28 December 2018
ဘိန်းစား ရေချမ်း
ခရီးသွားရခြင်းသည် စိန်နားကပ် ပန်ရခြင်းထက် မက်မောဘွယ် ကောင်းပေသည်။
အပြောင်းအလဲများနှင့် တွေ့ဆုံရတိုင်း စိတ်သည် ပြန်လည် ဆန်းသစ်၍ လာကာ ဘဝတွင် နေသာထိုင်သာ ရှိလာလေသည်။ ဒါကြောင့်ပင် ကျမသည် တတ်နိုင်သလောက် ခရီး ထွက်၏။ ခရီး ထွက်ဖို့ပင် ငွေကိုလည်း စုဆောင်းခဲ့ပေသည်။ ခရီးထွက်ခွာ သွားတိုင်း ရောက်ရာ မြို့နှင့် တောအရပ် ဒေသများသည် ကျမအား အမျိုးမျိုးသော သင်ခန်းစာများကို သင်ကြားပို့ချ ကြပေသည်။
ထားဝယ်မြို့တွင် ရေထမ်းသမား ကိုရေချမ်းက သင်ခန်းစာတစ်ခု သင်ကြား ပြသသည် ဆိုလျှင် အံ့ဩကောင်း အံ့ဩပေ လိမ့်မည်။ ပုံးနှစ်ခုကို ထမ်း၍ ရေရောင်းသော ကိုရေချမ်းက သင်ခန်းစာ တစ်ခုကို သင်ကြား ပြသသော ဆရာ ဖြစ်သည်မှာ အံ့ဩစရာပေတည်း။
ထားဝယ် ဗိုလ်တဲမှာ အတော် ကျယ်ဝန်း၍ သပ်ရပ်သလောက် ရေချိုးခန်းမှာမူ ကျဉ်းမြောင်းလွန်း လှသည်။ ရေချိုး ကြွေဇလုံခွက် အဖြူကြီးသည် ရေညှိစိမ်းများ ဘယ်တုန်းက ကပ်နေသည် မသိ။ ဆေးကျော တိုက်ပစ်၍ မရဘဲ ညိုစိမ်းစိမ်း ဖြစ်နေလေသည်။
ကိုရေချမ်းသည် ရေသယ်ယူလာတိုင်း ထိုကြွေဇလုံကြီးကို တိုက်ချွတ် ဆေးပြီးမှ ရေထည့် ပေး၏။ သို့သော် ကြွေဇလုံကြီးက ဖြူ၍ မလာပေ။
“အမရေ- ဘာလိုချင်သေးသလဲ။ လိုချင်တာရှိ ပြော။ ဒီရေချိုးခန်းထဲမှာ ဂမုတ် နဲ့ မသွားချင်ယင် မြေစိုက် အိမ်သာ မီးဖိုနောက်ဖက်မှာ ရှိလေရဲ့”
သူသည် အိမ်သာ ကိစ္စပါ မကျန် ရင်းရင်းနှီးနှီး ညွှန်ကြား ပြသ၏။ ပြန်ခါနီးလျှင်လည်း နှုတ်ဆက်ပြီးမှ ပြန်လေ သည်။ သူ၏ ထားဝယ် ဆန်သော လေးထောင့်ကျကျ မျက်နှာမှာ ရွှင်ရွှင်လန်းလန်း မရှိလှပေ။ အသား က လည်း သာမန် ဖြူဖွေးသည်ထက် ဖြူဖတ်ဖြူလျော် ဖြစ်နေပုံ ရလေသည်။ သူ့မျက်နှာသည် ရာဇဝင်ပါ ကျောက် ရုပ်ကြီး လိုပင် တစ်စုံ တစ်ခုသော အကြောင်းအရာများကို လျှို့ဝှက် သိုလှောင်ထားဟန် ပေါက်နေ လေသည်။
ညနေပိုင်း သူပြန်သွားပြီး အချိန်တွင် ကျမသည် သူ့အကြောင်းကို စဉ်စားမိ၏။ ညစာ စားချိန်တွင် ဗိုလ်တဲစောင့် သည် ကိုရေချမ်း အကြောင်းကို တစ်စိတ်တဒေသ ပြော၍ ပြ၏။ သူ့စကား အရ ဆိုလျှင် ကိုရေချမ်း သည် လူဆိုးကြီး ပေတည်း။
“တစ်ခါတုန်းက အတော့်ကို ချမ်းသာတဲ့ သူဌေးသားပေါ့ဗျာ။ သူ့အဖေ ဆိုရင် နတ်မြင်း မိုင်း ကိုတောင် သွားပြီး လုပ်တဲ့ သူဘဲ”
ကိုရေချမ်း၏ နောက်ကြောင်းများသည် ပွင့်အန်၍ ကျလာလေသည်။ အင်္ဂလိပ်လို ၁၀- တန်း အထိ သင်ကြား ပြီးချိန်တွင် မိန်းကလေး တယောက်နှင့် ချစ်သည်ဟု ဆို၏။
“အဲ့ဒီ မိန်းကလေးကလဲ ထားဝယ်မှာဆို တော်တော် ချောတာဘဲ။ ငွေကြေးကလဲ မဆိုးလှဘူး။ ဒါပေမဲ့ဗျာ ကန်တော့ပါရဲ့၊ ဒေါ်ခင်ယုကို ပြောရအုံးမယ်။ ဒီမိန်းကလေးကို မညားခင် ကျူးကျူး လွန်လွန်ဖြစ်ပြီး ထားရစ် ခဲ့တယ်ဗျာ။ မိန်းကလေးလဲ စိတ္တဇနဲ့ သေပါလေရော”
“အို-”
“ဟုတ်တယ်၊ ကိုယ်ဝန်နဲ့ကို သေတာဘဲ။ နောက်တော့မှ သူ့အဖေ ပေးစားတဲ့ ဘိတ်သူ တစ်ယောက်နဲ့ ယူ တယ်။ အဲ့ဒီ ဘိတ်သူနဲ့ ရကတည်းက သောက်လိုက်တဲ့ အရက်။ ဘာဆို ဘာမှ မလုပ်ဘူး နောက်ဆုံး ဘိန်းရှူ လိုက်တာ ခုဘဝ ရောက်တာဘဲ ဆိုပါတော့။ သူ့မိန်းမလဲ သေသွားပြီ”
ယခုလို ဆိုပြန်တော့လဲ ကျမ၏ ကိုရေချမ်းကြီး ပြီးခဲ့သော ဇာတ်လမ်းမှာ ဘိန်းစားခြင်း၊ အရက်သောက် ခြင်းနှင့် ချစ်သူကို စော်ကားခြင်းဟူသော အပိုင်းများသာ ပါဝင်ခဲ့လေသည်။
ဗိုလ်တဲစောင့်ကြီးနှင့် စကားလက်ဆုံ ကျပြီးကထဲက ကျမသည် ကိုရေချမ်းကို ပို၍ အကဲခတ်၏။ သူဌေးသား တစ်ယာက်။ ပညာကလည်း ၁၀- တန်း ဆိုသည်မှာ မခေ။ လုပ်သည့် အလုပ်မှာ ရေထမ်းသမား။ အကြောင်း အရာများသည် တစ်ခုနှင့် တစ်ခု မဆက်စပ်လှပေ။ ယုံတမ်းစကား ဒဏ္ဍာရီ တစ်ခုနှင့် တူ၍ နေပေတော့ သည်။
ကျမ စိတ်ထဲတွင်မူ ကျမ၏ ဇာတ်လိုက် ကိုရေချမ်းသည် သူ့ဘဝ ဇာတ်လမ်းတွင် လူဆိုးကြီးတစ်ယောက် အနေနှင့် ပါဝင်နေသည်ကို မကျေနပ်နိုင်ပေ။ သူ့ကို စေ့စေ့ကြည့်လျှင် ပြာမွဲမွဲ မျက်လုံး၊ ဖြူဖြော့ဖြော့ အသား အရေများမှာ ဘိန်းစား ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံ ကြလေသည်။ ရေပုံး ကို ကိုင်သော လက်များကလည်း တုန်တုန် ရီရီ နိုင်လှ၍ တစ်ခါက အရက်ကို အလွန်အကျွံ သောက်ခဲ့ကြောင်းမှာ ဖော်ပြ၍ နေပေသည်။
သို့သော် ကျမ ဖော်မပြတတ်သော သူ့ဟန်ပန်များကမူ ဘယ်သူ့ကိုမှ နာကျင်အောင် ဒုက္ခရောက်အောင် မလုပ် ခဲ့ဖူးကြောင်း ပြောပြ နေသလို ဖြစ်နေပေသည်။ မျက်လုံးများကလည်း အရောင်မဲ့၍ တန်ခိုး မရှိသော် လည်း ကြင်နာ ငဲ့ညှာသော စိတ်ဓာတ်မှာ မျက်လုံးတစ်ထောင့်မှ ပေါ်နေသလို ထင်ရပေသည်။
ထိုအမှု မပေါ်လျှင်တော့ ထားဝယ်မှ မထွက်ခွာလိုပေ။ တနင်္ဂနွေနေ့တွင်မူ ကျမသည် ကို ရေချမ်းကို ထိုင်၍ စောင့်၏။ ဗိုလ်တဲစောင့်ကို ကြိုတင် မှာထားသောကြောင့် ကိုရေချမ်းသည် နေ့လယ်ပိုင်း လာမည် ဟု ကတိပေးထား လေသည်။
သူရောက်လာချိန်တွင် တစ်ခြား ဧည့်သည်များလည်း မရှိ၍ ဗိုလ်တဲ တစ်ခုလုံးသည် တိတ်ဆိတ် နေသည်။ အတော် နွမ်းနေပြီ ဖြစ်သော ထားဝယ် ပိုးလုံချည်မှာ ခြေသလုံးမှ အကြောထုံးလေး နှစ်ခုကို မဖုံးလွှမ်းနိုင်ပေ။
“အစ်မ- ဘာကိစ္စ ရှိလို့လဲ”
သူ၏ အပြောအဆိုများမှာ ယဉ်ကျေးသော်လည်း သူ့အနေနှင့် သေးနုပ် အောက်ကျလွန်း၍ ရင်ထဲမှ နာနေ သည်။
“ရှင့်ကို ဆေးကုချင်လို့ ခေါ်တာပါ”
သူသည် အားယူ၍ ပြုံးပေမင့် မျက်လုံးများကမူ ရွှင်လန်းတောက်ပ လာဟန် မရှိပေ။
“ဘာဆေးကုမလို့”
“ကိုရေချမ်း ဘိန်စားတယ် ဆို”
“ဒါကို ကုမှာလား”
“ဟုတ်တယ်။ ရှင့်ပညာတွေ မနှမြောဘူးလား။ အလကား လူညွန့်တုံး ရသလိုဘဲ”
“ဒီမှာ အစ်မရဲ့၊ ကျွန်တော်ဟာ ဘိန်းစား အရက်သောက်လို့ လူ့ဘဝ တုံးရတယ်လို့ အစ်မ ဘယ်လိုနည်းနဲ့ သိလဲ”
စကားလုံးများကမူ သူ့ အဆင့်အတန်းကို ဖော်ပြ၍ နေပေသည်။
“ကျမ ထားဝယ်ကို ရောက်ကတဲက ကိုရေချမ်း အကြောင်းကို စုံစမ်းနေတာဘဲ။ ထားဝယ်သားတွေဟာ ကိုရေချမ်းကို အသိများ ကြသားဘဲ။ သူတို့ဆီက ရှင့်သတင်းတွေ ကြားရတာပေါ့။ အထူးသဖြင့် ဗိုလ်တဲစောင့် ကလဲ ပြောပြတယ်”
“ဘယ်သူဘဲ မေးမေး သူတို့အားလုံး ကျွန်တော့ အကြောင်းကို ဒီလိုဘဲ ပြောကြမှာပေါ့”
“ဘယ်လို”
“ကျွန်တော် အရက်သောက်တယ်၊ ဘိန်းစားတယ် ကျွန်တော့် ချစ်သူကို ကိုယ်ဝန် နဲ့ ပစ်ထားခဲ့တယ်လို့ ပြောကြမှာဘဲ”
ကျမသည် ပါးစပ်ဟကာ အံ့အားသင့် နေသည်။ သူ့ကို လူတွေ ဘာပြောသည်ကိုလဲ အားလုံး သိထားနှင့် ပါပကော။
“တစ်ခြား လူတွေ ပြောကြတာ ကြားရပေမယ့် ကျမက ရှင့်ကို ဒီလို မထင်ဘူး။ ရှင်ဟာ ဘယ်သူ့ကိုမှ ဒုက္ခပေးမဲ့ လူမဟုတ်ဖူးလို့ ယုံတယ်”
“ဟင်- ကျွန်တော့်ကို ယုံတယ်။ အမလေး ဝမ်းသာလိုက်တာ အစ်မရယ်။ အစ်မ တယောက် ဒီလို ပြောတယ်။ ဒါပေမင့် ကျွန်တော့်ကို ဘာဆေးမှ မကုပါနဲ့၊ ရှေ့ ၂- နှစ်ဆိုရင် ရေထမ်းနိုင်မှာ မဟုတ်တော့ဘူး။ ခုတောင် လက်တွေက ပုံးကို ကောင်းကောင်း မလို့ မရချင်ဘူး”
သူ့လက်များကို ထောင်၍ ကြည့်ရင်း မျက်နှာက ရွံရှာနေပုံ ရ၏။ အသားဖြူသော်လည်း လက်ချောင်းများမှာ ခြောက်သွေ့၍ အကြောစိမ်းများသည် တီကောင်ကြီးများ လွန့်နေသလို အရုပ်ဆိုးလှသည်။ ကြည့်နေရင်း ပါးစပ်သည် ရယ်၍ လာ၏။ ရယ်သံမှာ သွေ့ခြောက်ခြောက်နှင့် အေးစက် လှပေသည်။
“ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ပါဘူး၊ အရက်သောက် ဘိန်းစားတာဟာ ကျွန်တော့်ကိုယ် ကျွန်တော် ဖျက် ဆီးတာဘဲ။ တစ်ခြား လူကိုတော့ ကျွန်တော် မနှိပ်စက် မဖျက်ဆီး ပါဘူး။ အေးပေါ့လေ တစ်ခုတော့ ရှိ တယ်။ ကျွန်တော့်ကို လက်ထပ်တဲ့ မိန်းမကတော့ လင်ကောင်း မရရှာဘူးပေါ့။ ဘိန်းစားဘဲ ရတာဘဲ။ ဒါပေမဲ့ သူ့ပိုက် ဆံ ထဲက တစ်ပြားမှ ယူပြီး အရက် မသောက်ခဲ့ပါဘူး”
“ရှင့်ချစ်သူ ဆိုတာကကော”
သူသည် မျက်ရည်တွေ ဝိုင်းလာ၏။ ခုနက ရယ်ဟန် ပေါက်နေသော ပါးစပ်များမှ စုန့်စုန့် ယုံ့ယုံ့ ကြုံ့သွားကာ မဲ့တဲ့တဲ့ ဖြစ်လာသည်။
ဘိန်းစားများသည် ဝမ်းနည်းလွယ်သည် ဆိုသည်မှာ မှန်၍များ နေလေပြီလား။ သို့သော် မကြာခင်ပင် သူ့နှုတ်ခမ်းလေးများမှာ တစ်ရွရွ လှုပ်၍ လာသည်။ လှုပ်ရှားနေသော နှုတ်ခမ်းများကြားမှ စကားလုံးများသည် တစ်လုံးပြီး တစ်လုံး ထွက်အန်၍ ကျလာကြလေသည်။
“တစ်ခါတစ်လေ သူ့လောကမှာ ဖြစ်နေတဲ့ အကြောင်းတွေဟာ လူတွေ တွေးထင်သလို မဟုတ်ဘူး၊ အတွေးတွေ ရဲ့ နောက်ပိုင်းမှာ အင်မတန် ကြက်သီးထစရာ ကောင်းတဲ့ အကြောင်းမှန်တွေဟာ အများကြီး ဘဲ”
ထိုစကားလုံးများ ကြားရချိန်တွင် ကျမသည် ကျမ ဇာတ်လိုက်ကြီး ကိုရေချမ်းအတွက် ကျေနပ် ဝမ်းသာမိ၏။ ထိုစကားလုံးများသည် ဘိန်းစား စကားလုံးများ မဟုတ်ဘဲ အဆင့်အတန်း ရှိသော အသဲ နှလုံးများ သူ့ဝမ်းထဲ တွင် ရှိသေးကြောင်း ဖော်ပြ နေပေသည်။
* * *
သီသီထံသို့ လပြည့်နေ့ နံနက် အစောကြီး ထ၍ သွားရသည်မှာ ကိုရေချမ်းအဖို့ နှစ်သိမ့်စရာ ဖြစ်၏။ သီသီတို့ ခြံသည် ပန်းပင်များထက် အသီးအနှံပင်ကြီးများ ပို၍များသည်။
သူရောက်သွားတိုင်း ပိန္နဲပင် မှောင်ရိပ်တွင် သီသီသည် ကုပ်ကုပ်လေး ထိုင်ကာ သူ့ကို စောင့်၏။ သစ်ပင်ရွက် များ ကြားမှ လရောင် ပြိုးပြိုးပြောက်ပြောက် များမှာ မြေပေါ်တွင် ပန်းဖြူပွင့်များ ကျဲထားသလို ပြန့်ကျဲ၍ နေကြ သည်။
လရောင်၏ အလှကို မှောင်ရိပ်မှ နှစ်ယောက်စလုံး မြင်နေသည်မှာ နှစ်သိမ့် ကြည်နူးစရာပေတည်း။ လေအေးများကလည်း ခြံထဲမှ ပန်းရနံ့များကို ယူဆောင်လာရုံမက ဘုရားရှင် ၏ နှုတ်ကမ္ပတ်တော်များ ကိုလည်း ယူဆောင်လာ ပေသည်။
သူတို့နှစ်ယောက် တွေ့ချိန်တွင် သီသီ၏ ဦးလေးကြီးသည် ဘုရားခန်းတွင် အရုဏ်ဆွမ်း ကပ်ချိန် ဖြစ်ပေ သည်။ လပြည့်နေ့ နံနက်တိုင်း သီသီက ဆွမ်းထ၍ ချက်ပေးရသည်။ ဆွမ်းထချက်ရင်း ကိုရေချမ်းနှင့် တွေ့ ရခြင်း ဖြစ်ပေသည်။ ဒါကြောင့် သီသီသည် ကျေကျေနပ်နပ်ပင် ဆွမ်းကို စောစောထ၍ ချက်ပေး၏။
မာတာယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တမနုရက္ခေ
ဧဝံပိ သဗ္ဗဘူတေသု
မာနသံ ဘာဝယေ အပရိမာဏံ။
တစ်ဦးတည်းသော သား၏ မိခင်သည် သား၏ အပေါ်တွင် အတိုင်းအရှည် မရှိနိုင်သော ချစ်ခြင်း မေတ္တာဖြင့် စောင့်ရှောက် ကြည့်ရှုဘိသကဲ့သို့ ခပ်သိမ်းသော သတ္တဝါ အပေါင်းတို့အားလည်း မေတ္တာဖြင့် လွှမ်းခြုံရာ၏။
ဦးလေးကြီး၏ အောင်မြင်ခံ့ညားသော အသံသည် ငြိမ်သက် အေးဆေးစွာပင် အိမ်မကြီးဆီမှ လွင့်ပျံ လာ၏။ တဏှာဖြင့် ရောယှက်သော ငယ်ရွယ်သူတို့၏ ချစ်တင်းနှီးနှောခြင်းပင်လျှင် တရားတော်၏ အသံကြောင့် ငြိမ်သက် အေးဆေး၍ တည်ငြိမ် လာသလိုပင် နှစ်ယောက်စလုံး ထင်မြင်၍ လာကြပေသည်။
ဦးလေးကြီး၏ ဘုရားရှိခိုးသံသည် သူတို့နှစ်ဦး၏ အချိန်းအချက် ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များအား ရွတ်ဖတ် သရဇ္ဈယ်ပြီးသည့် နောက်ပိုင်းတွင် ဦးလေးကြီးသည် နတ်နှင် ဂါထာကို ရွတ်ဖတ်ပြန်၏။
ဒုက္ခပတ္တာစ နိဒုက္ခာ
ဘယပတ္တာစယနိဘယာ
ထိုအပိုဒ်သို့ ရောက်လျှင် ဦးလေးကြီး ပရိတ်ရွတ် ပြီးတော့မည့် အထိမ်းအမှတ်ပင် ဖြစ်၍ သူတို့နှစ်ယောက် ခွဲခွာလာကြရသည်။
ကိုရေချမ်းသည် ခြံပြင်တွင် စောင့်နေသော သူငယ်ချင်းများထံသို့ ရောက်ချိန်တွင်မူ အိမ်မြင့်ကြီးဆီမှ ကြေးစည်သံသည် လွင့်ပျံ၍ လာပေသည်။
ယခုလို တွေ့ရခဲသော အကြိမ်များသည် ၂၄- ကြိမ်ထက် မလျှော့ခဲ့ပေ။ မိုးသား ဖုံးအုပ်နေသော မိုးတွင်း လပြည့်တွင်လဲ သီသီ ထံသို့ မိုးသဲကြီးတွင် အရောက်လာခဲ့၏။ ခိုက်ခိုက်တုန် အေး၍ နှင်းထူထပ်စွာ ကျချိန် တွင်လည်း သီသီထံသို့ အရောက်လာခဲ့ပေသည်။
ဆယ်တန်း အောင်လျှင်တော့ သီသီနှင့် လက်ထပ်ဖို့မှာ သေချာသော အစီအစဉ် တစ်ခု ဖြစ်လေသည်။ သီသီ ကလည်း စာမေးပွဲပြီး၍ နွေရာသီ ကျောင်းပိတ်ရက် အပြီး ကဆုန်လတွင် လက်ထပ်ဖို့ သဘောတူသည်။
ယနေ့ တွေ့ဆုံသော လပြည့်မှာ တန်ဆောင်မုန်း လပြည့် ဖြစ်သည်။ လရောင်ခြည် ထဲတွင် နှင်းမြူများ ရောပါ လာစ ပြုလာလေသည်။ ငြိမ်သက် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထုံးစံအတိုင်း ဦးလေးကြီး၏ ပရိတ်ရွတ်သံ ကလည်း ကြား၍ နေရပေသည်။ သီသီသည် ယခုတစ်ခါ ပို၍ စကားပြော၏။
“တတ်နိုင်ရင် မောင် သီသီတို့ တန်ဆောင်မုန်းလထဲ မှာဘဲ လက်ထပ်ရအောင်”
“ဘာဖြစ်လို့လဲ စာမေးပွဲပြီးမှ အေးအေးဆေးဆေး လုပ်ပါ သီသီရာ ဘာဖြစ်လို့ ဒါလောက် လောတာလဲ”
သီသီကား ခေါင်းငုံ့၍ နေ၏၊ ဘာကိုမျှ မပြောပေ။ သူသည် စောနိုင်သမျှ အစောဆုံး လက်ထပ်ရန်အတွက် ကိုရေချမ်းကို ဘယ်လို ပြောရမှန်း မသိပေ။
နောက် လပြည့်တွင်မူ သီသီ နေမကောင်း၍ သူတို့နှစ်ယောက် မတွေ့ဆုံရပေ။ နေမကောင်းသည်ကို သွား၍ တွေ့ချင်သော်လည်း ဗြောင်မတွေ့ရဲသည်မှာ မခံချိစရာ ပေဘဲ။ သီသီ့ထံမှ စာများသာ ရောက်၍ လာသည် စာစောင်တိုင်းကလည်း သူ့ကို တန်ဆောင်မုန်းတွင် လက်ထပ်ရန်ပင် ဖြစ်၏။
ကိုရေချမ်းက မတွေးတတ်ပေ။ ဘာကြောင့် သီသီသည် ဒါလောက် မြန်မြန် လက်ထပ် ချင်ပါသလဲ။ နေ မကောင်း သည်မှာလဲ အခြေအနေ ကောင်းလာသည် မရှိပေ။ စာထဲတွင်လည်း အိပ်ရာထဲမှာ လဲနေသည် ဆို၏။ ကိုရေချမ်းက စိတ်ပူနေသည်၊ တစ်နေ့တွင် အမေသည် သူ့ကို လာ၍ တွေ့၏။
“မောင်ချမ်း မင်း သီသီ့ဆီ မသွားဘူးလား”
အမေက သူတို့အကြောင်း သိနေသည် မှာ ကြာလှပေပြီ။
“ကျွန်တော် သွားရင် သူ့အဖေ အမေတွေကို မျက်နှာပူတယ်”
“သွားသာသွားပါ၊ ကောင်မလေးက မင်းကို သိပ်တွေ့ချင်နေတယ်၊ တော်တော် မမာဘူး”
ယခုလို ဆိုတော့လည်း ကဆုံပေါက်၍သာ ပြေးလိုက်ချင်သည်။
“ဒီလိုဆို သူ့အမေ အဖေတွေက အိမ်မှာ တွေ့ခွင့် ပြုမှာပေါ့”
“အောင်မယ် ဒီအခြေအနေ ကျမှတော့ သမီးရှင်တွေက အတွေ့ ပေးပါတယ် မောင်ချမ်းရယ်”
“ဟင်”
ဘယ်လိုအခြေ ဆိုသည်ကို ကိုရေချမ်းက မတွေးတတ်ပေ။
“ခလေးမလေး ကြည့်ရ တာ အခြေအနေ မဟန်ဘူး”
“ဘယ်လိုလဲ အမေ၊ အမလေး သီသီ ရောဂါက သေနိုင်တယ်လား”
“သေနိုင်တာ မဟုတ်ဘူး၊ မင်းကိုယ်မင်း မသိဘူးလား။ မိန်းကလေး မှာ ခလေး ရှိနေတယ် ထင်တယ်”
“ဟင်”
သူသည် စကားဆက်၍ ပြောမရတော့၊ ကုတင်ပေါ်တွင် ကျောက်ရုပ်လို ငုတ်တုတ်ကြီး ဖြစ်နေသည်။ အမေက သူ့ကို လှောင်သလို ကြည့် ၍ အပြင်ထွက်သွားသည်။
“ခလေး ... ခလေး ... ဘယ်လို လုပ်ရပါလိမ့်”
သူသည် တွေးလို့မရ။ တွေးတိုင်း ခေါင်းရှုပ်ကာ ပတ်ချာလည် လာသည်။ ဘယ်လိုများ ဖြစ်ရခြင်းပါလိမ့်။ နောက်နေ့ သီသီထံမှ ရေးလိုက်သော စာတွင်လည်း သူ့တွင် ခလေး ရှိနေပြီ ဖြစ်၍ လက်ထပ်ပါရန် ဖွင့်ဟ တောင်းပန်သော စာဖြစ်၏။
ကိုရေချမ်းသည် စာကိုကိုင်ရင်း လက်က ဆတ်ဆတ်တုန်နေ၏။ ယောကျာ်းတန်မဲ့ ဟစ်၍ ငိုချင်သည်။ နှမြောလိုက်သည် ဖြစ်ခြင်း။ နှမြောသည်မှာ ဘယ်လို နှမြောမှန်း မသိအောင်ပင် ဖြစ်၍ နေပေသည်။
အကြောင်းစုံ ပြောပြချင်၍ သူ့ထံ လာရန်ကိုလည်း သီသီက တောင်းပန်ထား၏။
ဖြစ်မှ ဖြစ်ရလေခြင်း။ သူသည် အိပ်ရာထဲမှာပင် ခွေနေ၏၊ ဘယ်ကိုမျှ မသွား၊ ဘာမျှ မလုပ်တော့ပေ။
“မင်းခလေးကို မင်းက ခေါင်းရှောင် ချင်သလား”
အမေက လာ ၍ ဆူတိုင်း သူသည် ဘာမျှ ပြန်မပြောနိုင်။ နှုတ်ခမ်းများက ဆတ်ဆတ်တုန်၍ နေ၏။
“ပြောချင်ပါရဲ့ အမေရယ်”
ရင်ထဲမှာတော့ ပြန်၍ ပြောနေ၏။
“ဟေ့ကောင် မင်းကောင်မလေးတော့ အရိုးပေါ် အရေတင်ဘဲ ဆရာ၊ မင်း ဘာလို့ သွားမတွေ့လဲ။ သူ့ အဖေကြီးတွေကလဲ မင်း လာစေချင်တယ်။ ကောင်မလေးကလဲ လူရှေ့မှာတောင် မောင့်ကို ခေါ်ပါ ဖြစ်နေ တယ်”
သီသီ့ အကြောင်းကလည်း ကိုရေချမ်း သူငယ်ချင်း အားလုံးသို့ ပြန့်နှံ၍ နေသည်။
အမေတို့ကလည်း ကိုရေချမ်းအတွက် စိတ်ညစ်နေပုံ ပေါက်သည်။ စားခိုင်းလို့လည်း မရ။ သွားခိုင်း၍လည်း မရပေ၊ လက်ထပ်ဖို့ကိုလည်း ခေါင်းခါ၍ နေသည်။
“သစ္စာဖောက် လူယုတ်မာ၊ မင်းဟာ ခွေးနဲ့ တူတူဘဲ”
အဖေက လာဆူလျှင်လည်း ငို၍သာ နေသည်။
“ကျွန်တော်ဟာ လူအစစ်ပါ အဖေရယ်”
ဒါဘဲ ပြန်၍ ပြောတတ်၏။ ဘယ်တော့မှ မငိုသော သားက ယခု အရွယ်ကြီးတွင် ငိုကြီးချက်မ ဖြစ်နေတော့ လည်း အဖေနှင့် အမေတို့က သူ့ကို ဆက်၍ မဆူကြတော့ပေ။
နောက်တစ်ပတ်တွင် သီသီထံမှ စာရှည် တစ်စောင် ရောက်၍ လာ၏။ လက်ရေးများမှာ ကသီကရီ နိုင်လွန်း လှ၍ သီသီ့ ရောဂါကို သူ မှန်းနိုင်ပေသည်။
နောက်နေ့တွင်မူ သီသီ ဆုံးကြောင်း ကြားရတော့သည်။ သူသည် အခန်း တံခါးကို ပိတ်၍ တစ်နေ့လုံး ဘယ်လို လူနှင့်မျှ အတွေ့မခံ တော့ပေ။
* * *
“အဲဒီ ကတဲက အစ်မရယ် ကျုပ်ကို လူယုတ်မာ အနေနဲ့ သူငယ်ချင်းတွေကလဲ ဝိုင်းပယ် ထားတယ်။ တစ်မြို့လုံး ကလဲ လက်ညိုး တစ်ငေါက်ငေါက် ထိုးတာပေါ့။ ကျွန်တော် လူသတ်သမားကြီး ဖြစ်နေတာပေါ့။ အဲဒီကတဲက ပေတာဟာ ခုထိပါဘဲ။ အဖေ ပေးစားတဲ့ မိန်းမကို ယူတာဟာလဲ စိတ်သက်သာ မလားလို့၊ ပိုတောင် ဆိုးလာ သေးတယ်။ အခု ဘိန်းစာတဲ့ ဘဝမှာတော့ အလုပ်လုပ်လို့ ဘယ်ရတော့မလဲ။ ခုဘဝမှာဘဲ ကောင်းပါတယ်။ ရေထမ်းပြီး ဘိန်းစား၊ ဘိန်းမှိန်းတုန်း သီသီနဲ့ အမြဲတွေ့ရတာဘဲ”
နဖူးမှ ချွေးပေါက်ကြီးများကို သုတ်ရင်း ကိုရေချမ်းသည် မောဟိုက် နေသလို ဖြစ်နေသည်။ ခုထိ သူ့ စကားလုံး များမှာ ပြီးပြည့်စုံခြင်းသို့ မရောက်သေး၍ ကျမ စိတ်ထဲတွင် မကျေနပ်နိုင်ပေ။
“ဒါလောက် ညတွေမှာ သွားတွေ့နေတော့လဲ သူငယ်ချင်းတွေက ကျွန်တော့်ကို အထင်လွဲမယ် ဆိုလဲ လွဲလောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ လူမသတ်ပါဘူး။ မစော်ကား တတ်ပါဘူး၊ ဒါတွေကိုတော့ ဖွင့် မပြောချင်ဘူး။ ဖွင့်ပြောရင် ကျွန်တော့်ချစ်သူ သီသီ ဂုဏ်ငယ်မှာ စိုးလို့ လူလောကမှာ ကျွန်တော်သာ လူယုတ်မာကြီး အဖြစ်နဲ့ နေခဲ့တာပါ”
“ဒီလိုဆို ဒီကလေးဟာ ရှင့်ခလေး မဟုတ်ဘူးပေါ့”
“ဟင့်အင်း”
“ဘယ်သူ့ ခလေးလဲ”
“မေတ္တာသုတ်ကို အော်ကြီးဟစ်ကျယ် ရွတ်နေတဲ့ ဦးလေးကြီးရဲ့ ခလေးပေါ့ အမရယ်။ သီသီရဲ့ နောက်ဆုံးစာ ထဲမှာ အားလုံး ဖွင့်ရေးထားတယ်။ သူ့စာလဲ ကျွန်တော် ခုထိ သိမ်းထားတယ်”
“ဟင်- ဦးလေးဆို”
“မတော်ပါဘူး၊ မိဘတွေနဲ့ ရင်းနှီးပြီး အိမ်မှာ အတူနေလို့ ဦးလေးကြီး ဖြစ်နေတာ။ ဝထ္ထုထဲ ဆိုရင်တော့ ချစ်သူ ဂုဏ်ကို ကယ်တင်တဲ့ အနေနဲ့ ကျွန်တော် လက်ထပ်သင့်တာ ပေါ့လေ။ ဒါပေမင့် ရင်ထဲမှာ နာတယ်။ တစ်ဆတ်ဆတ် တုန်တယ် အစ်မရဲ့။ ကိုယ်တော့ မတို့ရက် မခူးရက်တဲ့ ချစ်သူကို ခုလို အဖြစ်ခံရတာ ရင်ကျိုး တာဘဲ။ ပြီးတော့ ကျွန်တော်တို့ ယူတယ် ထားအုံး၊ ဒီဦးလေးကြီက ဘုရားခန်းကနေ ဘုရားမုခပါဋ္ဌ်တော်တွေ ရွတ်ပြီး ကျွန်တော့် မျက်နှာကို ပြုံးဖြီးဖြီးနဲ့ ကြည့်မှာကို ကျွန်တော် မခံနိုင်ဘူး။
ဒီလို ခွေးမသားကြီးတွေ ယုတ်မာမှုအတွက် ကိုတော့ လက်လျှို မခံနိုင်ဘူး။ နွား မဖြစ်ချင်ဘူး။ ဒီနေရာမှာ ကျွန်တော် မှားတယ် ဆိုယင်လဲ သီသီကို တမလွန် လိုက်ပြီး တောင်းပန်ပါ့မယ်။ သမ္မာဒေဝ နတ်ကောင်းတွေ ကတော့ ကျွန်တော့်ကို ခွင့်လွှတ် ကောင်းပါရဲ့။ ကဲ- သွားပါရစေတော့”
* * *
သူသည် ခပ်မြန်မြန်ပင် နှုတ်ဆက်၍ အောက်သို့ ပြေးဆင်းသွားသည်။ ကျမ ရင်ထဲတွင်တော့ ဝမ်းနည်း ဝမ်းသာ ဖြစ်နေသည်။ ဇာတ်လိုက် ကိုရေချမ်းသည် အများထင်သလို လူယုတ်မာကြီး မဟုတ်သည်ကိုလဲ ဝမ်းသာ နေမိသည်။
မကြာခင် တစ်ဒိုင်းဒိုင်နှင့် လှေကားမှ ကိုရေချမ်း ပြေးတက်လာ ပြန်သည်။
“အောက်က ဗိုလ်တဲစောင့် ကိုပုက ပြောတယ်။ အစ်မက စာရေးဆရာ ဆို”
“နည်းနည်းပါးပါး ရေးတာပါ”
“ကျွန်တော့် အကြောင်း မရေးပါနဲ့ တောင်းပန်ပါတယ်။ ကျွန်တော်ဟာ မေတ္တာသုတ် ဆုံးအောင် မရွတ်တတ် တဲ့ ဘိန်းစားပေမင့် လူမသတ် တတ်တာကိုသာ အစ်မ သိအောင်လို့ ပြောပြတာပါ”
“ဟုတ်ပါတယ်။ ဒါပေမင့် မေတ္တာသုတ်ကို လူကြားအောင် ကြေးစည်သံ တစ်ညံညံနဲ့ ရွတ်ပြီး မိန်းကလေးတွေ ကို စော်ကား သတ်နေတဲ့လူ အကြောင်းတော့ ကျမ ရေးရမှာဘဲ”
သူသည် တွေတွေကြီး စိုက်ကြည့်နေရာမှ နှုတ်ခမ်းများကို သိမ်းရင်း
“ကျွန်တော် သေရင် ရေးပါ။ အသက်ငယ်ငယ် ရှိပေမင့် ကျွန်တော် ဘယ်လောက် အိုနေပြီလဲ မကြာခင် သေရမှာပါ”
ဟုပြောကာ နောက်ဆုံး စကားသံများ တိမ်ဝင်သွား၏။
ယခု တစ်ခါတော့ ခပ်ဖြည်းဖြည်းပင် သူသည် လှေကားမှ ဆင်း၍ သွားသည်။
၁၃၁၆- နှစ် ဝါဆို လပြည့်ကျော် ၅- ရက်နေ့တွင် ကိုရေချမ်း သေဆုံးခဲ့လေသည်။
Credit ... (ခင်နှင်းယု)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment