ထဝတီ ၊မြစ်ငယ်မြစ် ဟာလဲ အထက်မှာ ရဲရွာရေအား လျှပ်စစ် ဆည်တည်ဆောက် ထား တာမို့ နွေရာသီ ဆည်အောက်ပိုင်း ရေလွှတ်မှုလျော့ချ လိုက်တဲ့ အခါ အင်းဝ၊တံတားဦး ဒေသတွေ ပူပြင်းခြောက် သွေ့တော့ တာပါဘဲ။ 

ကံအားလျော်စွာနဲ့ ကချင်မြောက်ပိုင်းဒေသ ဟာ ဟိမဝန္တာ အရှေ့မြောက်ရာသီ အငွေ့အသက် ရလို့ မိုးတွေ ရွာ တာရယ်၊ ခါကာဘို ရာဇီရေခဲတောင်တွေ အရည်ပျော် တဲ့ အချိန်အခါ နဲ့ တိုက်ဆိုင်တာကြောင့် ဧရာဝတီ နွေရာသီကြီး မြစ်ရေတိုး တဲ့ အတွက် ခံသာသွားပါတယ်။ 

 စဉ်းစားသာကြည့်ကြပေတော့ မြစ်ဆုံ မှာသာ ဆည်ကြီး ခံနေလို့ကတော့ မန္တလေးဒေသရေရောက်နိုင် ပါ့မလား၊ မန္တလေး ဂေါဝိန်ဆိပ် တစ်လျောက်မှာ အာရှဖွံ့ဖြိုး ရေး ဘဏ် ချေး ငွေနဲ့ မြေအောက်ရေ တွင်းတွေ တူးပြီး မြို့ရေပေးရေး လုပ်နေတာပါ။ 

အကြွေး တောင်မကြေသေး ဘူး ရေတွင်းတွေရေထွက် အားလျော့သွားပြီ။ ဧရာဝတီမြစ်ရေ က ဒီမြေအောင်ရေ တွင်းတွေ ကို ဖြည့်ဆီးပေးရာ အရင်းအမြစ် တခုဖြစ်လို့ ဆည်တွေကြောင့်ရေစီးရေ လာပြောင်း လဲမှု ဖြစ်မယ် ဆိုရင် သူတို့ ရဲ့ကံကြမ္မာ ကို စဉ်းစားလို့ရပါတယ်။

ဆည်တွေ ဟာ မိုးလွန်ပြီး၊ ခြောက်သွေ့ ကာလ အချိန်မှာ ရေကို လွှတ်တဲ့ အခါ အောက်ခြေ က နောက်ပြဿ        နာ တစ်မျိုးကြုံတွေ့ရပါတယ်။ 

မိုး အကုန် ဆောင်း ဝင်လို့ မြစ်ရေကျသွားတဲ့ အခါ ပေါ်လာတဲ့ ကိုင်း မြေတွေ မှာ စိုက်မယ်ပျိုး မယ်လုပ်ခြင်ပေ မဲ့ ပုံမှန် ကာလထက် ကို ပိုမို မြစ်ရေက များနေတဲ့ အတွက် စိုက်ရေး၊ ပျိုးရေး ခက်ရပြန်ပါတယ်။ 

ဆည်တွေနွေ ရာသီရေလွှတ် လို့ ရေရတယ် လို့ပြောနိုင်ပေ မဲ့ တောင်သမန် ထဲဝင် လောက်အောင် လဲ ရေ က ရမှာ မဟုတ်လို့ အမရပူရ သမားတွေ အတွက် ထူးခြားမှာ မဟုတ်ပါ။ ရာသီဥတု ပြင်းထန် တဲ့နှစ်တွေမှာ ဆို ဆည်တွေကိုယ်တိုင် က လျှပ်စစ်ဓာတ်အား ထုတ်ဘို့ ရေကို စိုးရိမ်ပြီး မလွှတ်တော့ရင် မြစ်အောက်ခြေနေ ထိုင်သူတွေ အရူးမလင် လုပ်နေရသလိုပါဘဲ။

 အောင်လံ၊ မြေထဲ ဗွက်ကြီးချောင်း ဆည် အဆောက် ကောင်းတာ၊ ဆည်ရေသောက် ဧရိယာတွေလဲ ဆည်ရေ မပေးနိုင်၊ ချောင်းအောက်ပိုင်း ယခင် မြေနုကျွန်းပေါ် စိုက်ပျိုးရေးကောင်းတဲ့ ရွာတွေရေ ငတ်ပြီး စီးပွား ပျက်တော့တာပါဘဲ။

ဆည် စီမံကိန်း ချမှတ်သူ များဟာ ဆည်ကောင်းကျိုး ကိုမျှော်ပြီး ရေကြီးရေလျှံမှု ကို ကာကွယ်မယ် ဒေသ စိမ်း လန်း စိုပြေရေး ကို အထောက်အကူပြုမယ် ဆိုသော်ငြားလည်း၊ ဆည် ကို တစ်ကယ် စီမံခန့်ခွဲတဲ့ သူများဟာ မထင်မှတ် ထားတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်၊ မိုးလေဝသ ဖောက်ပြန်မှုတွေ တွေ့ရတဲ့အခါ အထက်မှာ ဆိုခဲ့ သလို အခက် အခဲ စိန်ခေါ်မှုတွေကို တွေ့ရတော့တာဘဲ။ 

တရုပ်ပြည် ရဲ့ အထူး ထင်ရှားတဲ့ ကမ္ဘာ မှာ အကြီး ဆုံး လျို သုံးမြောင်ဆည်ကြီးဟာ ၂၀၁၀မှာ မိုးသည်းထန် မှုအောက် မှာ စိုးရိမ်ရေမှတ် ထက် ၁၂  မီတာ  ထက်ကျော်ပြီး ဆည်ရေမြင့်တက် လာတဲ့အခါ ဆည်စီမံခန့်ခွဲ သူတွေ က floodgates ရေ တံခါးတွေ အစွမ်းကုန် ဖွင့်ပြီး ရေတွေလွှတ်ချရ တော့တာပါဘဲ။ 

ဆည် မကျိုးပေါက်ခဲ့ပေမဲ့ ဆည်အောက်ပိုင်း မှာ လူ တစ်ထောင်ကျော်သေဆုံး ခဲ့ပြီး ရေ လွှမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးမှု စုစုပေါင်းဟာ ၂၆ ဘီလျံဒေါ်လာ ရှိတယ်လို့ပြောတဲ့ အတွက် ဆည် ဆောက်တဲ့ ကုန်ကျ စရိတ် နဲ့ အတူတူလောက် ရှိသွားတယ်။ 

ဆည် မရှိရင် ပိုပြီး ဆုံးရှုံးမှာလား ဆိုတာ ကတော့ ပြိုင်ကား နဲ့ ကုန်တင်ကား တိုက်တဲ့ ဥပမာ လိုပါဘဲ။ ပုံမှန်နှစ်တွေ မှာ ဆိုရင်တော့ လျို  သုံးမြောင် ဆည်ဆောက် ထားတဲ့ ယန်စီမြစ်အောက်ပိုင်းဒေသ ဟူနန် Hunan မှာ ရှိတဲ့ Dongting ဒွန်တင်းကန်၊ Jiangxi ရှမ်ဇီ မှာ ရှိတဲ့ Poyang ပိုယန် ကန်တွေဟာ ရေမရတော့ဘဲ တဖြေးဖြေးရေ ခန်းခြောက် ကန် ဧရိယာ ကျဉ်းမြောင်း လာပါတယ်။ 

ကန်သေးတော်တော် များများ ဟာလဲ လုံးဝ တိမ်ကော ပျောက်ကွယ် သွားပါတယ်။ ၂၀၁၁ ဧပြီလ ပူပြင်း ခြောက် သွေ့ တဲ့ အခါ ယန်စီမြစ်အောက်ပိုင်း မြစ်ရေ ဟာ အလွန် အမင်းနိမ့် ဆင်းကျ သွားပြီး လှေ ၊သဘောင်္ ထောင်ပေါင်း များစွာ ကမ်းတင် ကုန်တော့တာပါဘဲ။ 

 လျှပ်စစ်မီး ရရှိမှုဟာလဲ ကျဆင်းပြီး အပြော နဲ့ အလုပ် မကိုက် တော့ပါဘူး။ ရှေ့လျောက် ရာသီဥတု က ဒီ့ထက် ဆိုးဘို့ဘဲ ရှိတာမို့ အခြေအနေ ဘယ်လို ရှိမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

 နောက်ထပ် ဆည်ပြဿ        နာ တလွဲတွေ 

ဥပမာပေး ရရင်တော့ ၁၉၇၅ခုနှစ် က ပြိုကျ ပျက်စီး သွားတဲ့ လူ ၂၆၀၀၀ သေဆုံးတဲ့ ဟူဝေး Huai က ၁၁၈ မီတာ အမြင့် ရှိတဲ့ Banqiao ဘန်ကျူး ဆည်ပါဘဲ။ ဒီ ဆည် ကို ၁၉၅၁ ခုနှစ်တုံးက ရုရှား အကူ အညီ နဲ့ဆောက် ခဲ့ပြီး ဆည် ကို နှစ်တစ်ထောင်မှာ တစ်ခါ သာကြုံနိုင်မဲ့ မိုးသည်းထန်မှု (တစ်နေ့မိုး အများဆုံး ရွာသွန်းနိုင်မှု ၃၀၀ မီလီမီတာ) အခြေအနေ အတွက် မှန်းဆ တွက်ချက်ပြီး တည်ဆောက်ခဲ့ တာပါ။

အဲ့ဒီဒေသမှာ တိုင်ဖုန်းမုန်တိုင်း နင်နာ သြဂုတ်လ မှာ တိုက်တဲ့ အခါ တနေကုန် ရွာချတဲ့ မိုးရေချိန်ဟာ ၁၀၆၀ မီလီမီတာ (၄၂ လက္မ နီးပါး) ရောက်သွားပါတယ်။ ဆည်လည်း ဘယ်လိုမှ မဟန် သာဘဲ ကျိုးပေါက် သွားတော့ တာပေါ့။ 

တစ်စက္ကန့် ကို ကုဗမီတာ ၇၈၈၀၀ နှုန်း နဲ့ ကျိုးပေါက်လာတဲ့ ဆည်ရေတွေဟာ ငါးနာရီခွဲ အတွင်း     မှာ ရေ ကုဗမီတာ ၁.၆၇ ဘီလျံ ခန့် တစ်ဟုန်ထိုး စီးဆင်းသွားပါတယ်။ ရေ အနက် ၉ ပေကနေ ၂၃ ပေ ရှိတဲ့ ရေ လွှမ်း လွင်ပြင် စတုရန်းမိုင်၄၆၀၀ ကို ဖြစ်ပေါ်စေပါတယ်။ 

Banqiao ဆည် ကျိုးပေါက်တဲ့ အခါမှာ သူရဲ့ အောက်မှာ ဆောက်ထားတဲ့ အခြား ဆည်တွေကို လည်း ရေလွှမ်း ရာလမ်းကြောင်းပြောင်းအောင် လေယာဉ် က ကို ဗုံးကြဲပြီး တစ်မင် တစ်ကာ ဖျက်ဆီးပစ်ရပါတယ်။ ဒါဟာ လဲ မြစ်ဆုံ ဆည်လို မြစ်တခုထဲ မှာ ဆည်တွေ အထက်အောက် တန်းစီပြီး ဆောက် ထားတဲ့ ဆည်တွေရဲ့ ဒိုမီနိုအကျိုးဆက် အန္တရာယ် ကို ညွှန်းပြနေတာဖြစ်ပါတယ်။ 

ဒီ ဆည်ကျိုးမှု က ဘာ သင်ခန်းစာ ရသလဲ ဆိုရင် ဆည်ဆောက် စဉ်ကာလ မှာ မိုးလေဝသ နဲ့ ဇလဗေဒ ဆိုင်ရာ အချက် အလက်တွေ အပြည့်အစုံ ရယူလေ့လာ စူးစမ်း သုံးသပ်နိုင်မှု မပြုလုပ်နိုင်ခြင်း၊ ဆောက် လုပ်ရေး အရည် အသွေး ညံဖျင်းခြင်း၊ 

ဆည်ရေကြီးတဲ့ အခါမှာ ဆက်သွယ်ရေးပြတ်တောက် သွားပြီး အထက် က ဆည်ရေလွှတ်  ဖို့စေခိုင်းပေနေမဲ့ ဆည်အောက်ပိုင်းရေတိုးနေလို့ (စေတ္တုတရာမြို့နယ် ကြီးအုံကြီးဝ ဆည် ရေကြီးရေပြန်တိုး ၍ မုန်းချောင်း ဆည် ရေလွှတ်သည့် အခါ အခက်အခဲဖြစ်နေခြင်းမျိုး) မလွှတ်မိ ရာက အစ ဆည်ကြံခိုင်မှု ချို့ယွင်းပြီး ပျိုကျ ပျက်ဆီးခြင်း အစရှိတာတွေကို တွေ့နိုင်ပါတယ်။

ဒီဆောင်းပါး ဟာ ဆည် မကောင်းကြောင်း ဝါဒဖြန့်တာ မဟုတ်ပါ။ ဆည် တည်ဆောက်ခြင်း ဟာ တိုင်းနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ဆက်စပ် ပါလာတဲ့ လူသားတွေ ရဲ့ နည်းပညာ စွမ်းဆောင်နိုင်မှု မှတ်တိုင် သမိုင်းပါ။ 

ရာသီဥတု ပြောင်းလဲခြင်း က လဲ ဆက်ရှိနေမှာ မို့ ရေ ကို စုဆောင်း သိမ်းဆည်းခြင်း အလုပ်ကို တစ်မျိုး မဟုတ် တစ်မျိုး ကြံဆ စီမံခန့်ခွဲနေရဦးမှာ ဖြစ်လို့ ဆည်ဆောက်လုပ်ခြင်း ဟာ မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍ တရပ် အဖြစ်နေနဲ့ဆက်ရှိနေမှာပါ။ 

ဒီဆောင်းပါး က အဓိက ထောက်ပြချင်တာက ဆည် ဒီဇိုင်း ထုတ်သူများ ဟာ ပြောင်းလဲ လာတဲ့ ရာသီဥတု နဲ့ ဖောက်ပြန် တတ်တဲ့ မိုးလေဝသ အချက်အလက်တွေ ကို ပိုမို ထည့်သွင်းစဉ်းစား လာဘို့လို တယ်၊ ပြီး ကတတ် ဆန်း မလုပ်ဘို့ပါဘဲ။ မြေငလျင် ပညာရှင်တွေက ထောက်ပြနေတာတွေကို မျက်ကွယ်ပြုတာတွေ၊ 

ဆည်ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုး Environmental Impact Assessment (EIA) လေ့လာ ဆန်းစစ် တဲ့နေရာ မှာလည်း လဘ်ပေး လပ်ယူ ရှိတာတွေ၊ ကိန်းဂဏန်း အချက်အလက်တွေ ကို ဆည်ဆောက်ခြင် သူများအကြိုက် မယုတ်မလွန် အလိုကျ အကောက်အယူလုပ်တာတွေ၊ ရှောင်ရပါမယ်။ 

လက်ရှိ ဥပဒေတွေ ကလဲ ဆည်တစ်ခုခြင်း တည်တဲ့ အပေါ်မှာသာ ဆန်းစစ် တာမျိုး ဖြစ်ပြီး ဆည် အတွဲလိုက် အထက် ၊အောက် အတန်းလိုက် အစု အဖွဲ့ ဆောက်လုပ်ခြင်း နဲ့ပတ်သက်ပြီး Cumulative Impact Assessment ထပ်ဆင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဆန်းစစ်မှု လုပ်ဖို့ အတွက် အထောက်အပံ ဖြစ်မနေ တတ် ပါဘူး၊ ဆည်ဆောက်ပြီးတဲ့ အခါ ဆည်စီမံခန့်ခွဲရေးဟာ အသက်ပါ။

 ဆည် စီမံခန့်ခွဲ မှု ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တာဝန်ယူ၊ တာဝန် ခံတတ်မှု မရှိခြင်း၊ သက်ဆိုင်သူ အားလုံး ဆည် စီမံခန့်ခွဲမှု တွင် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ခွင့် ကို ခွင့်မပြုခြင်း၊ ဆည်ဆောက်စဉ် မှာသာ ပိုက်ဆံ သုံး သလောက် ဆည် ထိန်းသိမ်းမှုတွင် ကပ်စီး နဲခြင်း အလွဲ သုံးစားများခြင်း အစရှိသဖြင့် အလွဲများစွာရှိတတ် ပါတယ်။ 

တနည်း အားဖြင့် ဆိုလျင် Water Governance ရေအရင်း အမြစ် ကို မြင်သာ ထင်သာ စွာဖြင့် အားလုံး ပူးပေါင်း ပါဝင် စီမံခန့်ခွဲမှု ကောင်းမွန်အောင် မဆောင် ရွက်နိုင် ခြင်းတို့က ဘယ်လောက်ပင် နည်း ပညာကောင်းကောင်း ဆည် ကို တစ်လွဲ   စီမံခန့်ခွဲခြင်းဖြင့် မူလ ရည်မှန်းချက် လဲ မမြောက်၊ သဘာဝ ပတ်ဝန်းကျင်လဲ အဖတ်ဆည် မရအောင် ပျက်စီးခြင်းနဲ့ အဆုံးသတ်ရပါတယ်။

မြန်မာနိုင်ငံ မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော်လည်း Water Governance ကို ချက်ခြင်း၊ နတ်ရေကန်ထဲ ချလိုက် သလို တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ သွားအောင် စွမ်းဆောင်နိုင်မည် မထင်ပါ။ 

အချိန် ယူရန်လို အပ်သောကြောင့် ဖြစ်သည်။ အဖက်ဖက် က လိုအပ်ချက်များ ရှိနေသည့် အချိန် Water Governance ကလဲ အားနဲ နေစဉ် ကာလတွင် အင်မတန် risk ဆုံးရှုံးနိုင်မှု များသော ဆည်များ တည်ဆောက် စီမံ ခန့်ခွဲမှု ကို ပြုမည် ဆိုပါက အောင်မြင်နိုင်မှု အခွင့်အလမ်း နဲပါလိမ်မယ်၊ 

သူ့အိုးနှင့် သူဆန် တန်ယုံ ဟုရှေး ရိုးစကား ရှိသည့် အတိုင်း မိမိ အခြေအနေနှင့် ကိုက်ညီသော နည်းပညာ၊ စီမံ ခန့်ခွဲ မှု တို့ဖြင့်သာ ရေ သယံဇာတ ကို စီမံခန့်ခွဲသင့်ပေသည်။ အတိတ် ကာလ ဆည် များ၏  အလွဲ ကို သိရှိခြင်း အားဖြင့် ဆထက် တံဘိုး တိုးကာ ကောင်းမွန်သော ဆည်မြောင်း တာတမံ များကို အကျိုးရှိစွာ စီမံ ခန့်ခွဲနိုင်ကြ ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။


မှီငြမ်း။ ။ 
(၁) Charlton Lewis (2013), China’s Great Dam Boom: A Major Assault on Its River, Yale Environment 360, On Line Magazine, www.e360.yale.edu 
(၂) Banquiao Dam, Wikipedia, en.m.wikipedia.org


#‎ဝင်းမျိုးသူ‬၊ ၁၇ ဧပြီ ၂၀၁၆
 #‎Save_Ayeyarwaddy‬


No comments:

Post a Comment