28 September 2015

စိတ်ရည် စိတ်သွေး ဆိုသည်မှာ


                                                 Emotional quotient
 
အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ည တစ်ည ရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး တစ်ခြံထဲ က နှစ် ထပ် တိုက် ရဲ့အပေါ်ထပ် မှာ လူသုံးယောက် အိပ်နေကြတယ်။ အဲဒီ အချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါး ပွင့်လာတဲ့ အသံ ကို သူတို့ သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။ 
 
သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲ ဆိုပြီး အော်ဟစ် လို့ ခေါင်းမြီးခြုံနေလိုက် သတဲ့။ သရဲ ကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ် လို့ ထင်တဲ့ နောက် တစ်ယောက် ကတော့ တွေ့တဲ့ ပစ္စည်း ကောက် ကိုင် ပြီး အောက်ထပ် ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုး လည်း ဂရု မစိုက်တဲ့ နောက်ဆုံး တစ်ယောက် ကတော့ တုတ်တုတ်မျှ မလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ 
 
ဒီဖြစ်စဉ် ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေး က လှုံ့ဆော် လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီ ရဲ့ ခံယူချက်ပေါ် မူတည်ပြီး သူတို့ ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။ အခက်အခဲ ဆိုတာကို စိတ်ညစ် စရာလို့ မြင်ပြီး ဝေးဝေး က ရှောင်ချင်တဲ့ သူက အသက်ကြီး လို့သာ လူကြီး ဖြစ် သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည် အသွေးတွေ ပေါ်လာဖို့ အတွက် အခွင့်အလမ်း ပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော် လွှားလိုက်တဲ့ သူက ဘ၀ မှာ အများ လေးစားရသူ အဖြစ် အောင်မြင်လာတယ်။  
ဆင်းရဲကျပ်တည်း တဲ့ မိသားစု က ပေါက်ဖွားလာတာချင်း တူပေမယ့် တစ်ယောက်က ဒါကို စိတ် ထွက်ပေါက် ပေးရင်း နဲ့ လူဆိုး လူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊ နောက် တစ်ယောက်ကတော့ ငါ ဒီအခြေ အနေ အဆိုး ကနေ လွတ်မြောက်ဖို့ ပညာမှ တစ်ပါး တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစား လိုက်တာ ပါမောက္ခ ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။


တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အရာတွေ ကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော် တို့ ရွေး ချယ် လို့ ရတာက အဲဒီ အဖြစ် အပျက်တွေ အကြောင်းအရာတွေ ကို ဘယ်လို ခံယူချက်မျိုး ထားပြီး တုံ့ပြန် မလဲ ဆိုတာပါပဲ။

ယနေ့ခေတ် မှာ ဥာဏ်ရည် ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်း ဆိုင်ရာ အရည်အသွေး (EQ) ကောင်း ဖို့က ပို အရေးကြီးတယ် လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့် လိုက် ရင် အဲဒီ စိတ်ပိုင်း ဆိုင်ရာ အရည်အသွေး က အောင်မြင်မှု အတွက် အဓိက ကျနေတာကို တွေ့ရ ပါတယ်။

စိတ်ပိုင်း ဆိုင်ရာ အရည် အသွေး ငါးခု ရှိပါတယ်။
၁။ မိမိကိုယ်ကို သိခြင်း(Self awareness)        လူ ဆိုတာ ကိုယ့်ကိုယ် ကိုယ် အပြစ် မမြင် တတ်ပါဘူး။ ကိစ္စ တစ်ခု ဖြစ်လာတိုင်း ကိုယ်သာ မှန်တယ် ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှု ဆက်ဆံရေး မှာတော့ အဲဒီ အတ္တ ဟာ တကယ့် အတားအဆီး ပါပဲ။ လူဟာ ကိုယ့်ဘ၀ ကိုယ်သိဖို့ သိပ်ကို လိုအပ်ပါတယ်။ 
 
ဘ၀ ဆိုတာကို ကျောင်း လို့ တင်စားရင် အဲဒီကျောင်း မှာ အောင်မြင်မှု ရဖို့ ကျွန်တော် တို့တွေ စာမေးပွဲ ဖြေ ကြ ရပါတယ်။ ဒါပေမဲ့ အဲဒီ စာမေးပွဲတွေ က တစ်ယောက် နဲ့ တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေ ကိုပဲ ဖြေဆိုကြရတယ်။ သူများ ပုစ္ဆာ သွားဖြေချင်လို့ မရဘူး။ 
 
ဆရာဝန် ဖြစ်သွားတာချင်း တူရင်တောင် မိဘ ပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေ ချိန်မှာ ပံ့ပိုးမှု မရှိတဲ့ သူက ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေရတယ်၊ အလုပ်လုပ် နေရတယ်။ ဒါကို ငါ သူတို့ လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီး ကို အပြစ် ထိုင်တင်နေရင်တော့ အချိန် ကုန်သွားတာပဲ အဖတ် တင်မယ်၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အရှိကို အရှိ အတိုင်း လက်ခံ၊ ကိုယ့်ဘ၀ ကိုယ်သိ၊ ကိုယ့် ပုစ္ဆာ ကိုယ် နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
၂။ မိမိကိုယ် ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self Requlation) အောင်မြင်မှု ဆိုတာ မတော်တဆ တိုက်တိုက် ဆိုင်ဆိုင် ရလာတယ်ရယ် လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက် ယူရပါတယ်။ ခပ်ငယ်ငယ် မှာ အိပ်ချင်တာ၊ ပျော်ချင် ပါးချင် လည်ချင် ပတ်ချင်တာတွေကို ချုပ် ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေ ထိုင်ရပြန်ပါတယ်။ 
 
အဆိုတော် တစ်ယောက် ဟာ အသံ ကို ဂရုစိုက် ရတယ်၊ အိပ်ရေးပျက် ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စား လို့မဖြစ်ဘူး။ ဘောလုံး သမား တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့် နေရတယ်၊ ခန္ဓာကိုယ် ကြံ့ ခိုင်အောင် စားရ သောက်ရ နေရထိုင်ရတယ်။ 
 
ပိုက်ဆံ မရှိသေးတဲ့ အချိန်မှာ အသစ် အဆန်း လိုချင်တာ၊ သုံးချင် စွဲချင်တာတွေ ကို ချုပ်တည်း ရသလို၊ ပိုက် ဆံတွေ ရလာချိန် မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခ ပြန်မပေးနိုင်အောင် အပျော် အပါးနောက် မလိုက်မိအောင် ထိန်းချုပ် ရပြန်ပါသေးတယ်။ ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့ သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။
၃။ စိတ်ဓာတ် တက်ကြွခြင်း (Motivation) Motivation=A passion to work for the reasons that go beyond money and status. အကြိုက်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ပါ။ အဝေးပြေး ကားတွေ ကို ညဘက် ဆို ရဲတွေ စစ်ဆေးလေ့ရှိကြ တယ် ၊ မှောင်ခို ပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါ မပါပေါ့။ ဘာတွေ လာ ရှာနေတုန်းလို့ ရဲနှစ်ယောက် ကို မေး ကြည့် လိုက်တယ်။ 
 
“ဒီလို ပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓာတ်မီး နဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော် တို့ အလုပ် က သိပ်ကို အရေးပါတယ်၊ ကျွန်တော်တို့သာ တစ်ခုခု မှား ယွင်းသွားရင် တိုင်းပြည် အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါး ဆိုလည်း လူငယ်တွေ အတွက် သိပ်ကို အန္တရာယ် များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက် ရဲ့အရည်အချင်း နဲ့ စွမ်းဆောင်ရည် (Performance)ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ 
 
အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့ အလုပ်မှာ အောင်မြင်ဖို့ အတွက် အရေးကြီးဆုံး ဟာ ဘာလဲ ဆိုရင် သူ့အလုပ်ကို သူ ဘယ်လို သဘောထားလဲ ဆိုတာပါပဲ။ ၄။ လူမှုဆက်ဆံရေး (Social Skill) ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံး လှုံ့ဆော်နိုင်စွမ်း၊ အသင်း အဖွဲ့ စိတ်ဓာတ်၊ ဒါတွေ အကုန်ပါဝင်ပါတယ်။ လူမှု ဆက်ဆံရေးလို့ ပြောလိုက်ရင် လူတွေက စကားပြော ကောင်းတာကိုပဲ ပြေးမြင် တတ်ကြတယ်။ လို အပ် တာတော့ မှန်ပေမယ့်၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ 
 
တချို့ဟာ ရုပ်ရည် မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့၊ အတွေ့အကြုံ မရှိလို့ စသဖြင့် ကိုယ့်ကို ကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့ အခါ လူတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတော့ပါဘူး။ သူများ အတွက် သာမန် လို့ ထင်ရတဲ့ ကိစ္စလေးတွေက သူ့ အတွက်တော့ ငါ့မို့ လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင် သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက် နဲ့ တစ်ယောက် ဆက်ဆံရ အဆင်မပြေတော့ပါဘူး။ လူ တစ်ယောက်ဟာ ကိုယ့်ကိုယ် ကိုယ် လေးစားမှု ရှိရဲ့လား ယုံကြည်မှု ရှိရဲ့လား ဆိုတာ အပြင် တခြား လူတွေ အပေါ်မှာ တခြား လူတွေ ရဲ့ အလုပ်တွေ အပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာ ကပါ ပေါင်း သင်း ဆက်ဆံရေးမှာ အရမ်း အရေးပါပါတယ်။
၅။ ကိုယ်ချင်းစာ တရား (Empathy) လေးစားရ တဲ့ ဆရာ တစ်ယောက်က ပြောဖူး ပါတယ်၊ ရင့်ကျက်တယ် ဆိုတာ တခြားလူ ဘက်က တွေးပေး တတ်တာ ကို ခေါ်တာတဲ့။  
ကျွန်တော် NGO မှာ အလုပ် စ၀င်တော့ ကျွန်တော်နဲ့ အတူ အလုပ် လုပ်တဲ့ သူတွေဆီက လစာ တိုးပေးဖို့ အကြောင်း ကြားရတဲ့ အခါတိုင်း သိပ် စိတ်ပျက်ဖူးတယ်၊ ဒီအလုပ် လုပ်တာ ဘယ့်နှယ့် လစာကို အဓိက ထား ရ တာလဲ၊ ပရဟိတ စိတ်ကို အရင်းခံရမှာပေါ့လို့ တွေးဖူးခဲ့တယ်။ 
 
ကိုယ် ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့် ကို မှီခို စားသောက်နေတဲ့ သူ ဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။ ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ် မနေဘူး၊ အကြောင်း တိုက်ဆိုင်လို့ သူတို့ အိမ်တွေ ရောက်ဖြစ် ခဲ့တဲ့အခါ အဖေ က အိပ်ရာထဲ လဲနေတာ၊ အမေဖြစ်သူ က အဖေ့ကိုပြုစုရင်း ကလေး အငယ်လေးတွေကို စောင့်ရှောက် နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေး မကြည့်ခဲ့ဖူး တဲ့ ကိုယ့်ကိုယ် ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ 
 
အဲဒီနေ့ ဟာ ကျွန်တော့် ရဲ့ ရင့်ကျက်မှု ကို တစ်ဆင့် တက်စေခဲ့တဲ့နေ့ ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေ နဲ့ ပေါင်းသင်း ဆက်ဆံတဲ့ အခါမှာလည်း ပိုအဆင်ပြေ လာတယ်။ ကိုယ် လိုချင်တာ တစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲ တွေကိုပါ နားလည် ပေးတတ်လာတယ်။  
တကယ်တော့ ကိုယ်ချင်းစာ စိတ်ဟာ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့ အတွက် အသက်သွေးကြော ဆိုလည်း မမှားပါဘူး။ 
 
ယေဘုယျ အားဖြင့်တော့ အောင်မြင်မှု တစ်ခု ရဲ့ ၁၀ ရာခိုင်နှုန်း ကသာ ဥာဏ်ရည် ဥာဏ်သွေး ကောင်းမွန် မှု ကြောင့်ဖြစ်ပြီး ကျန် ရာခိုင်နှုန်း ၉၀ ကတော့ စိတ်ဓာတ် အရည် အသွေး အပါအ၀င် တခြားသော အကြောင်း အရာတွေ ကြောင့် လို့ စိတ်ပညာရှင်တွေ က လက်ခံထားကြပါတယ်။  
 
ကြားဖူးတာလေး ရှိပါတယ်။ A bad attitude is like a flat, you can’t go anywhere until you change it.

အားနည်းနေတဲ့ စိတ်ဓာတ် (အဆိုးမြင်စိတ်) ဆိုတာ ဟာ ပေါက်နေတဲ့ ဘီး နဲ့ တူပါတယ်၊ အဲဒီ ဘီးကို အသစ် မလဲ မချင်း ကိုယ်ရောက်ချင် တဲ့ နေရာကို ဘယ်တော့ မှ ရောက်မှာ မဟုတ်ပါဘူး။

ဘ၀မှာ ကိုယ် ရည်မှန်းထားတဲ့ ပန်းတိုင် ကို အရောက်သွားနိုင်ဖို့ အတွက် စိတ်ဓာတ် အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။
 
 

No comments:

Post a Comment