25 March 2018

မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သူ နှစ်ဦး




ခီမောင်နှံ (သို့မဟုတ်) လိုက်ဖက်ညီတဲ့ စုံတွဲ (သို့မဟုတ်) မြန်မာ့ရုပ်ရှင်လောကကို လှုပ်ကိုင်လိုက်သူ နှစ်ဦး


မြန်မာ့ ရုပ်ရှင်လောကဟာ နှစ်အတန်ကြာ မဲပြာပုဆိုး ဇာတ်ကွက်တွေနဲ့ မျောပါ ခဲ့ပြီး ရုပ်ရှင်လောကကို “ပေါလောက” ၊ ရုပ်ရှင်ဇာတ်ကားတွေကို “ပေါကား”တွေ ဆိုပြီး နေ့စဉ် ရက်ဆက် ဝေဖန်ခံခဲ့ရပါတယ်။


တစ်ချို့က မြန်မာ့ရုပ်ရှင်လောကကို ဟောလိဝုဒ် ဘောလိဝုဒ်တို့နဲ့ အပြိုင် နာမည်ပေးလိုက်ပြန်တာက “ပေါလိဝုဒ်” တဲ့ ။ ဇာတ်ကားတွေကိုလည်း “ပေါကားတွေ ရပ်” ဆိုပြီး အပြင်းအထန် ဝေဖန်ခဲ့ကြ ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီလို အပြင်းအထန်ဝေဖန် ဆန့်ကျင်ကြတော့ ရုပ်ရှင်လောကမှ ဒါရိုက်တာ၊ မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင် အချို့ကလည်း ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုကာ အပြစ်တင်ခဲ့ပါတယ်။

ဤသို့ နှစ်အတန်ကြာ ဝေဖန် အပြစ်တင်ခံနေရ သော်လည်း မြန်မာ့ ရုပ်ရှင်လောကမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ကြီးကြီးမားမား မရှိလာဘဲ အများပြောသော “ပေါကား”များဖြင့် ငွေနောက် ကောက်ကောက် လိုက်ကာ ရိုက်နေမြဲ။ ရုပ်ရှင် ပရိတ်သတ်တွေကလည်း ဝေဖန်မြဲ။ ဝေဖန်ဆဲ။

ဤအခြေအနေမှာ မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်သော ဇာတ်ကား နှစ်ကား ထူးထူးခြားခြား ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကား နှစ်ကားကတော့ အားလုံးသိသော “ ဥပါယ်တံမျဉ် ” နဲ့    “ မုဒြာခေါ်သံ ” ဆိုသော ဇာတ်ကားနှစ်ကားပဲ ဖြစ်ပါတယ်။


ပိုပြီး ထူးခြားတာက ဥပါယ်တံမျဉ် ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာနဲ့ မင်းသားနဲ့ မုဒြာခေါ်သံ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ မင်းသားက သီးခြားစီ မဟုတ်ပဲ အတူတူဖြစ်နေတာပင်။




ထို့ထက်ပို၍ ထူးခြားတာက ဒါရိုက်တာနဲ့ မင်းသားက လင်မယားဖြစ်နေခဲ့သည်။ ဒါရိုက်တာက ဇနီးသည် ဖြစ်ပြီး မင်းသားက ခင်ပွန်း ဖြစ်နေခြင်းပင်။ စိတ်တူကိုယ်တူလင်မယား နှစ်ယောက် ပိုက်ဆံရှိ၍ ဇာတ်ကား ထရိုက်ခြင်း မဟုတ်ပဲ ဝါသနာ အရင်းခံ၍ ရိုက်ကူး ပြုလုပ်လာခြင်းသည်ကိုကပင် ထူးပြီးရင်း ထူးခြား ရင်းပေ တကား။


သူတို့ ဇနီးမောင်နှံနှစ်ယောက်က ဇာတ်ကား (၂) ကားထဲဖြင့် ပရိတ်သတ် အခိုင်အမာရခဲ့သော မင်းသား ဇာဏ်ခီ နဲ့ သူ၏ ရှု့မငြီးတဲ့ ချစ်ဇနီး ဒါရိုက်တာ ခရစ္စတီးနား ခီ ဆိုတာ အထူးပြောစရာပင် လိုမည် မထင်ပေ။

မင်းသား ဇာဏ်ခီ ! ရုပ်ရည်ချောမောလွန်း၍ မဟုတ်။ ယောက်ျားပီသသော သာမာန် ရုပ်ရည်သာ ရှိသော် လည်း သရုပ်ဆောင် ကောင်းမွန်မှု ၊ အနုပညာ ဝမ်းစာ ပြည့်ဝမှုတို့ ကြောင့် ပရိတ်သတ် အခိုင်အမာ ရလာ သူ ဖြစ်သည်။

သူသည်ကား မိဘများ၏ စီးပွားရေးသမား ဖြစ်စေချင်သော ဆန္ဒကို ဆန့်ကျင်ကာ ဝါသနာအရ U.S မှ Music ပိုင်း ရုပ်ရှင်ပိုင်း နဲ့ ပတ်သက်သော Audio Engineering ပညာ သင်ယူလာ သူဖြစ်သည်။ သူ တက်မြောက်လာသော ဤပညာဖြင့် ဝါသနာနဲ့စေတနာ ပေါင်းစပ်ကာ ရုပ်ရှင်ရိုက်လာသူ တစ်ဦးဖြစ်သည်။




ဒါရိုက်တာ ခရစ္စတီးနား ခီ ! သူသည်လည်း သူ၏ ချစ်ခင်ပွန်း ဇာဏ်ခီ ၏ ပညာကို မှီခိုကာ ဒါရိုက်တာ ထလုပ်သူ မဟုတ်ပဲ အမေရိကန်မှာ စားသောက်ဆိုင် အလုပ် တစ်ဖက် နဲ့ ရုပ်ရှင်ပညာကို ကြိုးစားကာ သင်ယူပြီးမှ တတ်မြောက်လာခဲ့သူ ဖြစ်ပြီး ထိုတတ်မြောက်လာသော ပညာအစွမ်းကို ပထမဆုံး ရုံတင်သော ဇာတ်ကားဖြင့်ပင် ပရိတ်သတ် အခိုင်အမာ ရအောင် ချပြနိုင်ခဲ့သူ ဖြစ်သည်။










ဤ ခီဇနီးမောင်နှံ နှစ်ဦး အဓိက အောင်မြင်လာရသော အကြောင်းအရင်း၊ ပရိတ်သတ် အခိုင်အမာ ရစေသော အချက်က ပညာရည်ပြည့်ဝမှု တစ်ခုတည်းထဲကြောင့်တော့ မဟုတ်ပေ။ ဝါသနာမှာ စေတနာ အရင်းခံထား၍ ငွေကြေး အရှုံးအမြတ် မတွက်ပဲ အနုပညာကို ပြုလုပ်ခဲ့သောကြောင့် သာ ဖြစ်ပေသည်။


သို့ကြောင့်သာပင် ရုပ်ရှင်ကြည့် ပရိတ်သတ်ကိုသာမက အနုပညာ အသိုင်းအဝိုင်းမှ လူများစွာ၏ အသည်းနှလုံးကိုပါ ဆွဲကိုင် လှုပ်ခတ်နိုင်ခဲ့ကာ သူတို့ အချင်းချင်း အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပေါ် စေလောက်သည် အထိ မြန်မာ့ရုပ်ရှင်လောက တစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ခြင်းပင် ဖြစ်ချေမည်။


ခီဇနီးမောင်နှံ နှစ်ဦး စေတနာ ဝါသနာ တို့ဖြင့် ရိုက်ကူး ဖန်တီးခဲ့သော ဇာတ်ကား (၂) ကား ၏ အောင်မြင်မှု ကား ကြောက်ခမန်း လိလိပင်။



မြန်မာနိုင်ငံတွင် ပထမဆုံး ရုံတင်ခဲ့သော ခီဇနီးမောင်နှံ၏ ဒုတိယကား “ဥပါယ်တံမျဉ် ” ဇာတ်ကားဆိုလျှင် (၈) ပါတ်မြောက်ထိ ရုံပေါ်မှ မချရအောင် ပရိတ်သတ် အားပေးမှု အခိုင်အမာ ရခဲ့သည်။ ယခုတစ်ဖန် “ဥပါယ်တံမျဉ်” ဇာတ်ကားအား စင်္ကာပူနိုင်ငံတွင် ရုံတင်ပြသခွင့် ရခဲ့ပြန်ပေသည်။




ခီဇနီးမောင်နှံ ပထမဆုံး ရိုက်ကူးခဲ့ပြီး မြန်မာ့ ရုပ်ရှင်လောကမှာ ဒုတိယမြောက်ဇာတ်ကား ယခုလက်ရှိ ရုံတင်နေသော “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားမှာ အထူးပြောစရာပင် မလိုအောင် နိုင်ငံတစ်ကာမှာ ဆုများ ခူးဆွတ်နိုင်ခဲ့ပြီးသော ဇာတ်ကား ဖြစ်သည်။




ခီဇနီးမောင်နှံရဲ့ အနုပညာ ဝမ်းစာ စေတနာ အပြည့်ဖြင့် ရိုက်ကူးတင်ပြခဲ့သော “မုဒြာရဲ့ခေါ်သံ”ဇာတ်ကား နိုင်ငံတစ်ကာ၌ အောင်မြင်မှုရခဲ့သော မှတ်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။







(1) Mexico International Film Festival မှာ
Silver Palm Award



(2) Kashmir International Film Festival မှာ
Best Feature Film


(3) Isenma Fetival (Indonesia) မှာ
Platinum Award


(4) Canadian Diversity International Film Festivalမှာ
2017 ‘Official Selection


(5) Malaysia Sabah State (Kota Kinabalu International Film Festival) မှာ ပြဖို့ ရွေးခံရ

(6) Cay Film Cayman International Film Festival မှာ ပြဖို့ ဖိတ်ကြားခြင်းခံရ

(7) Phnom Penh (Cambodia) International Film Festival မှာ ဖိတ်ကြားခံရ

(8) Scalarama International Film Festival မှာ Scotland (UK), Edinberge မြို့ မှာရှိတဲ့
City Art Centre ရုပ်ရှင်ရုံကြီးမှာပြသဖို့ ဖိတ်ကြားခံရ ခြင်းတို့ ဖြစ်သည်။







Zawwai Soe


No comments:

Post a Comment