ချောကလက်ထုတ်လုပ်မှုရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကာကာအို အပင်တွေဟာ မိုးရေကောင်းစွာ ရပြီး စိုစွတ်တဲ့ မိုးသစ်တောတွေလို နေရာမျိုးမှာ ပေါက်ရောက်ရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ဆယ်စုနှစ် (၃) ခု အတွင်းမှာ အပူချိန်တွေ တိုးမြင့်လာမှုကြောင့် မြေပြင်ခြောက်သွေ့မှုတွေ ဖြစ်ပေါ် လာတော့ မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လာမယ့်နှစ် (၃၀) အတွင်းမှာ အပူချိန်တက်လာပြီး တစ်ကမ္ဘာလုံး က ချောကလက် ထုတ်လုပ်ရေး လုပ်ငန်းများ ပျောက်ကွယ်သွားနိုင်ချေ ရှိကြောင်း အမေရိကန် သမုဒ္ဒရာ နဲ့ လေထု ဆိုင်ရာ ဌာနမှ ပြောကြားလိုက်တာဖြစ်ပါတယ်။
ကမ္ဘာပေါ်က ချောကလက် ထုတ်လုပ်မှုရဲ့ တစ်ဝက်ကျော်ကို ထုတ်လုပ်ပေးတဲ့ Côte d’Ivoire နဲ့ ဂါနာ ဒေသတွေမှာလည်း ကာကာအို အပင် စိုက်ပျိုးမှုတွေကို တောင်ပေါ်ဒေသရွှေ့ပြောင်းဖို့ စတင် စဉ်းစားနေ ကြရပြီဖြစ်ပါတယ်။
ယမန်နှစ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အချိုအစားအစာတွေထဲအနက် ချောကလက်ကို အဝယ်များ တာကြောင့် ချောကလက်ပြတ်လပ်မှုဖြစ်ပေါ်တော့မှာ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။ အနောက်တိုင်းစားသုံးသူတစ်ဦးစီဟာ တစ်နှစ်ကို ပျမ်းမျှ ချောကလက် (၂၈၆) ချောင်းစီ စားသုံးပြီး ဘယ်ဂျီယံနိုင်ငံသားတွေဆိုရင် ၄င်းအရေအတွက်ထက်ပင် ပိုကြောင်း သိရပါတယ်။





