အီတလီနိုင်ငံ Naples ကမ်းရိုးတန်း နဲ့ အနီးအနားမှာ တည်ရှိတဲ့ Gaiola Island ကျွန်းရဲ့ ထူးခြားချက် ကတော့ ပိုင်ရှင် အဆက်ဆက် သေဆုံးကြရတယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီကျွန်းကို ပိုင်ဆိုင်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကိုယ်ကို သေကြောင်းကြံစည်မလား၊ သို့တည်းမဟုတ် အဖြေရှာမရတဲ့ သေဆုံးခြင်းနဲ့ သေမလားဆိုတာသာ ရွေးထားပေတော့လို့ ဆိုပါတယ်။
ဒါကြောင့် ဒီ ကျွန်းကို ပွဲစားတွေ အိမ်ခြံမြေ အကျိုးဆောင်တွေက ၀ယ်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် ငဲ့ မကြည့်ကြဘူးလို့ ဆိုပါတယ်။ ဒီကျွန်းကို ရှေးဟောင်းရောမ လူမျိုးတွေက ဗီးနပ်စ်ရုပ်တု ပါတဲ့ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီကျွန်းရဲ့ မမြင်နိုင်တဲ့ ထူးဆန်းမှုတွေကြောင့် 1880 ခုနှစ်မှာ ရသေ့ကြီး တစ်ဦးက The Wizard လို့ အမည်ပြောင်ပေးခဲ့ပါ တယ်။
ဒီကျွန်းမှာနေခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ကတော့ နာမည်ကျော် ရိုမန် ကဗျာဆရာ Virgil ဖြစ်ပါတယ်။ သူဟာ ကျောင်းသား ဘ၀ကို အဲဒီ ကျွန်းမှာပဲ နေထိုင် ကုန်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းဟာ ကမ်းခြေနဲ့ ကပ်နေလို့ ရေကူးပြီး သွားမယ်ဆို သွားလို့ရပါတယ်။ ဒါပေမယ့် အခုထက်ထိ ဘယ်သူမှ အဲဒီ ကျွန်းလေးနဲ့ ပင်မ ကမ်းခြေဘက်ကို လက်ပစ်ကူးတဲ့သူ မရှိသေးပါဘူး။















