30 September 2013

ဧ ရာ ဝ တီ { ကဗျာ }


ငါ့ကိုမလိမ်ပါနဲ့ ဧရာဝတီ
မျက်ရည်တသွင်သွင်နဲ့
အဆုံးမဲ့ခရီးချိုးကွေ့ဝင်ခဲ့

တစ်ခါတစ်ရံ အပြင်းအထန်
ငါကြားနေရတဲ့မင်းငိုသံ
လှိုင်းပုတ်သံလို့ပဲထင်ခဲ့တယ်

နေဒဏ် မိုးဒဏ်အောက်က
အရိုးခံမင်းဘဝ ဘယ်တော့မှ
အကျည်းမတန်ခဲ့ဘူး
မင်းဖိတ်ကျခဲ့တဲ့မျက်ရည်နဲ့
လူသားတွေရဲ့အူ စိုစွတ်ခဲ့
ပေးဆပ်ခြင်း အတွက်
ဘယ်အချိန်ထိ ငိုနေမလဲ ဧရာဝတီ

မျက်မမြင်တို့မိုက်ကန်းမှုနဲ့
အရောင်စုံအမှိုက်တွေစွန့်ကြဲ
ဒါလည်းပဲကျေနပ်နေရဲ့
အတိုက်စားခံ ကမ်းပါးကတရိရိ
ကိုယ့်အတွက် မကြည့်တဲ့အသိနဲ့
အဖိုးတန်မျက်ရည်သာ
ဆက်လက်ထွက်ခွာ ငါ
စာနာပါတယ် ဧရာဝတီ

ချွေးစက်တွေလား
မျက်ရည်တွေလား ဒါမှမဟုတ်
နေ့ရှိသရွေ့ရနေတဲ့ဒဏ်ရာရဲ့
သွေးစက်တွေလား ငါ
မသဲကွဲခဲ့ပါဘူး
နင့်နင့်နာနာ ခံစားနေရတဲ့
တောင်းဆိုမှုတွေ ဘယ်အချိန်ထိ
ဝေငှနေဦးမှာလဲ ဧရာဝတီ ။

လေသွေးညို
From...Facebook

No comments:

Post a Comment