သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။
သြစတြေးလျနိုင်ငံကို အလည်လာလိုပါသလား၊ ဒါမှမဟုတ် အခြေချနေထိုင်လိုပါသလား။ နည်းလမ်းတွေ တစ်ခုထက်မနည်း ရှိပါတယ်။ အချုပ်အားဖြင့်တော့သြစတြေးလျနိုင်ငံကို လာရောက်ဖို့ အဓိက လမ်းကြောင်း ၂ ခု ရှိပါတယ်။
တစ်ခုကတော့ ယာယီ လာရောက်နေထိုင်ခြင်းဖြစ်ပြီး နောက်တစ်ခု ကတော့ အမြဲတမ်း ပြောင်းရွှေ့နေ ထိုင်ခြင်း ဖြစ်တယ်လို့ Kerrie Armstrong ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဓိက လမ်းကြောင်း ၂ ခုထဲမှာမှ သြစတြေးလျနိုင်ငံကို လာရောက်နိုင်တဲ့ လမ်းသွယ်လေးတွေ အများကြီး ရှိပါတယ်။
သြစတြးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က လူဝင်မှုဆိုင်ရာ ဥပဒေပညာရှင် Marianne Dickie ရဲ့အဆို အရ သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ကိစ္စဟာ အင်မတန် ရှုတ်ထွေးလွန်းတဲ့အတွက် အေးဂျင့်တွေ ဒါမှမဟုတ် လူဝင်မှုဆိုင်ရာ ရှေ့နေကို လူအများစုက ငှားရမ်းပြီး လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
ဖောင်ဖြည့်တတ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပဲ ဘယ်ပုံ ဘယ်နည်း ဒါမှမဟုတ် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်ရမလဲ ဆိုတာကို သိဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါကြောင့်လည်း သြစတြေးလျနိုင်ငံမှာ လူဝင်မှုနဲ့ ပတ်သက်တဲ့ အေးဂျင့်ပေါင်း ၅၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သြစတြေးလျကို ဝင်ရောက်ဖို့အတွက် ဘယ်ဗီဇာ အမျိုးအစားကို လျှောက်သင့်သလဲ ဆို တဲ့နေရာမှာ ရှုတ်ထွေးလွန်းသလို လူဝင်မှု ဥပဒေ ကလည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် အခက် အခဲတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ရတာလည်း ဖြစ်ပါတယ်။
ယာယီ လာရောက်နေထိုင်ခြင်း
ယာယီလာရောက်နေထိုင်ခြင်း အစီအစဉ်အောက်မှာ ပြည်ပကနေ ၃ လ ကနေ ၁ နှစ် အလည် လာ တာတွေ၊ နှစ်နဲ့ချီ ကျောင်းလာတက်တာတွေ၊ အလုပ် အတွက် ခေတ္တ ရွှေ့ပြောင်းလာတာတွေနဲ့ အလည် လာရင်းတစ်နှစ်လောက် အလုပ် လုပ်ခွင့်ရှိတဲ့ ဗီဇာတွေ ပါဝင်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရချင်ရင်တော့ အဲဒီအတွက် နှစ်နဲ့ချီစောင့်ပြီး လျှောက်ထားနိုင် သလို ဒုက္ခသည် အဖြစ် ဝင်ရောက်လိုရင်လည်း လျှောက်ထားနိုင်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်အောက်မှာလည်း နည်းလမ်း အမျိုးမျိုး ရှိပြန်ပါတယ်။
ကျောင်းသား ဗီဇာ
ယာယီလာရောက်နေထိုင်ခြင်း အောက်မှာ ကျောင်းသားဗီဇာနဲ့လည်း နေထိုင်နိုင်ပါတယ်။ Chart of temporary visa holders. သြစတြေးလျနိုင်ငံမှာ မူလတန်းဘဝကနေ တက္ကသိုလ်အထိ ကျောင်းသား ဗီဇာနဲ့ ကျောင်းလာတက်နိုင်ပါတယ်။ကျောင်းသားဗီဇာမှာလည်း အမျိုးအစားကွဲပြားမှု ရှိပါတယ်။
Subclass 500 ဗီဇာအမျိုးအစားကတော့ သြစတြေးလျနိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအနေနဲ့ ကျောင်းလာတက်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်။
subclass 590 visa ကတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအတွက် ဖြစ်ပြီး အဲဒီဗီဇာက ကျောင်းသား အပြင် အဲဒီကျောင်းသားကို အုပ်ထိန်းဖို့ အုပ်ထိန်းသူ တစ်ယောက်ကိုပါ ကျောင်းတက်နေ သမျှ ကာလပတ်လုံး သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ အုပ်ထိန်းသူ ကတော့ အနည်းဆုံး အသက် ၂၁ ရှိရမှာ ဖြစ်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းပိုင်ခွင့်ရှိသူ တစ်ဦးဦး ဖြစ်ရမှာ ဖြစ်ပါတယ်။