15 December 2019

ခန္ဓာထဲက အခြေအနေ



များသောအားဖြင့် တရား အားထုတ်တဲ့အခါ ထင်ရှားတဲ့ ရုပ်ကို အရင် ရှုပြီးမှ သိမ်မွေ့တဲ့ နာမ်ကို ရှုလေ့ရှိပါတယ်။ ဒါက အေးအေးဆေးဆေး ထိုင်တဲ့အခါ, ထတဲ့အခါ, လျောင်းတဲ့အခါ,
သွားတဲ့ အခါ, အထွေထွေ အမူအရာတွေ ပြုလုပ်တဲ့ အခါတွေမှာ ရှုမှတ်တာ ဖြစ်ပါတယ်။

အချို့သော အခြေအနေတွေမှာတော့ နာမ်ကို တန်းရှုလို့ ရပါတယ်။ ဒါမျိုးကျတော့ ရုတ်တစ်ရက် လုပ်ချင် ကိုင်ချင်စိတ် ဖြစ်လာတဲ့အခါ၊ စိတ်မှာ မကြံစည်ဘဲ သိလိုက်တဲ့အခါ၊ ဖျတ်ကနဲ ခံစား လိုက်တဲ့အခါ စသည်ဖြင့် အနေအထားတွေမှာ နာမ်က ထင်ရှားပြီး အရင်ပေါ်လေ့ ရှိပါတယ်။

ဒါကြောင့်မို့ တရားအားထုတ်တဲ့ အခါ ဘယ်ဟာကို ရှုမှတ်ရမလဲလို့ မေးလာသူတွေ ကို "အခြေ အနေ"ပေါ် မူတည်ပြီး ရှုမှတ်ရပါတယ် လို့ ဖြေပေးလိုက်ပါတယ်။

အခြေအနေ ဆိုတာ အပြင်က အခြေအနေတွေကို ပြောတာ မဟုတ်ပါဘူး။ မိမိရဲ့ခန္ဓာ
အခြေအနေပါ။

အမြဲတန်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း အတိုင်းပါဘဲ။ မိမိ သတိထားတဲ့ အခိုက်မှာ ထင်ရှားတဲ့
ပေါ်ရာ ပြရာဟာ မိမိ ရှုမှတ်ရမဲ့ အရှုခံပါဘဲ။ ဒါကြောင့်မို့ ဘယ်ဟာဘဲ ပေါ်ပေါ် ရှုတတ်အောင် လေ့ကျင့် ထားရပါမယ်။ လေ့ကျင့်တဲ့ အခါမှာတော့ တစ်ခုချင်းကို ကျေညက်အောင် လေ့ကျင့် ရပါတယ်။

များသောအားဖြင့် ရုပ်ကို အရှုခံအဖြစ် လေ့ကျင့်တာကို ပြောပြ ပါဦးမယ်။
ရုပ်ကို ရှုရင်း သတိကို ရုပ်မှာ ကပ်ထားရာမှ သတိနဲ့ ဝီရိယကို မျှမျှတတ ထားလိုက်တဲ့အခါ ရှုနေတဲ့ စိတ်ကိုပါ တွေ့သွားလို့ ရုပ်နာမ် ကွဲသွားတာကို အရင်က ပြောခဲ့ ပြီးပါပြီ။

တစ်ချို့က ဝီရိယ အားသန်ပါတယ်။ ရှေ့က ပြနေတဲ့ အရှုခံ ရုပ်ကို မလွတ်တန်း ရှုနေချင်တယ်။ ကပ်ငြိမှုတဏှာ များသူတွေပါ။

ဘယ်လို ရှူရှူ သိဖို့ လိုရင်းပါ


ဝင်လေ,ထွက်လေကို ရှူးရှဲ ရှူးရှဲ အသံမည်အောင် ပြင်းပြင်းထန်ထန် ရှူရတဲ့ ရိပ်သာတွေ ရှိသလို အဲဒီလို ရှူတာ မိမိ ကိုယ်ကိုယ် ပင်ပန်း ဆင်းရဲ စေတာမို့ ပုံမှန်ဘဲ ရှူရမယ်လို့  ညွှန်ပြတဲ့ ရိပ်သာ တွေလည်း ရှိပါတယ်။

မူလ စွန်းလွန်း ဆရာတော်ကြီး က အာနာပါန ကို အဆက်မပြတ်ရှုမှတ် နေတာဘဲ ရှိပါတယ်။
ရှူးရှဲ ရှူးရှဲ မည်အောင် ရှူရမယ်လို့ မညွှန်ပြခဲ့ပါဘူး။
နောက်ပိုင်း စွန်းလွန်းဆရာတော်တွေက မထင်ရှားရင် ပြင်းပြင်းရှူဘို့  ညွှန်ကြားတာ တွေ့ရပါ တယ်။
သဲအင်း ဆရာတော်ကြီး ကတော့ ပုံမှန်ရှူနေတာ စိတ်က နှာသီးဝမှာ ဘယ်လိုမှ ထားလို့ မရဘူး
ဖြစ်နေတယ်။ သူ ပြုခဲ့တဲ့ အကုသိုလ် ပုံရိပ်တွေနဲ့ အတွေးတွေ ကြောက်စိတ်တွေဘဲ အာရုံမှာ ထင်နေတာကြောင့် ရှူးရှဲ မည်တဲ့ အထိ ပြင်းပြင်းထန်ထန် ရှူလိုက်တာ ဖြစ်ပါတယ်။
အောင်လံဆရာတော် ကတော့ သဲအင်းလောက် မပြင်းထန်ပေမဲ့ ဝင်လေ,ထွက်လေကို အာရုံမှ
မလွတ်အောင် ပုံမှန်ထက် ပိုပြီး ပြင်းပြင်း ရှူရပါတယ်။
ပြင်းပြင်းရှူတာ ပင်ပန်းတယ်လို့  ယူဆ သူတွေမှာလည်း အချို့သူတွေမှာ ပုံမှန် ရှူနေပေမဲ့ လေ မထင်ရှားတာမျိုး ကြုံရတတ်ပါတယ်။ အဲဒီ အခါမှာ ဟိုလောက်ကြီး ပြင်းပြင်း မဟုတ်ပေမဲ့ နဲနဲ အားစိုက်ပြီး ရှူပေးရပါတယ်။
ဝင်လေ,ထွက်လေ ထင်ရှားလာတော့မှ အားစိုက်တာကို ပြန်လျော့ ရပါတယ်။