20 November 2021

ဒီမိုကရေစီ၊ Jesus ၊ Barabbas နဲ့ လူအုပ်ကြီး

 



ကျမ ဂျာမဏီနိုင်ငံမှာဒေါက်တာဘွဲ့ယူနေတဲ့အချိန်တုန်းက၊ ကိုယ့်ဘာသာက Microbiology ဆိုတော့ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်မှု့ပေါင်းများစွာနဲ့မိုးလင်းကမိုးချုပ်အချိန်ကုန်ခဲ့တယ် ။ အချိန်မရှိတဲ့ကြားကဘဲ…နိုင်ငံရေးစိတ်ဝင်းစားတဲ့ ကျမက နိုင်ငံရေးသိပံ္ပ Seminar တွေဖက်ကို တစ်ခါတစ်ရံခြေဦးလှည့်မိတတ်တယ် ။


တစ်ခါမှာတော့…

" ဒီမိုကရေစီက Jesus ကိုသတ်ခဲ့သလား?"…

ဆိုတဲ့ခေါင်းစဉ်နဲ့ Seminar ကိုတွေ့လိုက်တော့…

အဲ့ဒီအချိန်က ဒီမိုကရေစီ crazy ဖြစ်နေတဲ့ မြန်မာနိုင်ငံသူ ကျမ၊ တစ်ချိန်တည်းမှာဘဲ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ Bible သမ္မာကျမ်းစာအုပ်ကို လက်ဝယ်တစ်ခါမှ မကိုင်ခဲ့ဘူးသူဖြစ်တော့…Jesus ကို ဒီမိုကရေစီကသတ်ခဲ့သလား ဆိုတဲ့ခေါင်းစဉ်က ကျမအတွက် အရမ်းကိုစိတ်ဝင်စားစရာဖြစ်ခဲ့တယ် ။


Seminar က ဘာသာရေးနဲ့ လုံးဝလုံးဝ မပတ်သက်ဘဲ၊ ဖြစ်ရပ်တစ်ခုကိုနိုင်ငံရေး ရှု့ဒေါင့်သက်သက်ကသဘောထား အမြင်တွေကိုဘဲဆွေးနွေးခဲ့ကြတာဖြစ်တယ် ။

ခရစ်တော်မတိုင်မီ BC ၅ ရာစုနှစ်ကတည်းက ဂရိနိုင်ငံရဲ့မြို့အုပ်ချုပ်ရေး တစ်ချို့မှာ အထက်လွှာ လူ့မလိုင်အုပ်ချုပ်မှု့ စနစ် ( Aristocracy/ rule of an Elite) ကို ဆန့်ကျင်တဲ့ ပြည်သူလူထု အုပ်ချုပ်မှု့စနစ် ( Democracy/ rule of the people) ဟာ အစပျိုးလာခဲ့တာပါ ။


ကြာခဲ့ပြီပေါ့…

ဘာအသစ်အဆန်းမှ မဟုတ်တဲ့၊ ဒီလောက် သက်တမ်းရင့်နေတဲ့ ဒီမိုကရေစီကြီးကို ငါတို့က အခုအချိန်အထိ ငါတို့နိုင်ငံ အတွက်တောင်းယူလို့ မရသေးပါလား ဆိုပြီး စိတ်ထဲမှာအောင့်သက်သက်ဖြစ်ခဲ့မိသေးတယ် ။

Jesus ကို ကားစင်တင်ပြီး သတ်ဖို့ဆုံးဖြတ်မယ့်တရားခွင်မှာ… အမိန့်ချပေးရမယ့် ရောမဘုရင်ခံ Pontius Pilate က တစ်ကယ်တော့ Jesus ကိုမသေစေချင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း… Jesus ကို သတ်ဖို့/ မသတ်ဖို့ ဆိုတာကို ဒီမိုကရေစီနည်းလမ်း ဆန်ဆန် ဂျေရုဆလင်မြို့သူမြို့သား လူအုပ်ကြီးကို အဆုံးအဖြတ်ပေးစေခဲ့ပါတယ် ။