25 September 2015

ကျော မလုံတော့သော ပြည်သူတို့ ဘဝ




အလုပ်ဆင်းပြီး နေအိမ်သို့ ပြန်နေကြသော ရန်ကုန်မြို့ မှ ပြည်သူ အချို့ကို စက်တင်ဘာ ၂၁ ရက် ညက တွေ့ရစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)




အချိန်က ၁၀ နာရီ ကို စွန်းစွန်းကျော်နေပြီ။ သူနေထိုင်ရာ ကျောက်မြောင်းရပ်ကွက်ကလည်း လူအပြတ်သား။ အနောက် က ထက်ကြပ်မကွာ လိုက်လာသော လူစိမ်းနှစ်ဦး ကို မမေခင်ကျော် (အမည်လွှဲ) အစောပိုင်း ကတည်း က သတိထားမိနေသည်။ လက်ထဲ က စလင်းဘက် ကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ရှေ့တွင် မဝေးတော့သည့် သူ ၏ တိုက်ခန်း သို့ တတ်နိုင် သမျှ မြန်မြန် မပြေးရုံ တစ်မယ် ခပ်သွက် သွက် လျှောက်နေ သည်။ 

တိုက်ခန်း အရှေ့ရောက်ခါနီး မှ မမေခင်ကျော် တစ်ချက် သတိရသည် က အိမ်မှာ ရှိသည့် အဖေ့ ကို တိုက် ခန်းရှေ့ တွင် ထွက်ခေါ်ရန်။ ပူထူနေ ၍ သူလည်း ဒီလောက်ပဲ စဉ်းစားမိ​ ၍ အဖေ့ ကို ဖုန်းလှမ်း ဆက်ထား သည်။ အဖေ ကလည်း လာခေါ်မည်ဟု ဆိုသည်။ သို့သော် သူနောက်ကျသွားလေပြီ။ 


ဖုန်းချပြီးသည်နှင့် နောက်မှ ‘‘ဟဲ့...ကောင်မ’’ဆိုသည့် အော်သံနှင့် အတူ ကုပ်ကို ကိုင်၍ နံဘေးရှိ တိုက်နံရံ တစ်ခု ကို ဆွဲခေါ် သွားပြီး နံရံနှင့် ထပ်ခါ ထပ်ခါ ဆောင့်ပစ် ခံရသည်။ လဲကျ သွားချိန်တွင် ခေါင်းကို တက် နင်း ထားပြီး လက်ကိုင်အိတ်နှင့် ဖုန်း ကို လုယူသွားခဲ့ကြသည်။ 

ယခု ကဲ့သို့ မမေခင်ကျော် အကြမ်းဖက် လုယက် ခံရသည် မှာ ငါးလ အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ် သည်။ မေလ အတွင်းက တာ မွေမြို့နယ် မင်္ဂလာသိဒ္ဓိလမ်းထောင့် တွင် ဓားဖြင့်ထောက် လုယက် ခံခဲ့ရ ဖူးသည်။ 

သြဂုတ် ၂၅ ရက်တွင် ကျောက်မြောင်း ၌ ဒုတိယ အကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု မမေခင်ကျော် ၏ ဖခင် က ပြောသည်။ သို့သော် ယခု အဖြစ်အပျက်ကတော့ သူတို့ မိသားစု အတွက် ယူကျုံး မရဖွယ်ရာ အတိ ဖြစ်ခဲ့ သည်။ ထို လုယက်မှုနှစ်ခု ကြုံပြီးနောက် မမေခင်ကျော် မှာ စိတ် ကစဥ့် ကလျားနှင့် စိတ် မူမမှန်သည့် အခြေ အနေ ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။ 



သို့သော် ပြန်ကောင်းရန် မျှော်လင့်ချက် ရှိကြောင်း ဆေးရုံကြီး က ပြောသည်ဟု မမေခင်ကျော် ၏ ဖခင်က ၀မ်းနည်းစွာ ဆိုသည်။ 
 
 ခေါင်းကို နံရံဖြင့် အချက်ပေါင်း များစွာ အရိုက် ခံခဲ့ရပြီး ခေါင်း ကို လေးချက် မျှ ချုပ်လိုက် ရကာ ထိုအရှိန်က မမေခင်ကျော် ကို ယင်းသို့ ဖြစ်သွားစေခဲ့မည် ဟု ယူဆကြောင်း ၎င်းက ဆိုသည်။ မမေခင်ကျော် က သူတွေ့ကြုံ ခဲ့ရသည် များကို စိတ်ပုံမှန် ရှိနေချိန်များတွင် ပြောပြလေ့ ရှိပြီး တစ်ခါတစ်ရံ တွင်တော့ လုံးဝ ကိုမေး မရတော့ဘဲ ငို နေလေ့ရှိကြောင်း မမေခင်ကျော် ၏ ဖခင် ကပြောသည်။

ယခု ရက်ပိုင်း အတွင်း လူမှုကွန်ရက် စာမျက်နှာ များတွင် တွေ့ လာရသည် က ရန်ကုန်မြို့ တွင် ခပ် စိပ် စိပ်ဖြစ် ပွားနေသည့် အကြမ်း ဖက် လုယက်မှုများ အကြောင်းဖြစ် သည်။ လူမှုကွန်ရက် သုံးစွဲသူများ အချင်း ချင်း လည်း အကြမ်းဖက် လုယက်မှုများ ကို သတိပြု ထားကြ ရန်နှင့် ညဘက် အချိန်များ၌ တစ်ဦးတည်း အပြင် မထွက်ကြရန် အချင်း ချင်း သတိပေးမှုများ ပြုလုပ်လာ ကြသည်။ 

ကိုယ်တိုင်ကြုံခဲ့သူများ ကလည်း အကြမ်းဖက်မှုကြုံတတ် သည့် နေရာများနှင့် ကြုံခဲ့သည့် အ တွေ့အကြုံများကို သတိထားနိုင် ရန် မျှဝေလာကြသည်။ 
 
သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက် လာသူများတွင် ခိုးဆိုးနှိုက် အများစု ပါဝင်လာသည် ဟု ဝေ ဖန်ပြောကြားမှု များနှင့် အတူ လက်တွေ့တွင် လည်း အများပြည်သူများ မှာ နောက်ကျော မလုံသော ခံစားမှု ကို ခံစား လာရ ကြောင်း အထက်တန်းရှေ့နေ ဦးဝင်းမော် က ဆိုသည်။ 
 
‘‘အခုဖြစ်နေတာ က လုယက်နည်းတွေ စုံနေတာပဲ။ အိတ်လု ထွက်ပြေးတယ်။ ရိုက်ပြီး လုတယ်။ အိမ်ပေါ် တက် လုတယ်။ လူရှေ့ သူ ရှေ့လည်း လုကြတာပဲ။ လူပြတ်တော့ ပိုဆိုး တယ်။ အဆိုးဆုံး ကတော့ လူကြား ထဲ ကြောင်တောင်နှိုက်ပြီး ရန်ဖြစ်နေသလို နဲ့ ပစ္စည်းလုတာမျိုးပဲ’’ဟု ဗဟန်းမြို့နယ် မှ နယ်ထိန်း ကိုဝေလွင် က ပြော သည်။
 
ရန်ကုန်တိုင်းဒေသကြီး တွင် ရှစ်လ အတွင်း လူသတ်မှု ၁၀၀ ကျော်နှင့် အမှုကြီး ၃၀၀ ခန့် ဖြစ်ပွား ခဲ့ကာ လုယက် မှု ၅၀ ခန့် ရှိသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး က စာရင်းထုတ်ပြန်ထား သည်။ အဆိုပါ ကိန်း ဂဏန်းမှာ ယခင်နှစ် ၂၀၁၄ ကာလ တူ ရှစ်လ စာရင်းထက် ပိုပိုမြင့်တက် လာပြီး ၂၀၁၄ တွင် ရှစ်လ အတွင်း အမှုကြီး ၂၃၀ ကျော်သာ ရှိခဲ့သည်။ 
 
အချို့ လုယက်မှုများ၊ အကြမ်းဖက်မှုများ မှာ ရဲစခန်းသို့ တိုင်တန်းမှုများ ရှိသော်လည်း အချို့မှာ တော့ ပစ္စည်း အဆုံး ခံ၍ ပြီးသွားကြသည် က များကြောင်းနှင့် စာရင်းတွင် မပါဝင်ကြောင်း အထက်တန်းရှေ့နေ ဦးဝင်းမော် ကဆိုသည်။
 
 ‘‘ရဲစခန်း သွားတိုင်တော့လည်း ငွေပို ကုန်မယ် ထင်နေကြတယ်။ အလုပ်ရှုပ် တယ် ထင်နေ ကြတယ်။ ဘာ ပဲဖြစ်ဖြစ် အလုယက် ခံရတာ နဲ့ ရဲစခန်းတော့ သွားတိုင် သင့်တယ်’’ဟု ၎င်းက ဆို သည်။
 
သာမန် ပစ္စည်း လုသည့် လုယက်မှုများ ကို အခြေခံ ၍ ရိုက်နှက်မှု၊ အကြမ်းဖက်မှု များနှင့် လူသတ်မှုများ ပါရှိ လာကြပြီး လုယက်မှုများ က မိန်းကလေး များနှင့် သက်ကြီးရွယ်အို များကို ပိုမို ဦးတည်လာကြကြောင်း ၎င်းက ဆက်လက် ပြောသည်။
 
‘‘ကမ်းနားလမ်း က ကီလီ မှတ်တိုင်နား မှာပါ။ တရုတ်တန်း ကနေ မုန့်စားပြီး လို့ သူငယ်ချင်းတွေ နဲ့ လမ်းခွဲ အပြန် မှာ နောက်က ချွတ် ချွတ် လို့ခေါ်ပြီး လှည့်ကြည့် မိတော့ အဲဒီ လူက ဓားထောက်ပြီး ငွေတောင်း ပါ တယ်။ 

လက်မောင်း ကိုလည်း ချုပ်ထားပြီး အော်ရင် ထိုးမယ်ခြိမ်းခြောက်တယ်’’ဟု ဒဂုံမြို့ နယ် အတွင်းရှိ စကားဝါ လမ်း တွင် နေထိုင်သော အသက်(၂၀)ကျော် အရွယ် ကျောင်းသူ မအိမွန်အောင် က သြဂုတ် ၃၀ ရက်၌ သူကြုံခဲ့ ရသော အဖြစ်အပျက် ကို ပြန်ပြော ပြသည်။ 

 ‘‘လက်ဝတ် လက်စားလည်း မပါဘူး။ အိတ်ထဲ မှာလည်း ငွေနှစ်သောင်းပဲ ပါတာ။ အကုန်ယူ သွားတယ်။ ဖုန်းတော့ မယူ သွားဘူး။ တက္ကစီ နဲ့ပြန်လာ ရတယ်’’ဟု ၎င်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံဆိုး ကို ပြန်မျှ သည်။ 
 
ထိုကဲ့သို့ ဓားထောက် လုယက်မှုများ အပြင် နေ့ခင်းကြောင်တောင် ပစ္စည်း လုယက်မှုများ လည်း ရှိလာပြန် သည်။ သိမ်ကြီးဈေး ဘီရုံ တွင် အရောင်တင်မှုန့် ၀ယ်ယူပြီး ပြန်လာသော ၎င်း၏ လက်ကိုင်အိတ် ကို လူ တစ်ယောက် က ဖျတ်ခနဲ လုယူကာ လမ်းကြားများ အတွင်း ၀င်ရောက်ပျောက် ကွယ် သွားခဲ့သည်ဟု ပင်မင်းဆေးဆိုး လုပ်ငန်း လုပ်ကိုင်သူ မထွေးထွေးမြင့် က ပြောသည်။



လုယက်မှုများ၊ မှုခင်းများကြောင့် ပြည်သူများဘဝ လုံခြုံမှုနည်းလာသည်။/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)


အလားတူပင် တာမွေမြို့ နယ် ဦးချစ်မောင် လမ်းမပေါ်တွင် ၎င်း၏နောက်မှ လူတစ်ယောက် လိုက်လာပြီး ပိုက်ဆံ အတင်းတောင်း ကာ ကိုယ်ထိ လက်ရောက် ရိုက်နှက်တော့မည့် အနေ အထား ဖြစ်ခဲ့ပြီး မှ အော် ဟစ်အကူ အညီ တောင်းခံ ၍ ထွက်ပြေးသွား ခဲ့ကြောင်း မအေးမြတ်သူ က ပြောကြားသည်။
 
 ‘‘အရက်မူးနေတဲ့ ပုံစံ ပါပဲ။ တစ်ထောင်လောက်ပေး ဆိုပြီး လိုက်တောင်းတာ။ အိတ် လုနေပါတယ် ဗျို့ လို့ အော် လိုက်တော့ လက် ကိုဆောင့်တွန်းပြီး ထွက်ပြေးသွားတယ်။ အရမ်းလည်း မအော်ရဲဘူး။ တစ်ခုခု လုပ်သွားမှာလည်း စိုးတယ်’’ဟု ၎င်းက ပြော သည်။ 
 
ထိုကဲ့သို့ လုယက်မှု များ၊ အကြမ်းဖက်မှု များပေါ်ပေါ်ထင်ထင် အတင့် ရဲစွာပြုလုပ်လာခြင်း မှာ လပိုင်း အတွင်း မှာပင် ဖြစ်ပွားနှုန်းမြင့်တက် လာကြောင်း ပြည်သူအများ က ဆိုသည်။ မေးမြန်း ရသမျှ လူအများစု ကလည်း ညအချိန် အပြင်ထွက်ခြင်း၊ တစ်ယောက်တည်း အပြင်သွားခြင်း တို့အပေါ် စိုးရိမ် ထိတ်လန့်လာကြသည် ဟု ဆိုသည်။ 
 
‘‘တစ်ယောက်နဲ့ တစ်ယောက်  မယုံတော့ဘူးလေ။ လူကောင်း ထက် လူဆိုး က ပိုများနေတော့ အကုန်လုံးကို သတိထားစေချင် ပါ တယ်။ ပစ္စည်း လုခံရတာထက် လူ အကြမ်းဖက် ခံရတာ ထိခိုက် တယ်’’ဟု မအိမွန်အောင် ကပြော သည်။ 
 
ထို့အပြင် အငှားကားများ ကို အသုံးပြု ၍ လုယက်မှု ကျူးလွန်မှု များ ရှိနေခြင်း ကလည်း ညဘက် မှောင်အချိန် ခရီး သွားလိုသူများ အတွက် ထိတ်လန့် စရာဖြစ်လာပြန် သည်။ 
‘‘တချို့က ကားသမားဆီ က ပြန်လုတယ်။ ဓားထောက်တယ်။ တချို့ကျတော့လည်း ကားသမား ကိုယ်တိုင်က အဖော်ခေါ်လာပြီး ပြန်လုတယ်’’ဟု တက္ကစီ ယာဉ်မောင်း ကိုမျိုးမင်းသိန်း က ပြော သည်။ 
 
စက်တင်ဘာ ၁၆ ရက် က လည်း ခရီးသည် တစ်ဦးက လူပို တင်လာသော တက္ကစီ ကို ငှားစီး မိရာ ကားပေါ်ရောက် ချိန်တွင် မှ ကားနောက်ဖုံး ထဲမှ လူ တစ်ဦး ထွက်လာကာ တက္ကစီ ယာဉ်မောင်း  နှင့် သုံးဦးပေါင်းပြီး ခရီးသည် ကို ရိုက်နှက်ကာ ကျပ် ဆယ်သိန်းကျော် တန် အိုင်ဖုန်းနှင့် ပိုက်ဆံများ လု ယူခဲ့ကြ သည်။ 
 
ထို့နောက် ခရီးသည် ကို ရိုက်နှက် ထိုးကြိတ်ကာ နာနတ်တော ခုံးကျော် တံတားအောက် အရောက်တွင် ကားပေါ်မှ တွန်းချခဲ့ကြသည်။ ထိုသို့ ထိုးကြိတ် ခံခဲ့ရ သဖြင့် ခရီးသည် မှာ နားကောင်းစွာ မကြားရ တော့ဘဲ မျက်စိတွင်လည်း ဒဏ်ရာရရှိခဲ့သည်။
 
ထိုကဲ့သို့ ကားသမားများ က လုယက်သည်သာ မက ခရီးသည် လေးငါးယောက် က ကားသမား များ ကို ပြန် လည် လုယူမှုများ လည်း ရှိလာ၍ အချင်းချင်း ယုံကြည်မှု ကင်းမဲ့ လာကြကြောင်း ကိုမျိုးမင်းသိန်း က ပြော သည်။ 
 
ထို့ပြင် လက်ရှိ လုယက်မှုများ တွင် မီးပွိုင့် နီ၍ကားရပ်နေချိန် များ၊ ပစ္စည်းဝယ် ၍ ကားရပ်နေချိန် များ၌ ကား တံခါး ကို ဖွင့်ဝင်ကာ ခပ်တည်တည် ထိုင်ပြီး ဓားထောက် လုယူမှု များ ကြုံတွေ့လာမှု များ ကြောင်း တောင် ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် ကိုအေးစန်း က ပြောသည်။ 

‘‘ကိုယ်တိုင် ကြုံတာပါ။ ဝေဇယန္တာ မီးပွိုင့် ညဘက် လူရှင်းတော့ ကားဘေးနား လာပြီး ရစ်သီ ရစ်သီလုပ်နေ တာ။ ကျွန်တော် လည်း ရိပ်မိပြီး ကားလော့ခ် ချလိုက်တာမြန်လို့။ လာဖွင့်တယ်။ ဆွဲဖွင့်လို့ မရတော့ လှည့် ထွက် သွားတယ်’’ဟု ၎င်းက ဆိုသည်။ 
 
‘‘သူက ကားတံခါး ဖွင့်ရရင် ဓားနဲ့ထောက်ပြီး ကားမှန်တွေ ချခိုင်းမယ့် သဘောမျိုးပဲ သာမန်လူ ကလည်း အသိ လို့ပဲထင်မယ်လေ သံသယ၀င်မှာမဟုတ်ဘူး’’ဟု ၎င်း က ဆိုသည်။ 
 
ထို့ပြင် အမျိုးသမီးငယ်လေးများ အေ နဖြင့် အပြင် သွားရာတွင် လည်း မျက်လုံး သို့ ဖျန်းပက်၍ တိုက် ခိုက်နိုင်သော ငရုတ်သီးဖျန်း ဆေးဘူး များ ဆောင်ထား သင့် ကြောင်း တိုက်တွန်း လာကြသည်။

 အဆိုပါ ဖျန်းဆေး ဘူးမှာ တစ်ဖက် လူ၏ မျက်လုံး တည့်တည့်ကို ပက်ဖျန်း ရုံဖြင့် နာရီဝက် ခန့် နာကျင်ခံ စားစေသည်။ အလွယ်တကူ သယ်သွားနိုင်၍ မိန်းကလေး အသုံးအဆောင်ပစ္စည်း ဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်သည်။

 ‘‘တစ်ဘူး မှ ငါးထောင်၊ ခြောက်ထောင် နဲ့ ဆောင်ထား သင့်တယ်။ ရစ်သီ ရစ်သီ လာလုပ်တာ တို့၊ လာလု တာ တို့ဆို အိတ်ထဲ ပိုက်ဆံနှိုက် သလိုနဲ့ ဖျန်းပြီးလွတ် အောင်ပြေး’’ဟု ကျောက်တံတား မြို့နယ်မှ Zin အမျိုးသမီး အသုံးအဆောင် ပစ္စည်း ရောင်းချသူ မဝေသီ က အကြံပြုသည်။ 

ထို့ပြင် မိန်းကလေးများ အနေ ဖြင့် တစ်ကိုယ်ရေ တိုက်ခိုက်နည်း ပညာများ ကို အနည်းငယ် တတ် ကျွမ်းအောင် လေ့လာ ထားသင့်ပြီး သိထား ရန် လိုအပ်ကြောင်း တိုက်ကွမ်ဒို နည်းပြ ဆရာဦးဇော်သက်ဝင်း က ပြောသည်။ 

‘‘အင်တာနက် မှာ လေ့လာလို့ ရတဲ့ တိုက်ကွက်လေးတွေ ရှိပါတယ်။ အများကြီးလည်း မလေ့ကျင့် ရဘူး။ လျှပ်တစ်ပြက် နဲ့ မြန်မြန် တိုက်ခိုက်ပြီး ကိုယ်လွတ် ရုန်းနိုင်တယ်’’ဟု ၎င်း က ပြောသည်။ 
 
 ယောက်ျားလေးများ အနေ ဖြင့် တိုက်ခိုက်ခံရမှု နည်းနိုင်သော်လည်း တစ်ကိုယ်ရေ လုံခြုံမှု အတွက် ဆင်ခြင် သင့်သည်ဟု ၎င်း က ဆက်လက်ပြောသည်။ 
 
‘‘ယောကျာ်းလေး က စိတ်ကြီးပြီး မခံချင်စိတ် ရှိတော့ ဓားထောက် ငွေတောင်းရင်တောင် တော်ရုံ မပေး ချင် ကြ ဘူး။ ဒါက အန္တရာယ် များပါတယ်။ လူ မထိခိုက်ဖို့ အဓိက ထားပါလို့ပဲ ပြောချင်တယ်’’ဟု ဦးဇော်သက်ဝင်း က ပြောသည်။
 
ထိုကဲ့သို့ လုယက်မှုများ ကို ထိန်းချုပ်ရန် လည်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အင်အား မလုံ လောက်ကြောင်း ပြော ကြား ထား ပြီးဖြစ်သည်။ ထို့ပြင် အကြမ်းဖက်သူများ ကို နှိမ်နင်းသည့် ရဲတပ်ဖွဲ့ အနေနှင့်လည်း အသေ အပျောက် နှင့် ထိခိုက်မှုများရှိခြင်းကြောင့် အဆင့်မြှင့်တင် မှုများ ပြုလုပ်ရန် လို အပ်နေ ပြီဟု ဝေဖန်မှုများရှိနေ သည်။ 

ထို့ကြောင့် လုယက် အကြမ်း ဖက်မှုများ ကို ပြည်သူများ အနေဖြင့် မိမိ လုံခြုံရေး အတွက် သတိထားရန် လိုအပ်ပြီး မိမိ အန္တရာယ်ကို မိမိ ကိုယ်တိုင် သာရှောင်ရန် အချက် များကို သိထား သင့်ကြောင်း တိုက် ကွမ်ဒို နည်းပြဆရာ ဦးဇော်သက်ဝင်း က အကြံပြုပြောကြားသည်။ 
 
ရန်ကုန်မြို့ အပါအ၀င် နိုင်ငံ တစ်ဝန်း မှာ နေထိုင်သူများ က စိုးရိမ်ကြောင့်ကြ ကင်းပြီး လုံခြုံစိတ်ချ စွာ နေ ထိုင်လို သဖြင့် လုယက်မှု များ ပပျောက်အောင် ကိုင်တွယ် ဖြေရှင်းပေး ရန် တောင့်တလျက် ရှိကြောင်း ပြော ဆိုကြသည်။





 ဟိန်းသာ
 http://7daydaily.com/story/47003

No comments:

Post a Comment