20 November 2021

ဒီမိုကရေစီ၊ Jesus ၊ Barabbas နဲ့ လူအုပ်ကြီး

 



ကျမ ဂျာမဏီနိုင်ငံမှာဒေါက်တာဘွဲ့ယူနေတဲ့အချိန်တုန်းက၊ ကိုယ့်ဘာသာက Microbiology ဆိုတော့ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်မှု့ပေါင်းများစွာနဲ့မိုးလင်းကမိုးချုပ်အချိန်ကုန်ခဲ့တယ် ။ အချိန်မရှိတဲ့ကြားကဘဲ…နိုင်ငံရေးစိတ်ဝင်းစားတဲ့ ကျမက နိုင်ငံရေးသိပံ္ပ Seminar တွေဖက်ကို တစ်ခါတစ်ရံခြေဦးလှည့်မိတတ်တယ် ။


တစ်ခါမှာတော့…

" ဒီမိုကရေစီက Jesus ကိုသတ်ခဲ့သလား?"…

ဆိုတဲ့ခေါင်းစဉ်နဲ့ Seminar ကိုတွေ့လိုက်တော့…

အဲ့ဒီအချိန်က ဒီမိုကရေစီ crazy ဖြစ်နေတဲ့ မြန်မာနိုင်ငံသူ ကျမ၊ တစ်ချိန်တည်းမှာဘဲ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ Bible သမ္မာကျမ်းစာအုပ်ကို လက်ဝယ်တစ်ခါမှ မကိုင်ခဲ့ဘူးသူဖြစ်တော့…Jesus ကို ဒီမိုကရေစီကသတ်ခဲ့သလား ဆိုတဲ့ခေါင်းစဉ်က ကျမအတွက် အရမ်းကိုစိတ်ဝင်စားစရာဖြစ်ခဲ့တယ် ။


Seminar က ဘာသာရေးနဲ့ လုံးဝလုံးဝ မပတ်သက်ဘဲ၊ ဖြစ်ရပ်တစ်ခုကိုနိုင်ငံရေး ရှု့ဒေါင့်သက်သက်ကသဘောထား အမြင်တွေကိုဘဲဆွေးနွေးခဲ့ကြတာဖြစ်တယ် ။

ခရစ်တော်မတိုင်မီ BC ၅ ရာစုနှစ်ကတည်းက ဂရိနိုင်ငံရဲ့မြို့အုပ်ချုပ်ရေး တစ်ချို့မှာ အထက်လွှာ လူ့မလိုင်အုပ်ချုပ်မှု့ စနစ် ( Aristocracy/ rule of an Elite) ကို ဆန့်ကျင်တဲ့ ပြည်သူလူထု အုပ်ချုပ်မှု့စနစ် ( Democracy/ rule of the people) ဟာ အစပျိုးလာခဲ့တာပါ ။


ကြာခဲ့ပြီပေါ့…

ဘာအသစ်အဆန်းမှ မဟုတ်တဲ့၊ ဒီလောက် သက်တမ်းရင့်နေတဲ့ ဒီမိုကရေစီကြီးကို ငါတို့က အခုအချိန်အထိ ငါတို့နိုင်ငံ အတွက်တောင်းယူလို့ မရသေးပါလား ဆိုပြီး စိတ်ထဲမှာအောင့်သက်သက်ဖြစ်ခဲ့မိသေးတယ် ။

Jesus ကို ကားစင်တင်ပြီး သတ်ဖို့ဆုံးဖြတ်မယ့်တရားခွင်မှာ… အမိန့်ချပေးရမယ့် ရောမဘုရင်ခံ Pontius Pilate က တစ်ကယ်တော့ Jesus ကိုမသေစေချင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း… Jesus ကို သတ်ဖို့/ မသတ်ဖို့ ဆိုတာကို ဒီမိုကရေစီနည်းလမ်း ဆန်ဆန် ဂျေရုဆလင်မြို့သူမြို့သား လူအုပ်ကြီးကို အဆုံးအဖြတ်ပေးစေခဲ့ပါတယ် ။


ဂျူးလူမျိုးတို့ နှစ်စဉ်ကျင်းပတဲ့ "Passover " လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘာသာရေးပွဲတော်မှာသေဒဏ်အချခံထားရတဲ့ Jesus ကို လူထုဆန္ဒ နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဘုရင်ခံက ကြိုးစားခဲ့တယ်လို့ဆိုပါတယ် ။

ဒီနေရာမှာ လူထုက အပြစ်ကျခံထားရတဲ့ အကျဉ်းသားတွေထဲကတယောက်ကို  လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဆန္ဒပြုတောင်းဆိုပေးရမှာဖြစ်ပါတယ် ။


ဘုရင်ခံက သေဒဏ်ကျ အကျဉ်းသမားနှစ်ဦးဖြစ်တဲ့… Jesus နဲ့ Barabbas ကို ဘယ်သူ့ကို Passover ပွဲတော်မှာ အသက်ချမ်းသာခွင့်ပေးရမယ် ဆိုတာကို တရားရင်ပြင်မှာ လူထုကို ဆန္ဒပြုခွင့်ပေးခဲ့ပါတယ် ။

Barabbas ဟာ လူသတ်မှု့နဲ့သေဒဏ် အကျခံထားရသူဖြစ်တော့…သူနဲ့ယှဉ်ရင် အဲ့ဒီအချိန်က မြို့ခံဘာသာရေးဂိုဏ်းချုပ်ကြီးတွေရဲ့ မနာလို ဝန်တိုဖြစ်မှု့ကြောင့် မတရားတရားစွဲသေဒဏ်ပေး ခံထားရတဲ့ Jesus ကိုသာ လူအုပ်ကြီးက လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခဲ့ကြလိမ့်မယ် လို့ ဘုရင်ခံ Pilate က မျှော်လင့်ခဲ့တယ်လို့ဆိုပါတယ် ။

Pilate က တရားရင်ပြင်မှာ လူအုပ်ကြီးကိုမေးလိုက်ပါတယ်…

"ဒီဂျူးဘုရင်ကြီး (တရားခွင်မှာ Jesus ကို လှောင်ပြောင်ခေါ်ဝေါ်သောအမည်) ကို လွတ်ငြိမ်းချမ်းသာပေးစေချင်ကြသလား?"…

Jesus ရဲ့ ကျော်ကြားမှု့ကိုမနာလိုဖြစ်ပြီး သူ့ကိုသေစေခြင်နေကြတဲ့ မြို့ခံဘာသာရေး ဂိုဏ်းချုပ်ကြီးများနဲ့ သူတို့နောက်လိုက် အဖွဲ့ဝင်တွေဟာ တရားရင်ပြင်မှာ Jesus ကို သတ်မိန့်ပေးဖို့တောင်းဆိုဖို့ လူအုပ်ကြီးထဲက တချို့ကိုကြိုတင်ပြီး သွေးထိုးလှုံ့ဆော်ထားပါတယ် ။ အဲ့ဒီဖြားယောင်းသွေးဆောင်မှု့ကို ခံထားရတဲ့လူတွေနဲ့၊ သူတို့အဖွဲ့ကိုကြောက်ပြီး မလွန်ဆန်နိုင်တဲ့လူအုပ်ကြီးထဲက တစ်ချို့က…ဟစ်အော်လိုက်ကြတယ် ။


"သူ့ကို ကားစင်တင်လိုက်!"…တဲ့…

ဘုရင်ခံက ဒုတိယအကြိမ် အရင်မေးခွန်းကိုဘဲ လူအုပ်ကြီးဖက်ကို ပြန်မေးလိုက်ပါတယ် ။

"သူ့ကို ကားစင်တင်လိုက်!"…လို့…ထပ်ပြီး အော်လိုက်ကြပြန်ပါတယ် ။

ဒုတိယအကြိမ်လူအုပ်ကြီးရဲ့အသံက ပထမအကြိမ်ထက် ပိုကျယ်ပါတယ် ။ လူအုပ်ထဲက ပွဲကြည့်ဖို့လာတဲ့ပရိသတ်က ပထမလူအုပ်စုနဲ့ အတူ…ဘာရယ်မဟုတ်…အားပါးတစ်ရ ဝင်အော်ဟစ်လိုက်ကြလို့ပါဘဲ ။

"ဘာကြောင့်လည်း?…သူ ဘာအမှား လုပ်ခဲ့မိလို့လည်း?"…လို့… ဘုရင်ခံက လူအုပ်ကြီးကို အံ့သြတစ်ကြီးမေးခွန်းထုတ်ခဲ့ပါတယ်တဲ့ ။ ဘယ်သူကမှ သူ့မေးခွန်းကိုမဖြေဘဲ…

"သူ့ကို ကားစင်တင်လိုက်!"…ဆိုတဲ့ အဖြေ မပါတဲ့ လူအုပ်ကြီးရဲ့ တောင်းဆိုအော်ဟစ်သံတွေကဘဲ ပိုလို့ဆူညံလာပါတယ် ။


အသံတွေက ပထမအကြိမ်ထက်ကော၊ ဒုတိယအကြိမ်ထက်ကော ပိုကျယ်လောင်ပါတယ်… ။ Jesus ကိုလွတ်မြောက်စေချင်သူတွေလည်း သူတို့ဘေးမှာအော်ကြီး ဟစ်ကျယ်တောင်းဆိုနေတဲ့…လူအုပ်ကြီးကိုကြောက်ပြီး…သူတို့အော်သလိုလိုက်ပြီး…အော်ခဲ့ကြရလို့ပါဘဲ ။


တရားခွင်အကြောင်းကို…ကွင်းကွင်းကွက်ကွက် ရှင်းပြပြီးတဲ့နောက်မှာတော့…ကျမတို့ဟာ…ဒီမိုကရေစီလို့ခေါ်တဲ့ ပြည့်သူ အုပ်ချုပ်တဲ့ စနစ်ကို ဒီဥပမာနဲ့ ယှဉ်ပြီး ရှု့ဒေါင့် အမျိုးမျိုးက ထင်မြင် ယူဆချက်တွေနဲ့ အမေးအဖြေတွေလုပ်ခဲ့ကြပါတယ် ။

ဒီမိုကရေစီနဲ့ ပတ်သက်ရင် ကျမ ဘယ်သောအခါကမှ ဒီစနစ်ရဲ့ ဆိုးကျိုး တစ်စုံတစ်ရာကို အလေးအနက်ထားပြီးမတွေးတောခဲ့မိပါဘူး ။ ဒါပေမယ့်…အဲ့ဒီနေ့ကတော့…ဒီမိုကရေစီ စနစ်အောက်က…သူတစ်လူ ငါတစ်မင်း " လူအုပ်ကြီး ဝါဒ "…ကို…ထိတ်လန့်တစ်ကြား ခံစားသိရှိလိုက်ရပါတယ် ။


အဲ့ဒီလို…" လူအုပ်ကြီးဝါဒ " ကြီးစိုးပြီး…ဗရမ်းဗတာ သူတစ်လူ ငါတစ်မင်း မင်းမဲ့စရိုက်တွေကြီးထွား လာမှု့တွေဟာ…လူထုအုပ်ချုပ်ရေး စနစ်ကိုယိမ်းယိုင်စေပြီး…အာဏာရှင်စနစ်ကို အသစ်တဖန်ပြန်လည်ဖြစ်ထွန်းလာစေဖို့…ဖိတ်ခေါ်နေသလိုပါဘဲ ။ အဲ့ဒီလိုနဲ့ဘဲ…နှစ် ရာစုပေါင်းများစွာထဲမှာ…အုပ်ချုပ်မှု့ စနစ်တွေဟာ…တစ်ခုနဲ့ တစ်ခု သံသရာလည်နေတော့တာ ။


ဒီမိုကရေစီ ဆိုတဲ့ စစ်မှန်တဲ့ လူထုအုပ်ချုပ်မှု့ စနစ်တစ်ခုကို ရည်ရှည် ခံစားနိုင်ဖို့ဆိုတာ လူထု ကိုယ်တိုင် က ဆင်ခြင်တုံ တရား၊ ဒီမိုကရေစီ စံတန်ဘိုးနဲ့လျှော်ညီတဲ့ ဥာဏ်ပညာအတွေးအခေါ် ရှိသင့်တယ်လို့ မှတ်ယူမိပါတယ် ။

အဓိက ကတော့…လူပြိန်းကြိုက်နိုင်ငံရေးသမားတွေရဲ့ သူတို့ကိုယ်ကျိုး အတွက်ဖြားယောင်းသွေးဆောင်မှု့ ကိုရှောင်ရှားနိုင်ဖို့လိုပါတယ် ။


Crd ...   Lwin Mar Aung-Hilbrich 

18.11.2021

Auckland 

5:55 pm



No comments:

Post a Comment