18 September 2015

ကိုယ်ဝန်ဆောင် မိခင်များ သိကောင်းစ၇ာ




ကိုယ်ဝန်ဆောင်  မိခင်များ အတွက် လိုအပ်တဲ့ ဗဟုသုတ များကို ဖတ်ရတာ လွယ်ကူစေရန် အတွက် တစ်စု တစ်စည်း ထဲပြန်လည်ဖော်ပြလိုက်ပါတယ်။  

(HAPPY MOM ကိုယ်ဝန်ဆောင် ခေါင်းအုံးများ အား အဆင့်မြှင့်တင် ထုတ်လုပ် ထားပြီး ၀ယ်ယူ လိုပါက 01-683372 / 09-73235636 တွင် ဆက်သွယ် ၀ယ်ယူနိုင်ပါသည်။)

( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ပုံစံ အိပ်ရ မှာလည်း?
( ၂ ) ကိုယ်ဝန်ဆောင် မိခင် များ သိထား သင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက် အလက်များ.....
( ၃ ) လုပ်သင့် သလား၊ မလုပ်သင့် ဘူးလား? ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ ။
( ၄ ) ကြောင် များမှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါ အကြောင်း သိကောင်းစရာ။
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့်သည့် အကောင်းဆုံး အစား အစာများ
( ၆ ) ကိုယ်ဝန်ဆောင် မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်း ကောင်းများ
( ၇ ) ကလေး မီးဖွားဖို့ ဆေးရုံ ကို ဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာ လုပ်ပေးရမှာလဲ။
( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့် နည်းလမ်းကောင်းများ။ ( ၁၀ ) မိခင်ကော ကလေးပါ ကျန်းမာဖို့ မိခင်နို့ တစ်မျိုးတည်း သာ တိုက်ကြစို့ ။
( ၁၁ ) ကိုယ်ဝန်ဆောင် များ ကျန်းမာစေရေး နည်းလမ်းကောင်းများ ။







 


 

( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရ မှာလည်း?
ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်း အိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အထူး သဖြင့် ဘယ် ဖက်ကိုစောင်း အိပ်ခြင်း သည် ကလေးထံသို့ သွေးလည်ပတ်မှူ  ပိုမိုကောင်းမွန် စေပါသည်။ ထို့ အတူ မိခင် ၏ အချင်းမှတဆင့် ကလေးထံ သို့ အဟာရ ဓါတ်များ ပိုမိုရောက်ရှိစေပါသည်။
 

ဘယ်ဖက် သို့ တစောင်း အိပ်ခြင်းဖြင့် ကျောက်ကပ် အတွင်း မှ အညစ်အကြေးများ... နှင့် အရေများ ကို ပိုမို ထိရောက်စွာ ဖယ်ရှား ပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များ ရောင်ရမ်းခြင်း ကို လျှော့ချ ပေးပါ တယ်။


ကိုယ်ဝန်ရှိစ အချိန် မှ စတင်ကာ တတ်နိုင်သမျှ ဘယ်ဘက် သို့ စောင်းအိပ် တဲ့ အလေ့အကျင့် ကို လေ့ကျင့်  ထားသင့်ပါတယ်။ တစ်ည လုံး ပုံစံတစ်မျိုး ထဲ အိပ်ရမှာ ကတော့ ဘယ်လိုမှ သက်တောင့် သက်သာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်ညာ တလှည့်စီ စောင်းအိပ်လည်း ရတာပါပဲ။ အကောင်းဆုံး ကတော့ ဘယ်ဖက် ကိုစောင်း အိပ်ခြင်း ပဲပေါ့။
 
 ကိုယ်ဝန်ဆောင်နေ တဲ့ တလျှောက်လုံး မှာတော့ ပက်လက်လှန် အိပ်ခြင်း ကို လုံးဝ ရှောင်ကြဉ် သင့်ပါ တယ်။ အထူးသဖြင့် ကိုယ်ဝန် ရင့်လာသည်နှင့် အမျှ ပိုမိုဂရုစိုက်သင့်ပါတယ်။
 
 ဘာကြောင့်လည်း ဆိုတော့ ပက်လက်လှန် အိပ်တဲ့ အခါ သားအိမ် ၏ အလေးချိန်ဟာ ကျောရိုး၊ အနောက် ဖက် ကြွက်သား၊ အူများ နှင့် ပင်မ သွေးကြောများပေါ်တွင် ကျရောက်သွားပါတယ် 
ထို့ကြောင့်မိခင်လောင်းတွေအနေ နဲ့ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ သွေး လိပ်ခေါင်းရောဂါ၊ သွေး လည် ပတ်မှု ချို့ ယွင်းခြင်းတွေဖြစ်စေသည့် အပြင် ကလေးထံ သို့ လည်း သွေးလည် ပတ်မှုလျော့ကျစေ ပါသည်။
 
  ပက်လက်လှန် အိပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင် များ သွေးပေါင်ကျစေ သလို တစ်ချို့ သော ကိုယ် ၀န်ဆောင် မိခင်များ အတွက် သွေးပေါင် တက် ကာ မှူးဝေခြင်း ကိုဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အချက် အနေနဲ့ ကတော့ ပက်လက်လှန် အိပ်ခြင်းကြောင့် ဟောက်ခြင်း၊ ကိုယ် ခန္ဓာ အလေးချိန် တက်ခြင်း များဖြစ်ပေါ်လာပြီး အိပ်နေရင်း အသက်ရှူ ရပ်တတ်သော Sleep Apnea ကဲ့သို့သောရောဂါ များ ဖြစ်ပေါ်စေ ပါသည်။  


( ၂ ) ကိုယ်ဝန်ဆောင်မိခင်များ သိထား သင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက်အလက် များ
အောက်ဖော်ပြပါ အချက်အလက် များ အား ကိုယ်ဝန်ဆောင် မိခင်လောင်း တိုင်း သိရှိ ထားပြီးပြီ ဟုယူဆ ပါတယ်။ ဒါပေမယ့် သတိ လက်လွတ် မဖြစ်စေရန် ထပ်လောင်း သတိပေးလိုက်ပါတယ်။
 


 - Caffeine ဓာတ်အများအပြား ပါဝင်သော အစားအစာ များဖြစ်သည့် ကော်ဖီ၊ ချောကလက်၊ လဖ္ဘက်ရည်၊ ကိုလာ၊ အားဖြည့် အချိုရည် ကဲ့သို့သော အရာများ ကို ရှောင်ရှားသင့်ပါသည်။ စားသောက်ပါ ကလည်း တနေ့ Caffeine ဓာတ် ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။
 

-Alcohol ပါဝင်သော မည်သည့် အရာမဆို ရှောင်ရှားနိုင် ပါက အကောင်းဆုံးဖြစ်ပါတယ်။
 

-ပင်လယ် အစားအစာများကို လည်း မစားသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယ္ခု အချိန်မှာ ပင်လယ် အတွင်း Mercury ( ပြဒါး ) ဓာတ်မြင့်မား လာနေခြင်းကြောင့် ပင်လယ် အစားအစာများ စားသုံးခြင့်ဖြင့် ပြဒါး ဓာတ် ( အဆိပ် ) ဟာ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်မှတဆင့် ကလေးငယ်၏ အမြင်အာရုံ၊ အကြား အာရုံ၊ ဦးနှောက်အာရုံကြော ဖွံ့ ဖြိုးမှုကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။
 

ဒါပေမယ့် Omega - 3 ဓာတ်ကြွယ်ဝသော ဆော်လမွန်ငါးကဲ့သို့သော Mercury ( ပြဒါး ) ဓာတ် ပါဝင်မှုနှန်း နည်းပါသော ငါးများ ကိုတော့ လေ့လားပြီး စားသောက်နို်င်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် တပတ်မှာ တူနာငါး ၆ အောင်စ ထက် ပိုမို မစားသုံးသင့် ပါဘူး။
 

-အသားစိမ်း၊ ငါးစိမ်း၊ ဥအစိမ်း ( ကျက်အောင် မပြုလုပ်ထားသော ဥပြုပ်၊ ဥကြော်များ )၊ မကျိုချက် ရ သေးသော နို့  များတွင် ဘက်တီးရီးယား များစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် ကလေးပျက်ကျ နို်င်ခြေ မြင့်မားသောကြောင့် ရှောင်ရှားသင့်ပါတယ်။ ယမ်းစိမ်းများ ပါဝင်သော အသားကင် အမျိုးမျိုး ကိုလည်း မစားသင့်ပါဘူး။
 

-အသည်း၊ ကလီဇာ များဟာ လည်း ရှောင်ရှား သင့်တဲ့ အစားအစာတွေ ထဲမှာ တစ်ခု အပါအ၀င်ဖြစ် ပါတယ်။ အသည်း၊ ကလီဇာ များတွင် ဗီတာမင် အေ များစွာ ပါဝင်သောကြောင့် ထို အစားအစာ များကို လွန်ကဲစွာ စားသောက် ပါက ကလေးငယ် များတွင် မွေးရာပါ ချွတ်ယွင်းချက်များဖြစ်နိုင်သလို အသည်း ကိုလည်း ထိခိုက်စေနိုင်ပါသည်။
 

-ကြက်ဟင်းခါး သီး၊ မှို ၊ ဒညင်းသီး ကဲ့သို့သော အစားအစာများ ကိုလည်း ရှောင်ရှား ရပါမယ်။ အထူး သဖြင့် ကြက်ဟင်းခါးသီး ဟာ ကိုယ်ဝန် နုနယ်စဉ် ကိုယ်ဝန်ပျက်ကျနိုင်ချေ မြင့်မား သောကြောင့် လုံးဝ မစား သုံးသင့်သော အသီးဖြစ်ပါသည်။
 

-Folic Acid ပါဝင်သော အသီးအနှံ များကို ပိုမို စားသုံးသင့် ပါသည်။ Folic Acid ပါဝင်သော အသီးအနှံများ ကို လုံလောက် စွာ စားသုံးပေးခြင်းဖြင့် ကလေးငယ် များ၏ ဦးနှောက်နှင့် ပင်မ အာရုံကြော စနစ် ချွတ် ယွင်းခြင်း ကို ကာကွယ်ပေးပါသည်။ Folic Acid ကို ကိုယ်ဝန်ဆောင်တွေအတွက် Superhero ဟုပင်တင် စားကြပါသည်။
 

-အုန်းစိမ်းရည် ဟာလည်းမိခင်လောင်းများ သောက်သုံးသင့်သော အရည် တစ်မျိုးဖြစ်ပါသည်။ အုန်းရည် တွင် နို့ ထက် အဟာရ ဓာတ် ပိုမိုများပြား စွာ ပါဝင်ပြီး သကြားဓာတ်၊ ဆားဓာတ်၊ ဗီတာမင် ဓာတ်များလည်း ပါဝင်ပါတယ်။ ပင်ပန်း နွမ်းနယ်မှုကိုပျောက်ကင်းစေပါသည်။ အုန်းရည် တွင် ပိုတက်စီယမ်ဓာတ် လည်း များစွာကြွယ်ဝပါသည်။
 

အုန်းရည် သည် ၀မ်းပျက် ၀မ်းလျှော ရပ်အောင်လည်း ကူညီပေးပါသည်။ အုန်းရည် တွင် ဓာတ်ဆားနှင့် မရှိ မဖြစ် အဟာရဓာတ် များစွာ ပါဝင်သောကြောင့် ၀မ်းပျက် ၀မ်းလျှောနေချိန် တွင် သောက်သုံးနိုင်သလို အစာကြေညက် စေခြင်း၊ ကိုယ်ခံစွမ်းအား စနစ်ကိုကောင်းမွန် စေခြင်း၊ ၀မ်းချုပ်ခြင်း ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
 

-ပရိုတိန်း ကြွယ်ဝသော အစားအစာ များကို ပိုမိုစားသောက်သင့် ပါတယ်။ ကိုယ်ဝန်ဆောင် နေစဉ် အမျိုး သမီး များဟာ သာမန်အမျိုးသမီးများ ထက် ပရိုတိန်းဓာတ် အနည်းဆုံး တနေ့ ၁၀ ဂရမ် ပိုမို စားသောက် ရပါမယ်။ ပုံမှန် အမျိုးသ မီးများဟာ တနေ့လျှင် ၄၅ ဂရမ် လောက်သာ လိုအပ်ပြီး ကိုယ်ဝန်ဆောင် အမျိုး သမီးများ ကတော့ တနေ့ အနည်းဆုံး ၆၀ ဂရမ် လောက် လိုအပ်ပါသည်။
 

-Omega - 3 ဟာလည်း ကိုယ်ဝန်သည်များ အတွက် အဓိက လိုအပ်သော ဓာတ် တစ်မျိုးဖြစ်ပါသည်။ Omega - 3 တွင် EPA နှင့် DHA တို့ ပါဝင် ပါသည်။ EPA သည်ကလေး၏ နှလုံး၊ ခုခံအား စနစ်ကို ပိုမို အားကောင်းစေ ပါသည်။ DHA ကတော့ ကလေးငယ် ၏ ဦးနှောက်၊ မျက်လုံး၊ အာရုံကြော ဖွံ့ ဖြိုးမှုကို ပိုမို အားကောင်း စေ ပါသည်။
 

Omega - 3 ဆိုတိုင်း လည်း ကိုယ်ဝန်ဆောင် မိခင်များ သောက်သုံးရန်မသင့်တော်ပါ။ Cod Liver Oil ကဲ့ သို့သော ငါးကြီးဆီ များတွင် ဗီတာမင်အေ များစွာ ပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ မသောက် သုံးသင့်ပါ။ Omega - 3 ပါဝင်သောဆေးဝါးများ ကို နေ့စဉ်သောက်သုံး ပါကလည်း ဆရာဝန် ညွှန် ကြားသော သင့်တော်သည့်ဆေးဝါးများ ကိုသာ ရွေးချယ် သောက်သုံး သင့်ပါသည်။
 


( ၃ ) လုပ်သင့် သလား၊ မလုပ်သင့် ဘူးလား?    ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ
အိမ်ထောင်သည်အမျိုးသမီး အများစု သည် ကိုယ်ဝန်စတင်ရရှိချိန် မှ စတင်ကာ အိမ် အတွင်း အခွင့်ထူးခံ အမျိုးသမီးများ အဖြစ် ပြောင်းလဲ သွားကြပါသည်။ ဂရုစိုက်မှုတွေ များလွန်းတဲ့ အခါ အများစုမှာ လုပ်စရာ မရှိ ပဲ အိပ်ယာ ထဲတွင်သာ အချိန် ကုန်နေကြရသည်။ 

ဟိုမလုပ်ရ ဒီမ မလုပ်ရ စကားသံတွေကြားထဲမှာ မိမိ ကျန်းမာရေး အတွက်အကောင်းဆုံးလေ့ကျင့်ခန်း အဖြစ် လုပ်နိုင်သမျှ အိမ်မှု  ကိစ္စတွေ ကိုဆောင်ရွက်နိုင် လျှင်တော့ အကောင်းဆုံးဖြစ်ပေမည်။
 

-ဒါပေမဲ့အိမ်မှု  ကိစ္စဆောင်ရွက်ရာတွင် ခါးကုန်းခြင်း ခါးဆန့်ခြင်း အလေးအပင်မခြင်း တို့ကိုတော့ အထူး သတိပြုရ မည်။ ကိုယ်ဝန်ဆောင်ချိန် မှာ ကိုယ်ဝန်ဆောင် များ အလေး အပင်  မ မသင့်ပါဘူး။ အထူးသဖြင့် ခါးကုန်းပြီး အလေး ပစ္စည်းများ မခြင်းကို မပြုလုပ်သင့်ပါဘူး။ မဖြစ်မနေ မရမည် ဆိုလည်း ခါး၏ အားကို အသုံး မပြုပဲ ဒူးကွေးပြီး လက်တစ်ဖက် မှ တစ်ခုခုကိုဆွဲကိုင်ထားကာ ခြေထောက်၏ တွန်းကန် အားဖြင့်သာ ထိုင်ထပြုလုပ်ပြီးကောက်ယူ သင့်ပါသည်။
 

-ကိုယ်ဝန်ဆောင်ချိန်တွင် လိုသည်ထက် ပိုပြီး မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။ မတ်တပ်ကြာကြာ ရပ်ခြင်းဖြင့် သွေး ကျပြီး ခြေထောက်များ ယောင်ရမ်းကာ သွေးလည်ပတ်မှု ကို အဟန့် အတားဖြစ်စေ တတ်ပါ သည်။ ၁၅-၂၀ မိနစ်လောက်မတ်တပ်ရပ်ပြီး ပါက ပြန်လည် အနားယူ သင့်သည်။
 

-ကိုယ်ဝန်ဆောင်ချိန် တွင် အိမ်ရှင်မများ အနေနှင့် တံမြက်စည်းလှည်း၊ ကြမ်းတိုက်ခြင်း များ ပြုလုပ်သည့် အခါ ခါးကုန်းပြီး လုပ်ဆောင်ခြင်း မျိုးများ ကိုရှောင်ကြဉ် ရမည်။ ကိုယ်ဝန်ဆောင်ချိန် တွင် တွင် ခါးရိုးဆစ် နှင့် အရွတ်များဟာ ပုံမှန်ချိန်ထက် ပျော့ပြောင်း သွားကြသောကြောင့် အလွယ်တကူ ထိခိုက် နာကျင် စေနိုင်သောကြောင့်ဖြစ်ပါသည်။
 

-အ၀တ်လှန်းသည့်အခါတွင်လည်း ခါးဆန့်ပြီး အ၀တ်လှန်းခြင်း၊ အမြင့်မှ ပစ္စည်းများ လှမ်းယူခြင်း ကဲ့သို့ သော ကိစ္စ များကိုလည်း မပြုလုပ်သင့်ပါ။ ခါးဆန့်ခြင်း ဟာ ၀မ်းဗိုက်ကို ဆွဲဆန့်ခြင်းဖြစ်ပြီး ကလေးငယ် ကို ထိခိုက်စေနိုင် ပါသည်။
 

-ရေအေး ကို ကြာကြာ ကိုင်ခြင်းမျိုးလည်း မပြုလုပ် သင့်ပါ။ အထူး သဖြင့် ပန်းကန်ဆေး အ၀တ်လျှော်ခြင်း များ ပြုလုပ်သည့်အခါ ရေအေးဖြင့် ဆေးကြောခြင်းမျိုး ရှောင်ရှား သင့်ပါသည်။ ထို့ အတူ အားပြင်းပြီး ဓာတုဆေး များစွာ ပါဝင်သော ဆပ်ပြာမှုန့်များလည်း တတ်နိုင်သမျှ ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါ။
 

-ကိုယ်ဝန်ဆောင်ချိန် တွင် မိခင်လောင်းများ အနေဖြင့် တစ်နေ့ ၈ နာရီ ၉နာရီ အနည်းဆုံး အိပ်စက်ရမည်။ အချိန် ရလျှင် နေ့ခင်း နေ့လည်များတွင်လည်း ခေတ္တခဏ အနားယူအိပ်စက် သင့်ပါသည်။ အိပ်စက် ရာ တွင် လည်း ဘေးတစောင်း အိပ်ခြင်း ကို လေ့ကျင့် ယူရမည်ဖြစ်ပြီး ပက်လက်လှန် အိပ်စက်ခြင်း ကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ တတ်နိုင်သမျှရှောင်ရှား သင့်ပါတယ်။
 

-ကိုယ်ဝန်ဆောင်ချိန် တွင် ပထမ ၁၄ ပတ် အတွင်း လိင်ဆက်ဆံ မှုပြုခြင်း ကိုတော့ရှောင်ရှား နိုင် လျှင်အကောင်းဆုံး ပါပဲ။ သုသေသန တွေ့ ရှိချက်တွေ အရတော့ လိင်ဆက်ဆံခြင်း ဟာ ကလေးငယ်ကို မထိခိုက် စေနိုင်ဘူး ဆိုသော်ညားလည်း ဆရာဝန် များ အနေနှင့် ကတော့ ကလေးငယ်ကို ထိခိုက် စေနိုင် သည့် လိင်ဆက်ဆံမှု  မျိုးကိုတော့ ကိုယ်ဝန်ဆောင်နေစဉ် အချိန် အတွင်းရှောင်နိုင်လျှင် အကောင်းဆုံး ဟုညွှန်ကြားနေကြဆဲပါ။
 

-ကိုယ်ဝန်ဆောင်နေစဉ် အချိန် အတွင်းဒေါက်မြင့် ဖိနပ်စီးခြင်း၊ ဓာတုဆေးဝါများ အသုံးပြုပြီး ဆံပင် ဆေး ဆိုးခြင်းများ၊ အမွေး ချွတ်ခြင်း များကိုလည်း ရှောင်နိုင် သမျှ ရှောင်ရှားဖို့ သတိပေးချင် ပါတယ်။ 

ကိုယ်ဝန်ဆောင် မိခင်အများစု ကတော့ကိုယ်ဝန်ဆောင်နေစဉ် ဦးခေါင်းနှင့် ကိုယ်ခန္ဓာမှအမွေးအမျှင်များ သန်စွမ်း လာသည်ကိုသတိပြုမိကြ ပါလိမ့်မယ်။
 

ဒါတွေဟာ ပုံမှန်ဖြစ်ရပ် များဖြစ်လို့ စိုးရိမ် စရာမရှိပါဘူး။ ဓာတုဆေးဝါးများအ သုံးပြုပြီး အမွေးအမျှင်များ ချွတ်ခြင်း ဟာ အရေပြားမှ တစ်ဆင့် စိမ့်ဝင် သွားနိုင်ပြီး ကလေးငယ်၏ ဖွံဖြိုးမှု ကိုဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာမ သိနိုင်ပါဘူး။ ထို အမွေးမျှင် များ ဟာလည်း ကလေးမွေးဖွားပြီး ၆လလောက် အကြာ မှာ ပျောက် ကွယ် သွားမှာဖြစ်လို့ စိတ်ရှည်ခြင်း ဟာ အကောင်းဆုံးပါပဲ။
 

-အရေးကြီးဆုံး အချက် ကတော့ ကြောင်များနှင့်ဝေးရာတွင်နေပါ။ ကြောင်များဟာ Toxoplasmosis ဆိုတဲ့ အမိ ၀မ်းအတွင်းမှ ကလေးငယ်အတွက် အလွန်ကြောက် စရာကောင်းတဲ့ရောဂါပိုးမွားတွေ ကို သယ်ဆောင် လာကြ လို့ပဲဖြစ်ပါတယ်။
 


( ၄ ) ကြောင် များ မှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါ အကြောင်းသိကောင်းစရာ
Toxoplasmosis ဆိုတာ ဘာလဲ။... Toxoplasmosis ဆိုသည်မှာ Toxoplasma gondii ဟုခေါ်သော အနုကြည့် မှန်ပြောင်းဖြင့်ကြည့်မှ သာမြင် ရသည့် ကပ်ပါးကောင်မှ ကူးစက်သော ရောဂါ တစ်မျိုးဖြစ်ပါသည်။ 

ထိုရောဂါ သည် ကိုယ်ခံ အားကောင်းသူ များ အတွက် သက်ရောက်မှု အားနည်းသော်လည်း ခုခံအား နည်းသော ကိုယ်ဝန်ဆောင် မိခင်များ အတွက်မူ အန္တာရာယ် အလွန်ကြီးမားပါသည်။
 

အဘယ်ကြောင့် ဆိုသော် သန္ဓေသားလောင်း နှင့် မိခင် ၏ အချင်း ကိုများစွာ ထိခိုက်စေနိုင် သော ကြောင့်ဖြစ်  သည်။ သုသေသန စာတမ်းတွေအရ လူ ၁၀၀၀ တွင် ၁ယောက်နှုန်း ထိုရောဂါ ကို ကူးစက် ခံရပြီး မွေးဖွား လာကြပါသည်။
 

ထိုရောဂါ ကူးစက်မှု ဟာ သေးငယ်နိုင် သလို ပြင်းထန်စွာ သက်ရောက်ပြီး သန္ဓေသားလောင်း အသေ မွေး ဖွားမှု အထိပင်ပြင်းထန်နိုင် သည်။ ကူးစက်မှုတွေကြောင့် ရုပ်ပိုင်း ဆိုင်ရာ ပျက်စီးမှုတွေအပြင် အာရုံကြော ဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပွားစေနိုင်တဲ့ အထိ အန္တရာယ် များပါတယ်။
 

သတင်းကောင်း အနေ ကတော့ ထိုရောဂါ ကူးစက်မှု မဖြစ်ပွားစေရန် အချိန်မှီ ရှောင်ရှားနိုင်တဲ့ နည်းလမ်း များစွာရှိပါသည်။
 

Toxoplasmosis ဖြစ်နိုင်ချေ နှင့် ကလေး ကို ကူးစက်နိုင်ချေ များ။ သုသေသနတွေ အရ ကိုယ်ဝန်ဆောင်မိခင် များ၏ ၁၅% သာ ထိုရောဂါ ကူးစက်မှု ကို ခုခံနိုင် အား ရှိကြ သည်။ ကိုယ်ဝန်စဆောင်ချိန်ပထမ ၃လ အတွင်း မိခင် အား ထိုရောဂါ ကူးစက်ပါက ကလေးထံကူး စက်နို်င်ချေ ၁၅% သာရှိသည်။ ဒုတိယ ၃လ အတွင်း ကူးစက်ပါက ကလေးအား ကူးစက်နိုင်ချေ ၃၀% နှင့် တတိယ ၃လ အတွင်းဖြစ်ပွားပါက ကလေး အား ကူးစက်နိုင်ချေ ၆၀% အထိ ရှိသည်။
 

ကိုယ်ဝန် စတင်ချိန်တွင် ကူးစက်နိုင်ချေ နည်းပါးသော် လည်း ကူးစက် ပါက ကလေး အပေါ်သက်ရောက်မှု ကတော့ ကိုယ်ဝန်ရင့်ချိန် ထက်များစွာ ပိုမို ပြင်းထန်ပါသည်။ ကိုယ်ဝန် မဆောင်မှီ ထိုရောဂါဖြစ်ပွားဖူး ပါက အနည်းဆုံး အချိန် ၆လ ခြားပြီးမှသာ ကိုယ်ဝန်ဆောင်သင့်သည်။
 

Toxoplasmosis ရောဂါပိုး ဘယ်လို ပြန့်ပွားနေ သလဲ။ ကျွမ်းကျင်သူတွေ ရဲ့ လေ့လာတွေ့ ရှိချက်တွေ အရ ထို ရောဂါဖြစ်ပွားနှုန်း ၏ ၅၀% ဟာ အသားစိမ်း၊ ငါးစိမ်း များနှင့် ကျက်အောင်ချက်ပြုတ်ထားခြင်း မရှိသော အသားများ မှဖြစ်ပြီး ကျန်၅၀%ကတော့ သန့်ရှင်းအောင်ဆေးကြော ထားခြင်း မရှိသော အစားအသောက်၊ ညစ်ညမ်းသောရေ ကိုသောက်သုံးခြင်း ၊ ရောဂါပိုး များ ပေါက်ဖွားနေသော မြေကြီးများ၊ ကြောင် များ ၏ အညစ်အကြေး များကို ကိုင်တွယ်သော လက်များဖြင့် နှာခေါင်း၊ မျက်စိ၊ ပါးစပ် များကို ထိတွေ့ ခြင်း တို့ ကြောင့်ဖြစ်ပါသည်။
 

ထိုရောဂါ သည် လူ အချင်းချင်း ကူးစက်ရောဂါ မဟုတ်သော်လည်း မိခင်မှ တဆင့် သန္ဓေသားလောင်း ကိုမူ ကူးစက် စေနိုင်ပါသည်။ သွေး သွင်းခြင်း နှင့် ကိုယ် အင်္ဂါအစားထိုးကုသခြင်း များမှလည်း ကူးစက်စေနိုင်ပါ သည်။
 

မိမိအနီးနား မှ ကြောင် များကို ဖယ်ရှားသင့် ပါသလား။ မလိုအပ် ပါဘူး။ ထိုရောဂါ ၏ အရင်း အမြစ် ဟာ ကြောင်များ၏ အညစ်အကြေးများ မှ စတင်ဖြစ်ပွား သော် လည်း ကြောင် များကို ဖယ်ရှား ပစ်ဖို့  အထိတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် ပူးပူး ကပ်ကပ်နေခြင်းမျိုး နှင့် ကူးစက်နိုင်ချေတွေ ကိုလေ့ လာပြီးတော့ အထူးဂရုပြု နေထိုင်သင့်ပါသည်။
 

အထူး သဖြင့် ကြွက်များ၊ သားစိမ်း ငါးစိမ်း များကို စားသုံးသော နို့ပျက် နို့စိမ်း များသောက်သုံးသော ကြောင် များကိုရောဂါပိုး လွယ်ကူစွာ ကူးစက်စေနိုင်သည်။

 ကြောင် များဟာ ထိုရောဂါ ပိုးမွားတွေကို အဓိက သယ်ဆောင်ပြီး ထိုရောဂါပိုးမွား များဟာလည်း ကြောင် များ၏ အူအတွင်း တွင်ထပ်မံပေါက်ဖွားကြ ပါသည်။
 

ထို့ကြောင့် ထို ကပ်ပါး ပိုးများသည် ကြောင် ၏ အညစ်အကြေး များတွင် များစွာရောက်ရှိ နေခြင်းဖြစ် သည်။ ထို Toxoplasma gondii ကပ်ပါးကောင် များသည် ကြောင် များ၏ အညစ်အကြေး များနှင့် မြေကြီး များတွင် ၁၈လ အထိကောင်းစွာ အသက်ရှင်နေနိုင်သည်။
 

ထို ကာလ အတွင်း Toxoplasma gondii ကပ်ပါးကောင် များသည် ရေများ ကို ညစ်ညမ်းစေနိုင် သလို အသီး အရွက် များကိုလည်း ကူးစက်စေပြီး ထိုမှတဆင့် လူများကို ကူးစက်စေနိုင်ပါသည်။
 


  ကြောင် ၏ ကူးစက်မှု့ မှ ဘယ်လို ရှောင်ရှားရမလဲ။ ကြောင်၏ အညစ် အကြေးများ ကို အခြားသူတစ်ဦးဦး မှ ကူးစက်မှု မရှိစေနိုင်သော အကာအကွယ်များ  ၀တ်ဆင်ပြီး သန့်ရှင်းအောင် ပြုလုပ်ပါ။ မိမိ ကိုယ်တိုင်ပြု လုပ်ရ ပါကလည်း ရောဂါပိုးမ ကူးစက်စေရန်လက် အိတ်၊ နှာခေါင်းစည်း များဝတ်ဆင်ပြီး ကိုင်တွယ်ပါ။
 

လက်ကိုသေချာစွာ ဆေးကြောပါ။ ကြောင် များအားလည်း အသားစိမ်း ငါးစိမ်းအစား ကောင်း မွန်ပြီး သန့်ရှင်းသော အသင့် စားအစာခြောက်များကြွေးပါ။ ကြောင်များ အားကြွက်များ ငှက်များကို ဖမ်းခြင်း မပြု လုပ်နိုင်ရန် ထားပါ။ အိမ် အတွင်း ကြွက်များ မရောက်ရှိ လာအောင်လည်း ဂရုစိုက်ပါ။
 

ကြောင်လေကြောင်လွင့် များကို လုံးဝ မကိုင်တွယ်ပါနှင့်။ မိမိအိမ် အတွင်းမှကြောင် များကိုလည်း တခြား အပြင် မှကြောင် များဖြင့် ရောနှောခြင်း မရှိလေအောင်သီးသီးသန့်သန့်ထားပါ။ ကြောင်များ ကိုကိုင်တွယ်ပြီး တိုင်းလည်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။
 
 

အစား အသောက်များမှကူးစက်နိုင်ချေ။ အသား အချို့ မှာလည်း ထိုရောဂါများ တွယ်ကပ်နေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့ တိုက် ချိန် အတွင်း အသားကင် များ နှင့် ကျက်အောင် ချက်ပြုတ်ထားခြင်း မရှိသော အသား ငါးများ စားခြင်း ကို လုံးဝရှောင်ကျင်ရပါမည်။ 

အသီးအရွက် များ စားသုံး ပါကလည်း သန့်စင်အောင်ဆေးကြောပြီးမှ အခွံ့ များ လွှာပြီး စားသုံးသင့်သည်။
Toxoplasmosis ရောဂါ ကူးစက် ခံနေရပြီ လား ဆိုတာ ဘယ်လိုသိနိုင်သလဲ။ ဆေးစစ်ခြင်းများ မပြုလုပ် ဘဲနှင့်တော့ ဘယ်လိုမှ မသိရှိနိုင်ပါဘူး။ ကျန်းမာပြီး ခုခံအားကောင်းသော မိခင်လောင်း အများစု မှာတော့ ဘယ်လို ရောဂါ လက္ခဏာ မှ မပြတတ်ပါဘူး။
 

ရောဂါကိုသိစေနိုင်တဲ့ လက္ခဏာ အချို့ ကတော့ ကြွက်သား နာကျင်ခြင်း၊ အားအင် ကုန်ခမ်းနေ သကဲ့သို့ အမြဲ ခံစားနေရခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်းချောင်းနာခြင်း၊ အရေပြားယားယံခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပါ သည်။ သန္ဓေသားလောင်းအပေါ် ကူးစက်ခြင်းကိုတော့ Ultrasound ရိုက်ခြင်းမှ တဆင့် ကလေးငယ်၏ ပုံမှန် မဟုတ်ခြင်းများ ကို အခြေခံပြီး သိရှိစေနိုင်ပါသည်။
 

မိခင်အား Toxoplasmosis ရောဂါ ကူးစက် ခံရပါက ဘယ်လိုဖြစ်မှာလဲ။ မိခင်အား ထိုရောဂါ ကူးစက်နေပါ က ဆရာဝန် များမှ ကလေးငယ် အားကူးစက်မှု မရှိစေရန် နှင့် သက်ရောက်မှု  အနည်းဆုံးဖြစ်စေရန် ပိုးသတ်ဆေး များသောက် သုံးစေခြင်းဖြင့် အထိရောက်ဆုံး ကုသပေးနိုင် ပါတယ်။
 

ကလေးငယ် အား Toxoplasmosis ရောဂါ ကူးစက်ခံရပါက ဘယ်လိုဖြစ်မှာလဲ။ သန္ဓေသားလောင်း အပေါ် ကူးစက် မှုပြင်းထန်ပါက ကလေး ၏ ဦးနှောက် အာရုံကြောနှင့် ကိုယ်ခန္ဓာ အစိတ် အပိုင်းများ ချို့ ယွင်းနိုင်ခြင်း၊ ကလေးပျက် ကျခြင်း၊ ကလေးအသေ မွေးဖွားခြင်း၊ မွေးဖွားပြီး မကြာခင် တွင်သေဆုံးခြင်း အထိပင်ပြင်းထန်နိုင်သည်။
 

ကိုယ်ဝန်ရင့်ချိန် တွင် ကူးစက် ခံရပါက မွေးဖွား လာချိန်တွင် သာမန် ကလေးများ ကဲ့သို့ပင်ဖြစ်လင့် ကစား အသက် အရွယ်ကြီးမြင့်လာ သည်နှင့် အမျှ ရောဂါ လက္ခဏာ ခံစားနိုင်သောကြောင့် အမြဲစစ်ဆေးကုသ ပေး သင့်သည်။
 

ထို့ကြောင့် မိခင်များ အနေဖြင့် ကြောက်စရာကောင်းလှသော Toxoplasmosis ရောဂါ ကူးစက် မခံရစေရန် အထူး ဂရုပြုနေထိုင်သွားစေလိုကြောင်း တိုက်တွန်းပေးလိုက် ပါသည်။  
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့် သည့် အကောင်းဆုံး အစား အစာများ  

ကိုယ်ဝန်ဆောင်သည်နှင့် အမြဲတမ်း ၂ယောက်စာ စားဖို့ တော့ မလိုပါဘူး။ ကလေးငယ်များ ဖွံ့ ဖြိုးမှုဟာ မိခင်ရဲ့ စားသောက်မှု အပေါ်မှာ မူတည်နေတယ်ဆိုတာ မိခင် အနေနဲ့ အစား အများကြီး စား ဖို့ မဟုတ်ပဲ အဟာရပြည့်ဝ တဲ့ အစား စာများကို စားသုံးသင့်တာ ကို ရည်ညွှန်းပါတယ်။
 

ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ ဟာ ဒုတိယ ၃လ မှာ နေ့စဉ် ၃၄၀ ကယ်လိုရီ နှင့် တတိယ ၃လ မှာ ၄၅၀ ကယ်လိုရီ လောက် ပိုမိုလိုအပ်ပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် iron, calcium, protein, vitamins A, B and C, folate, magnesium, selenium နှင့် zinc ဓါတ်တို့ လိုအပ်ပါတယ်။
 

အောက်ဖော်ပြပါ အစားအသောက် များ ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် အကောင်း ဆုံးသော စားသုံး သင့်သည့် အစားအစာများဖြစ်ပါသည်။
 

-ငှက်ပျောသီး ( ပထမ ၃ လ )
ကိုယ်ဝန်နုချိန်တွင် ငှက်ပျောသီး စားသုံးခြင်းဖြင့် ပျို့ ချင် အန်ချင်ဖြစ်ခြင်း မအီ မသာ ဖြစ်ခြင်းတို့ ကို သက် သာစေပါသည်။ ငှက်ပျောသီး တွင် ဗီတာမင် ဘီ6၊ အမျှင်ဓါတ်၊ ဗီတာမင် စီ နှင့် ပိုတက်စီယမ် ဓါတ်များပြည့်ဝ စွာ ပါဝင်သည်။

 

-ဟင်းနုနယ် ရွက် ( ပထမ ၃ လ )
ဟင်းနုနယ်ရွက်တွင် folate ဓါတ်များစွာ ပါဝင်သည်။ folate ဓါတ်သည် ကိုယ်ဝန်နုချိန်တွင် အထူး လိုအပ်ပြီး ကလေးငယ်များ မွေးရာပါ ဦးနှောက်နှင့် အာရုံကြော ချွတ်ယွင်းသည့် ရောဂါများ မဖြစ်ပွား စေရန် ကာ ကွယ်ပေးသည်။ ဟင်းနုနယ်ရွက် တွင် folate ဓါတ် အပြင် အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင် အေ၊စီ၊ကေ နှင့် manganese တို့ ပါဝင်သည်။

 

-ပဲများ ( ပထမ ၃ လ )
ပဲများ တွင် အားလုံး သိသည့် အတိုင်း လူတွေ အတွက် အသားဓါတ်နှင့် အမျှင်ဓါတ် ကြွယ်ဝသည့် အဓိက အရင်း အမြစ်ဖြစ်သည်။ ပဲတွေမှာ ပါဝင်သည့် အမျှင်ဓါတ် များသည် ကိုယ်ဝန်ဆောင်ချိန် တွင်ဖြစ်လေ့ ရှိသည် ၀မ်းချုပ်ခြင်း ကို သက်သာစေပါသည်။


 ကိုယ်ဝန်ဆောင်မိခင်များ၏ ၄၀% ဟာ ၀မ်းချုပ် တဲ့ဒုက္ခ ကိုခံစားကြ ရပြီး ထို ၀မ်းချုပ်ခြင်း ဝေဒနာ အတွက် ပဲများသည် သာ အကောင်းဆုံးဖြစ်သည်။ အထက်ဖော်ပြပါ ဓါတ်များ အပြင် folate နှင့် iron ဓါတ်များလည်း အထူးကြွယ်ဝပါသည်။
 

-ငရုပ်ပွ အနီများ ( ပထမ ၃ လ )
ဗီတာမင်စီ သည် ကိုယ်ဝန်ဆောင်မိခင်များ၏ လိုအပ်သော တစ်ရူး များ ဖွံ့ ဖြိုး မှု နှင့် ပြုပြင်ပြောင်းလဲမှု များတွက် အရေးပါသည်။ ငရုပ်ပွ အနီ များတွင် သာမန်ငရုပ်သီး အစိမ်းများ ထက် ဗီတာမင်စီ ၂ဆ ပါဝင် သည်။ ငရုပ်ပွ အနီ များသည် လိမ္မော်သီးများ ထက် ဗီတာမင်စီ ၃ဆ ပါဝင်သည်။ ဗီတာမင်စီ စားသုံး ခြင်းဖြင့် သံဓါတ် စုပ်ယူမှု ကို မြန်ဆန်စေသောကြောင့် အစာ စားလျှင် ငရုပ်ပွ အနီ များကို ထည့်စားဖို့ မမေ့ သင့် ပါဘူး။

 

-ဥများ ( ဒုတိယ ၃လ )
ဥ အနှစ်များ တွင် choline ဓါတ်များစွာ ပါဝင်သည်။ ထို အဟာရ ဓါတ်သည် သင့် နှင့် သင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှု ကို အထောက်အပံ့ပေးသော မရှိမဖြစ် ဓါတ် တစ်မျိုးဖြစ်သည်။ ထို အဟာရဓါတ် ကို ပဲပိစပ်၊ အမဲသား နှင့် နွားနို့ တို့မှ လည်းရရှိနိုင်ပါသည်။

 

-ထောပတ်သီး ( ဒုတိယ ၃လ )
ထောပတ်သီး တွင် အမျှင်ဓါတ်၊ ဗီတာမင်ကေ၊ စီ၊ ဘီ6 ၊ folate၊ potassium တို့ များစွာကြွယ်ဝ သည်။ ထောပတ် သီး တွင် လူ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်သော အဆီဓါတ်များပါဝင်ပြီး နှလုံးရော ဂါဖြစ်ပွားမှု ကို လည်း ကာကွယ် ပေးပါသည်။ ထောပတ်သီးဟာလည်း ကိုယ်ဝန်ဆောင်ချိန် တွင်ဖြစ် တတ်သော ပျို့ အန်ချင် စိတ် ကို သက်သာပျောက်ကင်းစေပါသည်။ ကလေး၏ ဦးနှောက် နှင့် တစ်ရှူးဖွံ့ ဖြိုးမှု့ကိုလည်း အထောက် အပံ့ဖြစ်စေပါသည်။

 

-ဒိန်ချဉ် ( ဒုတိယ ၃လ )
ဒိန်ချဉ် တွင် နွားနို့များ နည်းတူ ကယ်စီယံ ဓါတ်ကြွယ်ဝပြီး folateဓါတ်များလည်း ပါဝင်သည်။ ကယ်စီ ယံ ပြည့် ၀ခြင်းဟာ မိခင်ကော ကလေးပါ အရိုး တည်ဆောက်မှု ကိုကောင်းမွန်စေပါသည်။

 

-သင်္ဘောသီး အမှည့် ( တတိယ ၃ လ )
သင်္ဘောသီးတွင် လည်း ဗီတာမင်စီ၊ အမျှင်ဓါတ်၊ folate နှင့် potassium ဓါတ်များ ပါဝင်သည်။ ကိုယ်ဝန်ဆောင် ချိန် အထူးသဖြင့် တတိယ ကာလတွင်ဖြစ်ပေါ်တတ်သော ရင်ပူခြင်းကို သက်သာ ပျောက်ကင်းစေ ရန် အကောင်းဆုံး သဘာဝ နည်းလမ်းမှာ သင်္ဘောသီး စားခြင်းပင်ဖြစ်သည်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင် များ ကတော့ သဘောင်္သီး အမှည့်ကိုသာ စားသုံးရပါမည်။

 

-အခွံမာသီး များ ( တတိယ ၃ လ )
Almonds၊ Pistachios၊ သစ်ကြားသီး၊ သီဟိုလ်စေ့ စသော အခွံ မာ သီးအများစု တွင် ကျန်းမာရေး အတွက် ကောင်းမွန်သော အဆီဓါတ် များ၊ အသားဓါတ် နှင့် အမျှင်ဓါတ် များပါဝင်သည်။ ကိုယ်ဝန်ရင့် လာ သည်နှင့်အမျှ ကိုယ်ဝန်ဆောင် မိခင်များ သည် အမြဲတမ်း လိုလို နေထိုင်ရတာ သက်သောင့် သက်သာ မရှိ ပဲဖြစ်လာ တတ်သည်။

 

အစာကို အကြိမ် များစွာ စားသုံးဖို့ လိုအပ်လာသည် တတိယ ၃လ အချိန်တွင် ထိုအခွံ့ မာ အသီးများ ကိုလည်း ပိုမိုစားသုံးပေးသင့်သည်။
 

-အဆီဓါတ်ကြွယ်ဝသော ငါးများ ( တတိယ ၃ လ )
အဆီ ဓါတ်ကြွယ်ဝသော ငါးများကိုစားသုံးခြင်းဖြင့် omega 3 ဓါတ်ကြွယ်ဝကာ နှလုံး နှင့် ဦးနှောက်ကို ပိုမို အားကောင်းစေသည်။ လူတစ်ဦး ဟာ ၁ပါတ်လျှင် ၆ounces ရှိတူနာငါး ကိုစားသုံးနိုင်သည်။ ဒါပေမယ့် ထို ပမာဏထက်ပိုမိုစားသုံး လျှင် ခန္ဓာကိုယ် တွင်း မာကျူရီဓါတ် မြင့်တက် လာပြီး ကလေးငယ်ကိုထိခိုက် စေနိုင် ပါသည်။
 
 

ထို့အတူ ပန်းမုန်လာ အစိမ်း၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အရွက်များ အရောင်စုံ အသီးအနှံ များကိုလည်း အဟာရပြည့်ဝစေရန် စားသုံးသင့်ပါသည်။
 
( ၆ ) ကိုယ်ဝန်ဆောင် မိခင်များ ည အချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်း များ  
ကိုယ်ဝန်ဆောင်ချိန် တွင် မိခင်လောင်းတိုင်း မဖြစ်မနေကြုံတွေ့ရမည့် ဒုက္ခ ကတော့ ကောင်းမွန်စွာ အိပ် မပျော်ခြင်း ပါပဲ။ ထိုသို့ဖြစ်ရတဲ့ အကြောင်းတွေ ကတော့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမူ များခြင်း၊ ဟော်မုန်း အပြောင်း အလဲဖြစ်ပေါ်ခြင်း၊ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲဖြစ်ပေါ်မူတွေကြောင့် သက်တောင့်သက်သာ မရှိခြင်း တွေကြောင့်အဓိကဖြစ်ပါသည်။
 

ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ အဆင်ပြေစွာ အိပ်စက်ဖို့ ပိုမိုခက်ခဲလာကြပါတယ်။ တစ်ညတည်း တွင်ပင် အကြိမ်ကြိမ် နိုးထကာ အပေါ့သွား တတ်ကြပါတယ်။ ထို့အတူ ခြေထောက်ကြွက် တက်ခြင်း၊ ရင်ပူခြင်း တွေဖြစ်စေပြီး အိပ်ရေးပျက်ခြင်းကြောင့် အားအင် ကုန်ခမ်းစေနိုင်ပါသည်။
 



 အောက်ပါ အချက်အလက်များ ကတော့ မိခင်လောင်း များ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ရန် အတွက် အထောက် အပံ့ဖြစ်စေနိုင်တဲ့ နည်းလမ်းကောင်းများဖြစ်ပါသည်။
 

( ၆-၁ ) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လမ်းလျှောက်ခြင်း၊ ယောဂ၊ ရေကူးခြင်း များကဲ့ သိုသော အပေါ့စားလေ့ကျင့်ခန်း များကို တစ်ရက် မိနစ် ၃၀ ခန့်ပြု လုပ်ပေးခြင်းဖြင့် ပိုမို အိပ်ပျော်စေနိုင်ပါတယ်။ အားကစား လုပ်ခြင်းဖြင့် သွေးလည် ပတ်မှုကို ပိုမို ကောင်းမွန်စေပြီး ည အခါ ကြွက်တက်ခြင်း ကို လျှော့ကျစေပါသည်။
 


  ဒါပေမယ် အားကစား လုပ်ပြီးချိန်တွင် လူကိုလန်းဆန်း တက်ကြွစေသဖြင့် အိပ်ချိန်နှင့် ကပ်ပြီး အားကစား လုပ်ပါက အိပ်ချိန်ေ ရာက်သော်လည်း ချက်ခြင်း အိပ်မပျော်ခြင်း ကိုဖြစ်စေနိုင်ပါသည်။
 

( ၆-၂ ) ည ၇ နာရီ ကျော်ပြီးချိန်များတွင် အရည် ကိုလျှော့သောက်ပါ။
နေ့ အချိန်တွင် အရည်များ များ သောက်သင့်ပြီး ညနေဖက်တွင် အရည်များ ကိုလျှော့သောက်ခြင့း်ဖြင့် ညအခါအ ပေါ့သွားသည့် အကြိမ်ကို လျှော့ချနိုင်ပြီး အိပ်ရေး ပျက်ခြင်းကို သက်သာစေနိုင်ပါသည်။

 

( ၆-၃ ) ကျန်းမာစွာ စားပါ။
တစ်နေ့တာ အစားအသောက်ကို ဆင်ခြင်စွာ စားသောက်ပါ။ အစပ်လျှော့ စားပါ၊ ဆီကြော်စာ များကို ရှောင် ကျဉ်ပါ၊ ကဖင်း ဓါတ်ပါသော အစားအသောက် များကိုဖြတ်ပါ။ အရက်ဆေးလိပ် မသောက်ပါနှင့်။ အစာကို မျှတစွာ စားသုံးပေးခြင်းဖြင့် အဟာရပြည့်ဝကာ ကျေနပ်မှု ရရှိပြီး ည အခါပိုမို အိပ်ပျော်စေရန်အထောက် အကူဖြစ်ပါသည်။

 

အကြိမ် နည်းနည်းနှင့်များများ စားသောက်ခြင်း ထက် အကြိမ် များများ တွင် နည်းနည်းစီ စားသောက် သင့်သည်။ ည အိပ်ခါနီး ငှက်ပျောသီး စားသုံးပါ၊ ငှက်ပျောသီး ဟာ သဘာဝ အကောင်းဆုံး အိပ်ဆေး တစ်ခုဖြစ်ပါသည်။
 

( ၆-၄ ) ခေါင်းအုံး လုံလောက်စွာ ဆောင်ထားပါ။
သက်သောင့် သက်သာ ပုံစံဖြင့်အိပ်စက်နိုင်ရန် လုံလောက်သော ခေါင်းအုံးများ အသုံးပြုပါ။ ရင်ပူခြင်း၊ အော့အန်ချင်စိတ်ဖြစ်ပေါ် ပါက ခေါင်းအုံးများ အသုံးပြု ကာ ကိုယ်ခန္ဓာ အပေါ်ပိုင်း အား ခုပြီး မြင့် တက် အောင်ထားခြင်းဖြင့်သက်သောင့် သက်သာဖြစ်စေနိုင်ပါသည်။

 

ခြေထောက် နှစ်ချောင်းကြား၊ ကြော အနောက်ဖက်ခြမ်းနှင့် ၀မ်းဗိုက်အောက် တို့တွင် ခေါင်းအုံး ခုခြင်းဖြင့် လည်း ခန္ဓာကိုယ် ၏ ဖိအားကြောင့် ကိုက်ခဲခြင်း များကို သက်သာစေကာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင် ပါသည်။ ခေါင်းအုံးများ အစား ကိုယ်ခန္ဒာ တစ်ခုလုံး အသုံးပြုနိုင်သော ကိုယ်ဝန်ဆောင်ခေါင်းအုံး များလည်း အသုံးပြုနိုင်သည်။
 

( ၆-၅ ) ဘေးတစောင်း အိပ်ပါ။
အထူး သဖြင့် ကိုယ်ဝန် အပါတ်၂၀ မှစတင်ကာ ဘယ်ဖက်သို့ စောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်၊ အချင်း နှင့် ကလေး ငယ်ထံ သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေပါသည်။ ဒါပေမယ့် တစ်ညလုံး ပုံစံ တစ်မျိုးတည်း အိပ်ဖို့တော့ မဖြစ်နိုင်ပါ။ ထို့ အတွက်ကြောင် ညာဘက် သို့လည်း ခဏပြန်စောင်း အိပ်နိုင်ပါသည်။

 

ဒါပေမယ့် ပက်လက်လှန် အိပ်ခြင်း ကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ ရှောင်ကျဉ်နိုင် သလောက် ရှောင် ကျဉ် သင့်သည်။ ထို့အပြင်ရေနွေးအိပ်ကိုလည်း လိုအပ်သလိုအသုံးပြုနိုင်ရန် အဆင် သင့်ဆောင် ထားသင့်သည်။
 

( ၆-၆ ) ညနေအချိန်အခါတိုင်း ကို သက်သောင့် သက်သာ ရှိစွာဖြတ်ကျော်ပါ။
ညနေစာ စားသုံးပြီးချိန်မှစတင်ကာ ကဖင်းဓါတ်မပါဝင်တဲ့အရည်ပူပူ၊ နို့ပူပူတစ်ခွက်နှင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်း နားထောင်ခြင်း၊ အနိုပ် ခံခြင်း ကဲ့သို့သော စိတ်ဖိစီးမှူ ကိုလျှော့ကျစေနိုင်သော လုပ်ဆောင် မှုမျိုး ကို ဆောင်ရွက်ခြင်းဖြင့် ည အခါပိုမို အိပ်ပျော်စေနိုင်ပါသည်။

 

( ၆-၇ ) စိတ်ဖိစီးမှု နှင့် အပူ အပင် မရှိအောင်နေပါ။
စိတ်ဖိစီးမှုတွေ ဟာ ညအခါ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ကိုများစွာ အနှောက် အယှက်ဖြစ်စေပါသည်။ အပူ အပင်တွေရှိလာတဲ့ အခါ မိမိ တစ်ယောက်ထဲ ကြိတ် ခံစားခြင်းထက် အကောင်းဆုံး အထောက် အကူ ပေးနိုင်သော ခင်ပွန်းဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ ပညာရှင်ဖြစ်စေ အမြန်ဆုံး ရှာဖွေပြီး ဖြေရှင်းပါ။ တရား ထိုင်ခြင်းဖြင့် လည်း စိတ်ဖိစီးမှု ကိုလျှော့ကျစေနိုင်ပါသည်။

 

( ၆-၈ ) နေ့အချိန်တရေးအိပ်ခြင်း အချိန်ကိုလျှော့ချပါ။
နေ့အခါတရေးအိပ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်လိုအပ်ပါသည်။ ဒါပေမယ့် တရေးအိပ်ချိန်ဟာ နာရီပေါင်းများစွာ ကျော်လွန်ပါက ညအခါပုံမှန်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည့်အတွက် တရေးအိပ် ပါကလည်း မိနစ် ၃၀ ထက်ပိုပြီး မအိပ်မိစေရန်ဂရုစိုက်ပါ။
 


( ၇ ) ကလေး မီးဖွားဖို့ ဆေးရုံ ကို ဘာတွေယူဆောင်သွားဖို့ လိုအပ်သလဲ။ ကိုယ်ဝန် ၈ လလောက် ရှိလာချိန်မှာ မိခင်တိုင်း ဟာ ကလေးမွေးဖွား ဖို့ အဆင်သင့်ပြင်ဆင် ထားရန် အကြံပြုပါရစေ။ အဘယ့်ကြောင့် ဆိုသော် မွေးဖွားမည့် ရက် မတိုင်ခင် ၂ပါတ် ၃ပါတ် အလိုတွင် အချိန် မရွေးလည်း မွေး ဖွား နိုင်ကြသည်ကိုမိခင်များ သတိရှိသင့်သည်။
 

မီးဖွားချိန် မတိုင်ခင် ကတည်း က မီးဖွားဖို့ ၊ ဆေးရုံ တက်ဖို့၊ မီးဖွားပြီးချိန် မိခင်ကော ကလေးပါ အသုံးပြုရန် ပစ္စည်း တော်တော် များများ ကို ကြိုတင်ပြင်ဆင် ထားသင့်သည်။
 

ကလေး မီးဖွားရန် အတွက် ကြိုတင်ဆောင်ရွက် ထားသင့်သည့်ကိစ္စများ။
 


( ၇-၁-၁ ) ကိုယ်ဝန်ဆောင်မိခင် ၏ ဆေး မှတ်တမ်း အားလုံးအားဆေးရုံသို့ ယူဆောင်သွားရန်သတိရပါ။
 


( ၇-၁-၂ ) ဆေးရုံ အားကြိုတင်ရွေးချယ်ထားရန်နှင့် မီးဖွားမည့်ရက်အားကြိုတင် စာရင်းသွင်းထားရန်။
 


( ၇-၁-၃ ) ကလေးမွေးဖွားမည့် နည်းလမ်း(သဘာဝ အတိုင်း မွေးဖွားခြင်းနှင့် ခွဲစိတ် မွေးဖွားခြင်း)အား မိမိ ဆရာဝန်နှင့် တိုင်ပင်ကာ ကြိုတင်စီစဉ်ထားရန်။
 


( ၇-၁-၄ ) မိမိ ဆရာဝန် ၏ ဖုန်းနံပါတ်နှင့် ဆေးရုံ၏ ဆက်သွယ် ရမည့် ဖုန်းနံပါတ် များကိုမှတ်သား ထားရန်။
 


( ၇-၁-၅ ) မီးဖွား စရိတ်အား အဆင်သင့် ဆောင်ထားရန်။
 


( ၇-၁-၆ ) မီးဖွားချိန် မတိုင်မှီရ က်များ အတွင်း မိမိတို့ အသုံးပြုမည့် ဖုန်းများအား ဖုန်းခ လုံလောက်စွာကြိုတင် ထည့်သွင်းထားရန်။
 


( ၇-၁-၇ ) မိမိ သွေး သည်ရှားပါးသွေးဖြစ်ပါက မိမိ အပေါင်း အသင်းမိတ်ဆွေများ မှတဆင့်လိုအပ်လျှင် အသုံးပြုနိုင် ရန်သွေး အလှူရှင်ရှာထားရန် ။
 

မီးဖွားပြီးချိန် မိခင်နှင့် ကလေး အတွက် အသုံးပြုရန်ကြိုတင် စုဆောင်း ထားသင့်သော ပစ္စည်းများ။
( ၇-၂-၁  ) နို့တိုက်ဘရာစီယာ ( Nursing Bra ) နှင့် ဘရာစီယာ အတွင်း နို့ရည် မယို စိမ့်စေသော အခံပြား ( Breast Pads )
 


( ၇-၂-၂ ) နို့ဘူး နှင့် နို့ဘူး အတွက်နို့သီးခေါင်း အပို ( မိခင်နို့ရည်သာ တိုက်ကျွေးမည် ဟု ဆုံးဖြတ်ထားသော် ညားလည်း) ဆောင်ထားရ မည်။ ထို့အတူဆေးရုံ မသွားခင် အချိန် ကြိုတင်ပေါင်းခံပိုးသတ် ထားပေးရမည်။
 


( ၇-၂-၃ ) မီးဖွားပြီးချိန် မိခင်နို့ရည် လုံလောက်စွာ မထွက်ပါက တိုက်ကျွေးနိုင်ရန် နို့မှုန့် ဘူးလည်း ၀ယ်ယူ ထားရမည်။
 


( ၇-၂-၄ ) ကလေးသေးခံ ( Diaper ၊ အနှီးပိတ်စ ) စသည် တို့ကိုလည်း ကြိုတင် စုဆောင်းထားရမည်။ အနှီးပိတ်စ များကို ကြိုတင် လျှော်ဖွတ် ထားသင့်သည်။ ကလေး အင်္ကျီနှင့် အနှီး များအား လျှော်ဖွတ် ရာတွင် ကလေး ဆပ်ပြာ ကိုသာ သုံးသင့်ပြီး လျှော်ဖွတ်ပြီး  သိမ်းဆည်းပါကလည်း ပရုတ်လုံး များလုံးဝအသုံး မပြုရပါ။ မိုးတွင်း ကာလဖြစ်ပါက တတ်နိုင်လျှင်ရာဂဏန်း အထိဆောင်ထားပါ။
 


( ၇-၂-၅ ) ကလေးသေးခံ အခင်း၊ ကလေးစောင်၊ ကလေး ခေါင်းအုံး၊ ၀ါဂွမ်း၊ ကလေးဦးထုပ်၊ လက်အိတ်ခြေ အိတ် အစ ရှိသည့် လိုအပ်နိုင်သည့် မည်သည့် ပစ္စည်းမျိုးမ ဆို သေချာ ထုပ်ပိုးပြီး အဆင်သင့်ပြင် ဆင်ထား ရမည်။ ၀ယ်ယူသော ပစ္စည်းများအား အ၀ါရောင် မ၀ယ်မိစေရန်ဂရုပြုပါ။ အဘယ်ကြောင့် ဆိုသော် ကလေး များမွေးဖွားပြီးချိန် အသားဝါ တတ်သဖြင့် အရောင် ဟပ်တတ်သော အရောင်များ မသုံးခြင်းဖြစ်သည်။
 


( ၇-၂-၆ ) မီးဖွားပြီးချိန် မိခင် အတွက် လိုအပ်မည့် သက်သောင့် သက်သာ ရှိသော အ၀တ် အစားများ ကိုလည်း ပြင်ဆင် ထားရမည်။
 


( ၇-၂-၇ ) မိခင်နို့ရည်အား ညှစ်ထုပ်ပေးသော ပစ္စည်း ( Breast Pump ) အားလည်း ရှာဖွေ စုဆောင်း ထားရမည်။
 


( ၇-၂-၈ ) မီးဖွားပြီး ချိန်တွင် မိခင် များဟာ သွေးဆင်း တတ်သောကြောင့် အထူစား အမျိုး သမီးလစဉ်သုံး ပစ္စည်း ကိုလည်း ယူဆောင်သွားရမည်။  




( ၈ ) ကိုယ်ချစ်တဲ့သူ ကိုယ်ဝန်ဆောင် ရင် ကိုယ်ဘာလုပ်ပေးရ မှာလဲ။ ယောင်္ကျား တစ်ယောက်ဟာ လူပျိုဘ၀ ကနေ အိမ်ထောင်သည် တစ်ယောက် အဖြစ်ပြောင်းလဲ သွားချိန် မှာ ပြောင်းလဲ မှုဟာ အများကြီး မရှိသေးပေမဲ့ ကိုယ့် အမျိုးသမီး ကိုယ်ဝန် ရနေပြီဆိုပြီး သိလိုက်ရတဲ့အချိန် ကစပြီး အရင်ကနဲ့ ဘာမှ မတူတော့တဲ့ အိမ်ထောင်သည် ဖခင်ဘ၀ကို ပြောင်းလဲ သွားပြီပဲဖြစ်ပါတယ်။
 

ဒီတော့ ဘ၀ရဲ့ အကြီးမား ဆုံးသော ပြောင်းလဲမှု တစ်ခု အတွက် ဘာတွေပြင်ဆင် ထားသင့်တယ် ဆိုတဲ့ အချက်လေးတွေ ကို စုစည်း တင်ပြပေးလိုက်ပါတယ်။
 

ကိုယ်ဝန် ရှိလာသည်နှင့် ဇနီးသည်၏ ခန္ဓာကိုယ် အတွင်း မိမိ၏ သက်ရှိကလေး တစ်ယောက် ရောက်နေ ပါပြီ။ ဒီ ကလေးလေးရှင်သန်ကြီးထွားဖို့နှင့် လူ့လောက ထဲကို ကျန်းကျန်း မာမာရောက်ရှိ လာဖို့ အမျိုးသမီး တိုင်းဟာ ဒုက္ခမျိုးစုံ ကို လပေါင်း များစွာ ခံစားပြီးမှ မီးဖွားကြရတာပါ။
 
 

သာမန်အနေနဲ့ ကြည့်ရင်တော့ ဘာမှမဟုတ်ပေမဲ့ ကိုယ်တိုင်ဝင်ခံ စားပြီးမှ နားလည်နိုင်တဲ့ ဒုက္ခတွေ ကို တော့ ယောင်္ကျားတိုင်း သိရှိသင့်ပါတယ်။
 


  ကလေးလေးက ဘာလေးလဲဆိုတာကို အဓိက မသတ်မှတ်ပါနဲ့ ။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ် ဖြစ် အား လုံးဟာ သင့်ရဲ့ ကလေးလေးပါပဲ။
 


 သင့်အမျိုးသမီး ကိုယ်ဝန်ရှိလာသည်နှင့် လူတွေ အလယ် နှစ်ဘက် မိသားစုတွေအလယ်မှာ သာမန် ထက်ပိုတဲ့ဂရုစိုက်မှုကိုခံရတဲ့သူ အဖြစ်ပြောင်းလဲ သွားပါပြီ။ ဒါကိုလက်ခံနိုင်အောင်ကြိုးစားပါ။
သင်က လည်း သာမန် ထက်ပိုတဲ့ ဂရုစိုက်မှုတွေကို သူ့ကိုပေးနိုင်အောင်ကြိုးစားပါ။

 


 ကိုယ်ဝန် စတင်သည်နှင့် မိမိ အမျိုးသမီး ၏ နေထိုင်ပုံ အားလုံးကို မှတ်သားထားပါ။ ဆေးခန်း ဆေးရုံ ဖုန်း နံပါတ်များ မိမိမှာရှိပါစေ။
 


  သင်၏ အမျိုးသမီး အထူးကု ဆရာဝန်၏ ဖုန်းနံပါတ် နှင့် ဘယ်နေ့ ဘယ်ဆေးခန်း မှာ ဘယ်အချိန် ထိုင်သည် ဆိုသည့် အချိန်ဇ ယား အတိအကျ ပါ မိမိ နားတွင် ဆောင်ထားပါ။ ကိုယ်ဝန်ဆောင် မိခင်များ ဟာ ကိုယ်ဝန် စတင်သည်နှင့် ရင်သား ဟာကြီးထွားပြောင်းလဲ လာပါတယ်။
 

ဒါဟာ မိမိနှင့် မဆိုင်သေးဘူး ဆိုတာ ကိုတော့ သတိရစေချင် ပါတယ်။ ထို့အတူ ဟိုမုန်းပြောင်းလဲ လာခြင်း တွေကြောင့် လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်နေစဉ် ကာလ တလျှောက် လိင် ဆက်ဆံခြင်း ကို လိုလားလေ့ မရှိတတ်ပါဘူး။ ဒါကို သင်နားလည်ပါ။
  


သင်၏ အမျိုးသမီးအား ဆရာဝန် ညွှန်ကြားသော ဆေးများသောက်သုံး ရန်မေ့လျှော့နေသော အချိန်များ တွင် သတိပေးပါ။ မိမိ ကလည်း သူသောက် သုံးသောဆေးများ အကြောင်းနှင့် သောက်သုံး ချိန်များ ကိုလေ့  လာထားပါ။
 


  ကျန်းမာသော အစားအသောက် များကို ကျွေးပါ။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ဆိုင်သော စာပေများ ကလေးနှင့်ဆိုင်သော စာပေ ဗဟုသုတ များ ကိုလေ့ လာပါ။ သင်ယူပါ။ အသုံးချပါ။ အပျော် အပါးကို လျှော့ပါ။ ငွေကိုစုဆောင်းပါ။ အချိန်ပေးပါ။
 


စိတ်ချမ်း သာအောင် ထားပါ။ ဘာပဲဖြစ်ဖြစ် အပြုံးနှင့်သာဆက်ဆံပါ။ အလျှော့ပေးပါ။ သူဟာ ဟိုမုန်း အပြောင်း အလဲကြောင့်စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ ၀မ်းနည်းလွယ်ခြင်း တို့ဖြစ်တတ်တယ် ဆိုတာကို နားလည် ထားပါ။ စာနာပေးပါ။
 


  အမြဲတမ်း မိမိ အမျိုးသမီး ကျန်းမာစေရန် ကူညီဆောင်ရွက်ပါ။ လေ့ကျင့်ခန်းများအတွက်လည်း မိမိ မှ ဦးဆောင် ကူညီလေ့ကျင့်ပေးပါ။ ကိုယ်ဝန် ရင့်လာသည်နှင့် အမျှ ညအချိန် အိပ်ရေး ပျက်ခြင်းများ ကြုံတွေ့  လာပါမည်။ ဒါကို လက်ခံပေးပါ။ နားလည်ပေးပါ ။
 


  ညအချိန် သာမန်ထက်ပို ဗိုက်စာတာဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းပါ။ ဒါအတွက် သင်ကကြိုတ င်ပြင် ဆင်ပေးပါ။ မီးဖွား ဖို့ ရက် နီးလာသည်နှင့် အမျှ လုပ်စရာရှိတဲ့အလုပ်များကို မီးဖွားသည့်ရက်မတိုင်ခင် အကုန်ဖြတ်ထားပါ။ အလုပ်မှခွင့်ယူရန် လိုသည့် သူများအနေဖြင့်လည်း အထက် ကိုကြိုတင် အကြောင်း ကြားတင်ပြထားပါ။
 


 မီးဖွားရန် အတွက် လိုအပ်သော ငွေကြေး ကိုလည်းကြိုတင် စုဆောင်းထားပါ။ မီးဖွားချိန် တွင်အသုံးပြု ရန် အတွက် လိုအပ်သော ပစ္စည်းများ ( ကလေး အတွက် ၊ အမျိုးသမီး အတွက်၊ မိမိအတွက်) အားလုံး ကိုကြို တင်စဉ်းစားပြီး အဆင်သင့်ပြင်ထားပါ။
 


 ကလေး မီးဖွားပြီးချိန်အတွက် အခန်းကို အသင့်ပြင်ရမှာ သင်ကိုယ်တိုင်ပါ။
ကလေး ရဲ့ အညစ်အကြေး တွေကို ထိတွေ့ ဖို့ အဆင်သင့်ပြင်ထားပါ။ သင်ဟာ ဘယ်လောက်ပဲချမ်းသာ၊ သူနာပြုဘယ်နှစ်ယောက်ငှားငှား ဖခင်မေတ္တာ က ဘယ်အရာ ကိုမှအစားထိုးလို့ မရနိုင်ပါဘူး။
 


  ကလေးရဲ့ အနာဂတ် အတွက် စီမံပေးဖို့ ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ ။
မိမိ အတွက်အဖိုးတန်ရတနာ ကလေးတစ်ယောက်မွေးဖွားပေးမည့် သင်၏ အမျိုးသမီး ဟာလည်း သင့်အတွက် ရတနာပါပဲ။
 
 နောက်ဆုံး အနေနဲ့ ကတော့ ကိုယ်ကိုတိုင် သန္ဓေ လွယ်ထား ရရင် ဘာလုပ်မှာလဲ၊ ဘာလုပ်ခံချင်လဲ၊ ဘာတွေ လိုအပ်မှာလဲ ဆိုတာတွေ ကို အမြဲ သတိရပြီး မိမိ အမျိုးသမီး အပေါ်ဂရုစိုက်ခြင်းဖြင့် ပျော်ရွင်သောေ န့ရက်များ ကိုဖြတ်သန်းနိုင်ကြပါစေ။

 

( ၉ ) ကိုယ်ဝန် ရစေဖို့ အကူ အညီဖြစ်စေမည့် နည်းလမ်း ကောင်းများ။  

( ၉-၁ ) အဟာရ ရှိပြီးကျန်းမာစွာ နေထိုင်ခြင်း...
အဟာရ ရှိမည့် အစားအစာ များကိုရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့ အခွင့်အရေးကို အလျှင် အမြန် တိုးတက်စေမည့် နည်း တစ်နည်းဖြစ်ပါတယ်။ ပုံမှန်ေ လ့ကျင့်ခန်းပြုလုပ် ပေးခြင်းနှင့် ကျန်းမာစွာ စားသောက်ခြင်း တွေဟာ သင့် ကိုယ်ခန္ဓာအား အကောင်းစုံပုံစံ ရစေပြီး ကိုယ်ဝန်ရစေရန် အထောက် အကူပြု ပါလိမ့်မယ်။

 

မျိုးအောင် ဖို့ အတွက်ကိုအထောက် အကူပြုစေဖို့ သင်ဟာ သန့်ရှင်း လက်ဆပ်တဲ့ အသီးအနှံတွေ၊ အရောင် ပေါင်းစုံတဲ့ မတူညီတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။
ဘယ်ရီသီး အမျိုးမျိုး ၊ ငရုတ်ပွ အနီရောင် ၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် အရွက်များစ သည်ဖြင့် အဟာရပြည့်ဝ စာများကို မကြိုက်သော်လည်း စားသုံးသင့်ပါတယ်။

 


  ထို အတူ ဇင့်ဓါတ်ကြွယ်ဝသော ကမာကောင် ကဲ့သို့သော အစားအစာများ၊ဖော်လစ်( Folic )ကြွယ် ၀သော အစားအစာ များ ဖြစ်တဲ့ ထောပတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက်ကဲ့သိုသော အစာများ ကိုလည်း စားသုံး သင့်ပါတယ်။
 


  အဟာရဖြစ်စေမည့် အသီးများ၊ အသားများ ဟာ သင့်ကို အမေ တစ်ယောက်ဖြစ်လာစေ ဖို့ အထောက် အကူဖြစ်စေ မှာပါ။ ဒီလို အစားအသောက် ပုံစံ သုံးမျိုးကို ပုံမှန်တစ်နေ့တာ အတွင်းပါဝင်အောင် စားသုံး ပေးခြင်းဖြင့် သင့် လိုအင်ဆန္ဒများပြည့်ဝ လာပါလိမ့်မယ်။ 
 


  သင့်၏ အမျိုးသားကိုလည်း သုတ်ပိုး ကို ကျန်းမာ သန်စွမ်းစေမည့် ဗိုက်တာမင် စီ၊ အီး ဓါတ် ပါသော ဖြည့် စွက် အစာ များကို စားသောက် ဖို့ တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများ အနေဖြင့်ပူအိုက်စေသည့် အတွင်း ခံဘောင်းဘီများ ၀တ်ခြင်းဟာ သုတ်ပိုး ထုတ်လုပ်မှူကို ထိခိုက်စေနိုင်သောကြောင့် ပွသော အတွင်းခံ များကိုသာ ၀တ်ဆင်သင့် ပါတယ်။
 

( ၉-၂ ) ဗိုက်တာမင် ဆေးများဖြည့်စွက် ပါ။
လိုအပ်သော ဗိုက်တာမင်ဆေးဝါးများ လည်းဖြည့်စွက်သောက်သုံးနိုင်ပါတယ်။ အလွန်အကျွံ မဖြစ်စေ ရန်ကိုတော့ သတိပြုပါ။
 
Vitamin E
Zinc
Copper
Panthothenic acid
Potassium
Vitamin A
Vitamin C
Vitamin D
Thiamin B6
Riboflavin
Niacin
အကောင်းဆုံး ကတော့ အစား အသောက် များမှ ထိုဓါတ်များ ကို ရှာဖွေပါ။

 

( ၉-၃ ) မှန်ကန်တဲ့ ကိုယ်အလေးချိန်။
ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံး ကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ ပိန်လွန်းခြင်း ၀လွန်းခြင်းတွေ ဟာလည်း သင့်၏က လေးရနိုင်ခြေ ကိုလျှော့နည်းစေပါတယ်။ ထို့ အတွက်ကြောင့် ကလေး ယူရန်ဆုံးဖြတ်ထားပါက မိမိ ကိုယ်ခန္ဓာကျန်းမာသော ကိုယ်အလေးချိန်ဖြစ်စေရန်ကြိုးစား တည်ဆောက်ပါ။ 


အမြန် အလေးချိန် လျှော့ ကျစေနိုင်သော ဆေးများ၊နည်းလမ်းများ ကို တော့အသုံး မပြုသင့်ပါဘူး။ ထို့အတူ သင့်အမျိုးသား လည်း ထိုနည်း အတိုင်းကျန်းမာ သန်စွမ်းစေရန်နေထိုင်ဖို့ တိုက်တွန်းရပါမယ်။
 

( ၉-၄ ) အရက်၊ ဆေးလိပ်ဖြတ်ပါ။
ကိုယ်ခန္ဓာ အား ဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်း အင်္ဂါ များတွင် အဆိပ်အတောက်များ ကျန်ရစ်စေမည့် ဆေးလိပ် အရက်၊ မူးရစ်ဆေးဝါးများ ကို သင်ကော သင်၏ အမျိုးသားပါ လုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့ ၂ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကိုများစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။ အရက် ဟာလည်း အမျိုးသား ၏ သုတ်ပိုး အရည်အသွေး ကိုများစွာ ထိခိုက်စေပါတယ်။

 

( ၉-၅ ) Caffeine
Caffeineဓါတ်ဟာ အမျိုး သမီးများ၏ မျိုးဆက် ပွားခြင်းကို ဘယ်လိုမှ ကောင်းကျိုးမဖြစ်စေပါဘူး၊caffeine ဓါတ်များသော ကော်ဖီ၊ ချောက်ကလက် အစရှိသည့်အရည် များကို တစ်နေ့ ၄ခွက်ထက်ပို မိုသောက်သုံး ပါက အမျိုးသမီး များ မျိုးအောင်နိုင်ခြေကို ၂၆% ကျဆင်းစေပါတယ်။

 

( ၉-၆ ) ပုံမှန် လိင် ဆက်ဆံခြင်း ကိုပြုလုပ်ပါ။
 အကောင်းဆုံး အကြံပြုချက်ကတော့ တစ်ပါတ်လျှင် ၂ကြိမ် ၃ကြိမ်ဖြင့် အပတ် တိုင်းပြုလုပ်ခြင်းဖြင့် သင့်အား ကလေး ရစေဖို အခွင့် အလမ်း ပိုများလာစေပါ လိမ့်မည်။ လိင် ဆက် ဆံပြီး ပါကလည်း ချက်ခြင်း ထပြီးရေ ချိုးခြင်း မျိုးထက် ၁၀မိနစ် ၁၅ မိနစ်ခန့် လှဲလှောင်းနေပေးပါ။

 

တစ်ချို့တွေ ကတော့ ခြေ၂ ချောင်းကိုလေထဲ တွင်မြှောက်ထား လျှင်ပိုကောင်းသည်ဟုဆိုကြသော်ငြား လည်း တကယ် တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံး ကဲ့သို့သောမြင့် တက်လာ စေ မည့် ပစ္စည်း တစ်ခု ခံထားလျှင်လည်း အဆင်ပြေနိုင်ပါတယ်။
 

အမျိုးသားများ ၏ သုတ်ပိုး များဟာ ၇ ရက်လောက် ကူးခတ် အသက်ရှင်နိုင် တာကြောင့် နေတိုင်း ကလေး ရစေရန် အတွက်တော့ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများ ရရှိစေဖို့ကို သာကြိုး စားကြေ စလိုပါတယ်။ ကိုယ်ဝန် ရစေဖို့ လိင်ဆက်ဆံရန် အကောင်းဆုံး ပုံစံများ ကိုတော့ အမြင် မတင့် တယ်ဖြစ် မည်စိုး သဖြင့် မဖော်ပြတော့ပါ။
 

( ၉-၇ ) ရာသီစက်ဝန်း ကို နားလည် သိရှိခြင်း
အမျိုးသမီးများ အနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီ စက်ဝန်း အတွက် ရာသီပေါ်ချိန် အစရက်မှ ( ၁၄ ) ရက်မြောက်နေ့ တွင် မျိုးဥကြွေလေ့ ရှိပါတယ်။ ထို ရက်တွေမှာ လိင် ဆက်ဆံခြင်း ဟာ ကိုယ်ဝန်ရစေ မဲ့ အကောင်းဆုံး နည်းလမ်း ပါ။ 


အမျိုးသား သုတ်ပိုးဟာ အမျိုးသမီး၏ ကိုယ်အတွင်း ၇ ရက်လောက် အသက် ရှင်နိုင်ပြီး အမျိုးသမီး ၏ မျိုးဥများ ကတော့ ၁၂နာရီမှ ၂၄နာရီ အတွင်းသာ အသက်ရှင်နိုင်ကြ တာပါ။
 

ထို့ အတွက်ကြောင်း သင်တို့နှစ် ဦး အနေနှင့် အကောင်းဆုံး အချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့ အခွင့်အလမ်းများ ဖြစ်ပေါ်စေပါလိမ့်မယ်။ ထို့ကြောင့် အမျိုးသမီးတိုင်း မတူညီနိုင်တဲ့ မိမိ ရက်တွေ ကို နားလည် တွက်ချက်နိုင်အောင် လုပ်ခြင်းဟာ အရေးကြီးဆုံးပါပဲ။
 

( ၉-၈ ) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
လူအများ စု ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ အရမ်းနောင့်နှေးနေ တတ်ပါတယ်။ နီးစပ်ရာ ဆေးနည်းတို များနဲ့ ကုသတာတွေ၊ စမ်းတ၀ါးဝါး လုပ်နေတာတွေကို အချိန်ကိုကြာစေသလို၊ မှားယွင်း တဲ့ ကုသမှူတွေ ကလည်း သင့်အားဘေးဖြစ်စေနိုင်ပါတယ်။ ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။

မိမိ အခက်အခဲတွေကို ပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။ အကူညီတောင်းပါ။ 

ဒါဟာ မိမိ ဘာဖြစ်နေလည်း ဆိုတာ သိပ္ပံနည်း ကျကျ တိကျစွာ သိနိုင်မဲ့ နည်း တစ်ခုတည်းသော နည်းလမ်း ပါ။ ဒါမှလည်း သင်၏ အားနည်း ချက်လား၊  သင့် အမျိုးသား၏ အားနည်း ချက် လား ဆိုသည်ကိုသိရှိပြီး အမြန် ဆုံး အကောင်းဆုံးသော နည်းလမ်း များဖြင့် ကိုယ်ဝန်ဆောင်နိုင်စေ ရန် အခွင့်အလမ်း များ ပေါ်ပေါက် လာနိုင် မှာဖြစ်ပါတယ်။ တစ်ဖက် ဖက်မှဖြစ်စေ ၂ဦး လုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများ အနေနဲ့ ကတော့ အထူးက ဆရာဝန်ဲ့များနှင့် ကုသ မှသာ အောင်မြင်နိုင် ဖို့ နီးစပ်မှာပါ။
 

( ၉-၉ ) စိတ်ဖိစီးမှု လျှော့ပါ။
စိတ်ဖိစီးမှူဟာ ကိုယ်ဝန် လိုချင်သော မိဘ များဖြစ်တတ်သော အရာပါ။ ကလေး ရအောင်ကြိုးစားရင်း ထို စိတ် ဖိ စီးမှူကြောင့်ပဲ ကလေး ရစေဖို့ အဟန့်အတားဖြစ်စေ ပါတယ်။ ထို့အတွက် ၂ဦးစလုံး စိတ်ဖိစီးမှူ ကိုလျှော့ချနိုင်အောင်ကြိုးစားပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း များပြု လုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေ ကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ဦးစလုံး လုပ်ရမဲ့ အရာပါ။

 

( ၉-၁၀ ) အချိန်ယူပါ။ 
ကိုယ်ဝန်ရဖို့ လွယ်ကူသူတွေမဟုတ်တဲ့ အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့ အတွက် အချိန် ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန် မဟုတ်တောင်အခွင့်သင့် သလိုပြ သပြီးကုသမှူ ခံယူပါ။ ထို့ အတွက်ကြောင့်လည်း အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ရန် အကောင်းဆုံး အချိန်ဖြစ် တဲ့၁၈နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင်ပြုပြီး ပါက ကလေးယူသင့်သည်။
 

အသက် ၃၅ နှစ်အောက်တွေ အတွက် ကတော့ အခက်ခဲမ ရှိသေးပေမယ့် အသက် ၃၅နှစ်ကျော် လာပါက မျိုးဥအောင်ဖို့ အတွက် ခက်ခဲ လာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ ရာခိုင်နူံန်းလည်း သူများနှင့် ယှဉ်လျှင်နည်း ပါးလာပါလိမ့်မည်။ မိခင်လောင်းများ ဘ၀ကို အမြန်ဆုံးပိုင် ဆိုင်နိုင်ကြပါစေ။  


( ၁၀ ) မိခင်ကော ကလေးပါ ကျန်းမာ ဖို့  မိခင်နို့  တစ်မျိုး တည်းသာ တိုက်ကြစို့ ။
-မိခင် နို့ ရည်ဟာ ကလေးများ အတွက် တစ်ခုတည်းသော အကောင်းဆုံး သဘာဝ အစားအစာပါ။
-မိခင်နို့ရည် တိုက်ကျွေးခြင်းဖြင့်ကလေးငယ်များ ကိုရောဂါ ကူးစက်မှုနှင့် နာမကျန်းဖြစ်ခြင်းမှကာ ကွယ်ပေးပါတယ်။

-မိခင် နို့ရည် သည် ကလေးများ ကျန်းမာရေး ကို အထူးကောင်းမွန်စေသည်။

-မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် မိခင်၏ကျန်းမာရေး ကို အကျိုးဖြစ်ထွန်း စေပါသည်။

-မိခင်နို့ရည် ဆိုတာငွေပေးပြီး ၀ယ်ရန် မလိုတဲ့ အခမဲ့ပစ္စည်းပါ။

-ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ကလေးအတွက် အဆင်သင့် သောက်သုံးနိုင်ပါတယ်။
-ကလေးအတွက်ပူလည်း အရမ်း မပူ အေးလည်း အရမ်းမအေးပဲ အသင့်လျှော်ဆုံး သော အပူချိန် အတိုင်း သဘာဝက ချိန်ညှိ ပေးထားပါတယ်။

-နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေးကြား နက်နဲတဲ့ သံယောဇဉ်တွေကို တည်ဆောက်ပေးပါတယ်။
 

မိခင်နို့ တိုက်ကျွေးခြင်းနှင့်ကလေးအတွက် အကျိုးကျေးဇူး များ မိခင်နို့ တိုက်ကျွေးခြင်းဟာ ကလေးငယ် များ အတွက်အကောင်းဆုံးနှင့် အကျန်းမာဆုံး ကိုဖြစ်စေပါတယ်။
 

ကလေးငယ်များကိုမွေးကင်းစ မှ ၆လ အထိမိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးသင့်ပါတယ်။ ၆လ ကျော် သွားမှသာ မိခင်နို့ အပြင် အဟာရဖြစ်စေသော အခြား အစား အသောက်များဖြင့် ကလေးကြီးထွား ဖို့  အတွက် ဆက်လက်ပြီး တိုက်ကျွေးရပါမယ်။
 

မိခင်နို့ တိုက်ကျွေးခြင်း ဟာ ကလေးများ အတွက် အသင့်တော်ဆုံးပါ။
မိခင်၏ နို့ဦးရည် သည် ကလေးငယ်၏  ကိုယ်ခံအားကို တိုးပွားစေသည့်အပြင် ကလေးငယ် ၏ အစာအိမ် နှင့် အူလမ်းကြောင်း ကြီးထွား ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေ ၍ ဓာတ် မတည့်မှုကို ကာကွယ်ပေးသည်။

နို့ဦးရည်နောက် တွင် ထွက်လာသော နို့ရည် သည် အရည်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ် အပြင် သတ္တုဓာတ်နှင့် ပဋိဇီဝ ပစ္စည်းများ ပါ ပါဝင်သည်။ 

မိခင်နို့ချိုတိုက်ကျွေးနေသော ကလေးများ အနေဖြင့် -၀မ်းလျှော ၀မ်းပျက်၊ အထက် လှန်အောက်လျှော ဖြစ်ခြင်းဖြစ်စေနိုင်ခြင်း ကိုလည်း လျှော့ကျစေနိုင်ပါသည်။ -မိခင်နို့ရည်ပြည့်ဝစွာ တိုက်ကျွေးခြင်းဖြင့် လည်းမွေးကင်းစ ကလေးငယ်များတွင်ဖြစ်ပွားတတ်သော အသားဝါခြင်း ကိုပျောက် ကင်းစေပါသည်။
 


-အစာမကြေ အော့အန်ခြင်း ကိုလည်း လျှော့ကျစေနိုင်သည်။
-၀မ်းချုပ်ခြင်း ဖြစ်ပွားမှူလည်း လျှော့ကျစေနိုင်ပါသည်။

 -နှင်းခူ၊ ယားနာ၊ ပန်းနာ ရင်ကြပ် ရောဂါဖြစ်ပွားနိုင်ချေလျှာ့ကျ စေနိုင်ပါသည်။
-အသက်ကြီးလာတဲ့ အခါ ဆီးချိုဖြစ်ပွားမှူနှုန်းနှင့် အ၀လွန် ရောဂါဖြစ်ခြင်း ကိုလည်းလျှော့နည်း စေပါသည်။

-မိခင် နှင့် လက်ပွန်း တစ်တီးနေရ သောကြောင့် ကလေးငယ် ၏ စိတ် လုံခြုံမှု၊ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အတွက် များစွာ အထောက် အကူပြုသည်။ မိခင်နို့ရည် ဟာ တိုက်ရင် တိုက် သလောက်ကောင်းကျိုး ကို သာဖြစ်ထွန်းစေတာပါ။

 

မိခင်နို့ရည်တိုက်ကျွေးသည် ကာလ ရှည်လေလေ ကလေး အတွက် အကျိုးများလေလေ ဖြစ်ပါသည်။ နို့ မှုန့်တွေ ဘယ်လောက်ကောင်းကောင်း မိခင်နို့ရည်ရဲ့ အရည်အသွေးကို မမှီနိုင်သလို ဘယ်လိုမှ လည်း အစားထိုးလို့ မရနိုင်ပါဘူး။
 






မိခင်နို့  တိုက်ကျွေးခြင်းနှင့်မိခင်အတွက် အကျိုးကျေးဇူးများ
 မိခင်နို့ ရည်တိုက်ကျွေးခြင်း ဟာ ကလေးအတွက်ပဲ ကောင်းကျိုးဖြစ်စေတာ မဟုတ်ပါဘူး။ မိခင်ရဲ့ ကျန်းမာရေး အတွက်လည်း လွန်စွာမှ ကောင်းမွန်စေပါတယ်။

 


-ရင်သား ကင်ဆာနှင့်သားအိမ် ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ကျစေပါသည်။
-တစ်နေ့ ကယ်ရိုရီ ၅၀၀ကျော် လောင်ကျွမ်းစေနိုင်ပြီး ကလေး မွေးဖွားပြီးချိန်အ၀လွန်နေသော မိခင်များ အတွက် သဘာဝ ပိန်စေသောနည်းလမ်းဖြစ်ပါသည်။

-ငွေကြေး အကုန်အကျ များစွာ သက်သာစေပါသည်။

-မိခင်နို့တိုက်ကျွေးခြင်းဖြင့် လည်း မိခင်အနေဖြင့် ဓမ္မတာပြန်လာခြင်း ကို အနည်းငယ် နှေးစေပြီး သဘာဝသားဆက်ခြားခြင်း ၏ကောင်းကျိုး ကို ခံစားရပါမည်။

 

အင်္ဂလန်နိုင်ငံတွင်တောင်မှ ယခုအခါ ၇၈% သော မိခင် များဟာ မိခင်နို့ရည်သာ တိုက်ကျွေးနေကြပါပြီ။ လူတွေ အများ ထင်နေတဲ့ မိခင်နို့ရည်နှင့် နို့မှုန့် အတူတူဆိုတာ ကတော့ လွန်စွာမှမှားယွင်းပါတယ်။
မိခင် အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လူကြားထဲ ကလေးနို့တိုက်ရမှာ ရှက်မယ်လို့ ထင်ထားကြပေ မယ့် တကယ့်အချိန်မှာတော့ ကလေး အတွက် လိုအပ်လာပါက မိခင် နို့ရည်တိုက်ကျွေးဖို့ဝန် မလေးကြတော့ ပါဘူး။
 

မိခင်နို့ရည် ဟာ အစပိုင်းလောက် သာ ကလေး အတွက် မလုံလောက် ပေမယ့် နောက်ပိုင်းမှာတော့ မိခင် အားလုံးနီး ပါးဟာ ကလေး လိုအပ်တဲ့ပမာဏ ကိုပေးစွမ်းနိုင်လာ ပါလိမ့်မယ်။


 




( ၁၁ ) ကိုယ်ဝန်ဆောင် များ ကျန်းမာစေရေး နည်းလမ်းကောင်း များ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ကိုယ်ဝန်ရှိသည်ကိုစတင် သိရှိသည်နှင့် ဦးစွာ ပထမလုပ်ရမှာ ကတော့ သားဖွား မီးရပ် ဆရာ ၀န် နှင့် တတ်နိုင်သမျှ စောအောင် ကိုယ်ဝန် အပ်နှံရေးပါပဲ။ ဆရာဝန်များနှင့်ဝေးတဲ့ အရပ်ဒေသဖြစ်ပါ က ဒေသန္တရ ကျန်းများရေး ဆရာ-ဆရာမများနှင့် ပြသရပါမယ်။
 

ဆရာဝန်များရဲ့ ညွှန်ကြားချက်ကို ခံယူပြီး ultrasound စစ်ဆေးမှုများ လည်းပြုလုပ်ရပါမည်။ ကိုယ်ဝန် စတင် ရှိလာသည်နှင့် မိခင်ကော ကလေးပါ ကျန်းမာဖို့အတွက် အဟာရရှိတဲ့ အစား အသောက် များစားသုံး ဖို့ဟာလည်း အရေးပါတဲ့ အရာတစ်ခုပါ။
 

မိခင်လောင်းများ အနေနဲ့ အသီး သို့မဟုတ် အရွက် ၅မျိုးကို နေစဥ်စားသုံးရပါမယ်။ အသား၊ပဲ၊ငါး၊ဥ၊ နို့ စသည့် အဟာရဖြစ်စေသော အစားအစာ များကိုလည်း ပုံမှန်စားသုံးရပါမယ်။ အစာပိုစားခြင်းဆိုသည်မှာ ကလေး အတွက် ၂ယောက်စာ ပိုစားခြင်းမျိုး မဟုတ်ပဲ အဟာရပြည့်ဝသော အစားအစာ များကို ပိုမိုစားသုံးခြင်း သာဖြစ်ပါတယ်။
 

ဒါပေမယ့် ကိုယ်ဝန် ၆လမှ စတင်ကာ အပို ကယ်ရိုရီ ၂၀၀ လောက်ပိုမို စားသုံးရပါမယ်။ ဒါအပြင့် အဟာရ ရှိသည့် အစာပြေ မုန့်များကိုလည်း အစဉ် အမြဲဆောင်ထားပြီး စားတိုင်း စားသောက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် မှာ ထပ်ဆင့် အနေနဲ့ လိုအပ်သော ဖြည့်စွက်ဆေးဝါးများလည်းသောက် သုံးသင့် ပါတယ်။ ဖောလစ်အက်စစ် ဟာ ကိုယ်ဝန်ဆောင်များ အတွက် အရေးအကြီးဆုံးဖြစ်လို့ ဖောလစ် အက်စစ် ၄၀၀ မိုက်ခရိုဂရမ် ပါဝင်တဲ့ ဆေးဝါးများ သောက်သုံးရပါမယ်။
 

ဗီတာမင် ဒီ ဟာ ကလေးရဲ့ အရိုးသန်စွမ်းရေး အတွက် လိုအပ် သဖြင့် ၁၀ မိုက်ခရိုဂရမ် လောက်ပါဝင်သော ဗီတာမင် ဒီ ဆေးဝါးများလည်းသောက်သုံးနိုင်ပါတယ်။ ဒီဆေးများေ သာက်သုံးရာတွင် ဆရာဝန် ညွှန် ကြားသော ဆေးတံဆိပ် များကို သာသောက်သုံးရပါမယ်။
 

အချို့ ဆေးဝါးများဟာ တရားဝင်ဆေးဝါးများ မဟုတ်တဲ့ အတွက် အရည် အသွေးများစွာ အားနည်းနိုင်သလို မှားယွင်းသော ဖော်စပ်မှုများကြောင့်လည်း ကလေးကို ထိခိုက်နိုင်တဲ့ အတွက် ဆရာဝန်အားဦးစွာ တိုင် ပင်ပြီးမှသောက်သုံး သင့်ကြောင့်အကြံပြုပါရစေ။
 

ဝင်ငွေနည်းပါးသော မိခင်များ အနေဖြင့်လည်း ကျန်းမာရေဆေးခန်းများ ဒေသံသရဆေးခန်း များမှာ ကိုယ် ၀န်ဆောင်သည်နှင့် အချို့အားဖြည့်ဆေးများကို အခမဲ့ ရယူနိုင်ပါတယ်။
 

အစားအသောက် သန့်ရှင်း မှုဟာလည်း ကိုယ်ဝန်ဆောင် မိခင်များ အတွက် အဓိကကျတဲ့ အချက်ပါ။ အစားအသောက်များမှ တစ်ဆင့်မိခင်၏ ကိုယ်ခန္ဓာ အတွင်းသို့ ပိုးမွားများ အများဆုံး ၀င်ရောက်နိုင်ပါတယ်။ ထို့ အတွက်ကြောင့် အစားအသောက် များကို သေချာဆေးကြောပါ။
 

မှိုတက်နေတဲ့အစားအစာတွေကိုရှောင်ပါ။ ရောဂါ ပိုးမွားများ ရှိတတ်တဲ့ ငပိ၊ ချဉ်ဖတ်များ ကိုလည်း တတ်နိုင် သမျှရှောင်ရှား သင့်ပါတယ်။ အသား များကိုလည်း ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးသင့် ပါတယ်။ အသီး အရွက်များ ဟာလည်း ပိုးသတ်ဆေး များစွာရှိနိုင်သဖြင့် သေချာဆေးကြောပါ။ အသီးများ ကိုလည်း အခွံခွာ စားပါ။
 

ဥများ ကိုလည်း ကျက်အောင်ပြုလုပ်ပြီးမှစားသုံးပါ။ အညစ်အကြေး များကိုလည်း အဖြစ်မနေကိုင်တွယ်ရ ပါက လက်အိပ် စွပ်ပြီးမှာကိုင်ပါ။ လက်အိပ်မရှိပါကလည်း ကိုင်တွယ်ပြီးချိန်တွင်လက်ကို ဆပ်ပြာဖြင့် သေ ချာ စွာဆေးကြောပါ။ ကြောင်များ ၏ သန်း များ အညစ် အကြေးများနှင့်လည်းဝေးအောင်နေပါ။ အဘယ့်ကြောင့်ဆိုသော် ကြောင်များနှင့် ဆက်စပ်ဖြစ်ပွားသော Toxoplasmosis ရောဂါဟာ လွန်စွာ မှပြင်းထန်သောကြောင့်ဖြစ်ပါတယ်။
 

မိခင်လောင်း အများစု ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်ဟု ဆိုကာ သာမန်ထက်ပိုပြီး အိပ်စက်ခြင်း၊ ထိုင်ခြင်း တို့ကိုပိုမိုပြုလုပ်ကြပါတယ်။ ဒါဟာ မှားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းများ အနေဖြင့်ကျန်းမာရေး အတွက် သာမန်အပေါ့စား လေ့ကျင့်ခန်းများပြုလုပ်ရပါမယ်။
 

ကိုယ်ဝန်ဆောင် မိခင်များ အတွက် အပေါ့စားလေ့ကျင့်ခန်း များကို ဖော်ပြပြီးဖြစ်သဖြင့် Happy Mom Pregnancy Pillow page အတွင်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အရက် ဆေးလိပ် မူးယစ်ဆေးဝါး သုံးစွဲခြင်းလုံးဝ အပြုလုပ်သင့်ပါဘူး။ caffeine ဓါတ်ပါသာ အစား အသောက်များ ကော်ဖီ၊ ချောကလက် စသော အရာများကို လည်း လျှော့စားသင့်ပါတယ်။
 

caffeineဓါတ် ၂၀၀ မီလီဂရမ် ဟာ ကလေးတွေ ကို အန္တရာယ်မဖြစ်စေဘူး လို့တော့ဆိုပါတယ်။ ဒါဟာ အသင့်ဖျော် ကော်ဖီ၂ခွက်နဲ့ညီမျှပါတယ်။ ဒီတော့ တစ်နေ့ ကော်ဖီ၂ခွက်ထက်တော့ ပိုမသောက်သင့် ဘူးပေါ့။
 

ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့်လည်း သာမန်ထက်ပိုမိုအနားယူ သင့်ပါတယ်။ နေ့ခင်းနေ့လည်တွင် လည်း တစ်ရေးလောက်အိပ်စက် သင့်ပါတယ်။ ဒါပေမယ့် ညအချိန် တွင် အိပ်မရ လောက်အောင်တော့ နေ့ ခင်း တွင် မအိပ်သင့်ပါဘူး။ တစ်ကြိမ် အိပ်ပါက နာရီဝက်ထက်ပို မအိပ်သင့် ပါဘူးလို သိပ္ပံနည်း တွက်ချက်ခြင်းတွေ က ဆိုပါတယ်။
 

အနားယူခြင်း ဆိုရာတွင် အိပ်စက်ခြင်း ဆိုသည်ထက် စိတ်အပန်းဖြေခြင်း ကိုယ်အပန်းဖြေခြင်း မျိုးဖြစ် စေ မည့် အရာများ ကို ပိုမို လုပ်ဆောင်သင့်ပါသည်။

 နောက်ဆုံး အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ဟိုမုန်း အပြောင်းအလဲ၊ ခန္ဓာကိုယ် ဖွဲ့ စည်း ပုံအပြောင်းအလဲတွေကြောင့် နေထိုင်ရ မအီ မသာဖြစ်ခြင်း၊ ညည အိပ်မရခြင်း၊ စိတ်ကျခြင်းများ လည်းဖြစ်စေနိုင်တဲ့ အတွက် ပျော်ရွင်သော ပါတ်ဝန်းကျင်တစ် ခုဖြစ်အောင် မိသားစုများအားလုံးမှလည်း ကူညီဆောင် ရွက်ပေးကြဖို့ လွန်စွာမှ အရေးကြီး ပါတယ်။  

( ၁၂ ) ကိုယ်ဝန်ဆောင်မေမေ များ အတွက်ယောဂ ကျင့်စဉ်များ။ ကိုယ်ဝန်ဆောင် မေမေ များ ၂ယောက်စာ လုပ်ရမဲ့  လေ့ကျင့်ခန်းလေးတွေ အတွက် အပေါ့စား ယောဂ ကျင့်စဉ်ေ လးတွေကို အထောက်အကူရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

အောက်ပါလင့်မှ တစ်တဆင့်ဝင်ရောက်ကြည့်ရူနိုင်ပါပြီ။

https://www.facebook.com/redhotcompany/posts/635430153220611

Happy Mom Pregnancy Pillow's

From... မှတ်သားမိသမျှ ဗဟုသုတများ


No comments:

Post a Comment