06 September 2019

ဂဠုန် ဦးစော နှင့် ပတ်သက်၍ လူသိပ်မသိသေးသော အကြောင်းအရာများ






ဦးစောကို လူတွေက ကြို့ပင်ကောက်သား လို့ထင်နေကြတယ်။ အမှန်က အုတ်ဖို သားဗျ။ အုတ်ဖို ကနေ ကြို့ပင်ကောက် ကို ကျောင်းသွားတက်တာဘဲ ရှိတာပါ။
အဲဒီကနေ (၅) တန်းအောင်ခဲ့တယ်။ အဲဒီနောက်(၁၉၂၇) မှာ အထက်တန်းရှေ့နေဖြစ်သွားပြီး ဂျီစီဘီအေထဲထဲက ဦးဘဖေ ဆီမှာ တပည့်အဖြစ် ဝံသာနု လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။
ဒီနေရာမှာ ဘာကို သွားပြီး သတိထားမိသလဲ ဆိုရင် ဦးစော နိုင်ငံရေးလောကထဲကိုရောက်ပြီး ဝံသာနု လုပ်ငန်း တွေကို စပြီးလုပ်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ (၁၄)နှစ် သားလေး ဘဲရှိသေးတယ် ဆိုတာ တွေ့ရပါ တယ်။ အဲဒီလိုဘဲ ဦးစော ဟာ ဂျီစီဘီအေ ထဲကို (၁၉၂၇)မှာ စဝင်ခဲ့သလို ဆရာစံ ဟာလည်း (၁၉၂၃) မှာ ဂျီစီဘီအေ ထဲမှာ ရှိနေနှင့်ခဲ့ပါတယ်။
နောက်ပိုင်း ဂျီစီဘီအေခေါင်းဆောင်တွေရဲ့ ပျော့ညံ့မှုတွေကို မကြိုက်တော့လို့ ဆရာစံ ဟာ လက်နက်ကိုင် လမ်းစဉ် ကို လိုက်သွားပြီး တောင်သူလယ်သမား အရေးတော်ပုံ ဆိုတာကြီး ဟာ (၁၉၃၀) ဒီဇင်ဘာလ(၂၂)မှာ ဖြစ်ပေါ်လာခဲ့တာပါ။
လူတော်တော်များများဟာ ဦးစော ကို ဂဠုန်ဦးစော လို့ဘာကြောင့်ခေါ်လည်း ဆိုတာ မသိကြ ပါဘူး။ အဲဒီအချိန်က အင်္ဂလိပ်ကို ဆရာစံ ရဲ့ဂဠုန် တပ်သားတွေဟာ တိုက်ကြရင်း အဖမ်းခံရ ပါတယ်။



အဲဒီလို ဂဠုန်တပ်သားတွေ အဖမ်းခံရတဲ့ အချိန်မှာ မြန်မာတွေထဲက ဘယ်သူမှ ဂဠုန် တပ်သား တွေ ဘက်က ရှေ့နေ လိုက်မပေးရဲကြပါဘူး။ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် ထိခိုက်မှာ စိုးပြီး အင်္ဂလိပ်ကို ကြောက်ကြတဲ့ သဘောပေါ့။
အဲဒီလိုအချိန်မှာ အသက်(၃၀) အရွယ်လောက်ဘဲ ရှိသေးတဲ့ ဦးစော ဟာ အင်္ဂလိပ်ကို မကြောက် ဘဲ ဂဠုန် တပ်သားတွေ ဘက်ကနေ ရှေ့နေလိုက်ပေးခဲ့ပါတယ်။ ဒါကြောင့်သူ့ကို အဲဒီခေတ်လူတွေက ဂဠုန်စော လို့ ခေါ်ခဲ့ ကြတာပါ။
ဒါ့အပြင် (၁၃၀၀) ပြည့်အရေးတော်ပုံဖြစ်နေတဲ့ အချိန်မှာ ရန်ကုန်မြို့ကို အင်္ဂလိပ်တွေက ပုဒ်မ (၁၄၄) ထုတ်ပြန် ထားတာကို ဦးစောဟာ ဆန့်ကျင်ပြီး ဆန္ဒပြလို့ အဖမ်းခံရပါသေးတယ်။ အင်္ဂလိပ်ခေတ်က အထင်ကရ အဖြစ်ဆုံး သူရိယ သတင်းစာ တိုက်ပိုင်ရှင်ဟာလည်း အန်ကယ် ဦးစောပါ။
စိတ်ဘဝင်မကျစရာ တစ်ခုက မြန်မာ့သမိုင်း အပါအဝင် စာအုပ်တွေ စာထက်ကို တင်တဲ့ အက္ခရာတွေမှာ ဦးစော ကောင်းတာ လုပ်ခဲ့တယ် ဆိုတဲ့ ကောင်းကွက် တစ်ကွက်မှ မတွေ့ရ သလို စကားလုံး တစ်လုံး တောင် မရှိတာ ဟာ တစ်ကယ့်ကို စိတ်မကောင်းစရာပါ။
ဒီနေရာမှာ စိတ်မကောင်းစရာဖြစ်မိတယ် ဆိုတာဟာ ဦးစော ကို ကိုယ်ချင်းစာတာ ထက် မိမိ တို့မြန်မာ့သမိုင်း နဲ့ အတ္ထုပ္ပတ္တိ စာအုပ်တွေဟာ မျှတမှု မရှိခဲ့ပါလား လိုရာဘက်ကိုရေးနေ ခဲ့ပါ လားဆိုပြီး စိတ်မကောင်းဖြစ်မိတာပါ။
လူများတဲ့ ဘက်က အမှန် ဆိုတာ မဖြစ်သင့်သလို နိုင်တဲ့လူရေးတိုင်း သမိုင်းအမှန်လို့ ယူဆကြ စတမ်းဆိုရင် ငရမန်ကန်း သာ ကျန်စစ်သား ကိုနိုင်ခဲ့ရင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့တဲ့ အနော်ရထာ ဆိုတာဟာ သမိုင်းမှာ ရှိချင်မှလည်း ရှိလာမှာပါ။
ဘာကြောင့်လဲဆိုတော့ ငရမန်ကန်း က သမိုင်းကို ရေးချင်တာရေးသွားမှာကိုး။ အဲဒီလိုဘဲ မြောင်းမြမြို့စား လောက်ဖျားတို့ အုပ်စု နိုင်သွားခဲ့ရင် ရာဇာဓိရာဇ် ဆိုတာကလည်း ခေတ်တစ် ခေတ်ရဲ့ အထင်ကရ သူရဲကောင်း အရှင်သခင်ဖြစ်လာမှာ မဟုတ်ဘဲ လောက်ဖျား ကသာ မွန် တို့ရဲ့သမိုင်းကိုရေးခဲ့သူဖြစ်သွားမှာပါ။
အင်းဝကိုနိုင်အောင် တိုက်နိုင်ခဲ့တဲ့ ဗညားဒလ တပ်တွေကို ဦးအောင်ဇေယျသာ ရှုံးသွားခဲ့ရင် သမိုင်းကို ဗညားဒလ ကဘဲ ရေးသွားဦးမှာပါ။ History is always written by the winners ဆိုတဲ့စကားလိုပေါ့။
အခုလည်း ဒီသဘောပါဘဲ။ ဒေါက်တာဘမော် လို နန်းရင်းဝန် တစ်ယောက်ကိုတောင် စင်ပေါ် မှာ အင်္ဂလိပ်လို တရားပြိုင်ဟောပြီး အနိုင်ယူခဲ့တဲ့ ဦးစောလည်း (၁၉၄၇)နောက်ပိုင်း လွန်ဆွဲ ပွဲတွေမှာ အနိုင်ရခဲ့ရင်လည်း ကျနော်တို့သိနေတဲ့ လွတ်လပ်ရေးကြိုးပန်းမှုနဲ့ လွတ်လပ်ရေး နောက်ပိုင်းခေတ် အခုသမိုင်းတွေဟာလည်း တစ်မျိုးတစ်ဖုံဖြစ်ပြီး ပြောင်းပြန်တွေ ဖြစ်နေမှာပါ။
ပြောချင်တာကတော့ ဂျီစီဘီအေ အသင်းထဲမှာ ဝံသာနုတွေကို ခေတ်ဦးထဲက လုပ်ခဲ့သူ ဂဠုန် တပ်သားတွေ အတွက် ရှေ့နေလိုက်ပေးခဲ့သူ၊ ရွှေတိဂုံ ဘုရားပေါ်မှာ စေတီတည်ခဲ့သူ လွတ်လပ်ရေးကြိုးပန်းမှုတွေမှာလည်း ထိပ်ပိုင်းကနေ ကြိုးပန်းခဲ့သူ တစ်ယောက်ဟာ ယနေ့ အချိန်မှာ ဘာကောင်းကွက် တစ်ခုမှ မရှိသလို ဖြစ်နေတာ ဟာ မဖြစ်သင့်ပါဘူး။
(၁၉၄၇) လုပ်ကြံမှုမှာ ဦးစော ဟာ မှန်ရင်လည်း မှန်လိမ့်မယ်။ မှားရင်လည်း မှားပါလိမ့်မယ် ။ဒါပေမဲ့ ဦးစောရဲ့ သမိုင်းမှာ လည်း ကောင်းတာတွေလည်း အများကြီးလုပ်ခဲ့တယ်ဆိုတာလည်း သတိချပ်သင့်ပါတယ်။
ကိုယ်မကြိုက်တာ တစ်ခုကို လုပ်ခဲ့တာ တစ်ခုထဲနဲ့ လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လုပ် ဆောင်ချက်တွေကို မေ့ပြစ်လိုက်တာတို့ ဖုံးကွယ်ပြစ်တာတို့ဟာ မဖြစ်သင့်တဲ့ လူ့ယဉ်ကျေးမှု ပါ။
လူတစ်ယောက် မကောင်းတဲ့ လုပ်ရပ်ကိုပြောရဲမယ် ဝေဖန်ရဲမယ် ဆိုရင် အဲဒီလူ တစ်ယောက် ကောင်းတဲ့ လုပ်ရပ် တွေကိုလည်း ချီးကျူးရဲရပါမယ်။
မချီးကျူးချင်ရင်တောင်မှ ဖုံးကွယ်မှုတော့ မပြုလုပ်ကြပါနဲ့။ မရိုးသားတဲ့ သမိုင်းမှာ သစ္စာတရား ဆိုတာ ဘယ်တော့မှ မရှိပါ။
ခိုင်ဇော်
လေးစားစွာဖြင့် ခရက်ဒစ်



No comments:

Post a Comment