15 December 2019

ခန္ဓာထဲက အခြေအနေ



များသောအားဖြင့် တရား အားထုတ်တဲ့အခါ ထင်ရှားတဲ့ ရုပ်ကို အရင် ရှုပြီးမှ သိမ်မွေ့တဲ့ နာမ်ကို ရှုလေ့ရှိပါတယ်။ ဒါက အေးအေးဆေးဆေး ထိုင်တဲ့အခါ, ထတဲ့အခါ, လျောင်းတဲ့အခါ,
သွားတဲ့ အခါ, အထွေထွေ အမူအရာတွေ ပြုလုပ်တဲ့ အခါတွေမှာ ရှုမှတ်တာ ဖြစ်ပါတယ်။

အချို့သော အခြေအနေတွေမှာတော့ နာမ်ကို တန်းရှုလို့ ရပါတယ်။ ဒါမျိုးကျတော့ ရုတ်တစ်ရက် လုပ်ချင် ကိုင်ချင်စိတ် ဖြစ်လာတဲ့အခါ၊ စိတ်မှာ မကြံစည်ဘဲ သိလိုက်တဲ့အခါ၊ ဖျတ်ကနဲ ခံစား လိုက်တဲ့အခါ စသည်ဖြင့် အနေအထားတွေမှာ နာမ်က ထင်ရှားပြီး အရင်ပေါ်လေ့ ရှိပါတယ်။

ဒါကြောင့်မို့ တရားအားထုတ်တဲ့ အခါ ဘယ်ဟာကို ရှုမှတ်ရမလဲလို့ မေးလာသူတွေ ကို "အခြေ အနေ"ပေါ် မူတည်ပြီး ရှုမှတ်ရပါတယ် လို့ ဖြေပေးလိုက်ပါတယ်။

အခြေအနေ ဆိုတာ အပြင်က အခြေအနေတွေကို ပြောတာ မဟုတ်ပါဘူး။ မိမိရဲ့ခန္ဓာ
အခြေအနေပါ။

အမြဲတန်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း အတိုင်းပါဘဲ။ မိမိ သတိထားတဲ့ အခိုက်မှာ ထင်ရှားတဲ့
ပေါ်ရာ ပြရာဟာ မိမိ ရှုမှတ်ရမဲ့ အရှုခံပါဘဲ။ ဒါကြောင့်မို့ ဘယ်ဟာဘဲ ပေါ်ပေါ် ရှုတတ်အောင် လေ့ကျင့် ထားရပါမယ်။ လေ့ကျင့်တဲ့ အခါမှာတော့ တစ်ခုချင်းကို ကျေညက်အောင် လေ့ကျင့် ရပါတယ်။

များသောအားဖြင့် ရုပ်ကို အရှုခံအဖြစ် လေ့ကျင့်တာကို ပြောပြ ပါဦးမယ်။
ရုပ်ကို ရှုရင်း သတိကို ရုပ်မှာ ကပ်ထားရာမှ သတိနဲ့ ဝီရိယကို မျှမျှတတ ထားလိုက်တဲ့အခါ ရှုနေတဲ့ စိတ်ကိုပါ တွေ့သွားလို့ ရုပ်နာမ် ကွဲသွားတာကို အရင်က ပြောခဲ့ ပြီးပါပြီ။

တစ်ချို့က ဝီရိယ အားသန်ပါတယ်။ ရှေ့က ပြနေတဲ့ အရှုခံ ရုပ်ကို မလွတ်တန်း ရှုနေချင်တယ်။ ကပ်ငြိမှုတဏှာ များသူတွေပါ။

ရုပ်ကို ဖြေးဖြေး ရှုပါ။ သတိထားရုံဘဲ ထားပါ။ ခပ်ခွါခွါလေး ရှုပါ။ စောင့်ကြည့်ပါ။ ကပ်မလိုက် ပါနဲ့။   စသည်ဖြင့် ဘယ်လိုဘဲ အကြံပေးပေး၊ စွဲစွဲမြဲမြဲ စိုက်ရှုနေရမှ ထိထိမိမိ ရှိတယ်လို့  ခံယူ ထားတဲ့ သူတွေ ရှိပါတယ်။ သူ့စရိုက်နဲ့ သူဘဲလေ။ 

အဲဒီလို ရှုသူတွေက ရုပ်ကို အသေးစိတ် အပြန်ပြန် အလှန်လှန် ရှုနေလေ့ ရှိပါတယ်။ တစ်ခု တည်း ကို အားစိုက် သတိ ကပ်ထားပါများလာတော့ သမာဓိ ကောင်းလာပြီး ကြည်လင်
အေးချမ်း လာပါတယ်။ တစ်ကိုယ်လုံး ပျောက်နေပြီး ပေါ့ပါး နေပါတယ်။ တော်တော်ကောင်းတဲ့ အရသာပါဘဲ။ 


ရှုနေတဲ့ အရှုခံ ဟာလည်း အရွယ်အစား သေးသထက် သေးလာပြီး အပ်ဖျားထိပ်လောက် ကလေးဘဲ ရှိတော့တယ်။ အလွန် ရှုလို့ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရှုနေတဲ့ အရှုခံ
ကလေးဟာလည်း ရွရွ မွမွနဲ့  တိုးလိုက် လျော့လိုက်ကို ပြနေပါတယ်။ ဒီအချိန်ဟာ အရေးကြီး တဲ့ အချိန် ဖြစ်ပါတယ်။ ဘာလို့ အရေးကြီးတာလဲ ဆိုတော့ သမာဓိ အလွန်ကောင်းနေချိန်
ဖြစ်လို့ပါဘဲ။

ရွရွ မွမွ ပုံသဏ္ဌာန်ကို ဆက်ရှုမယ်။ ရှုရင်း ပျောက်သွားမယ်။ အဲဒီလို ဆိုရင် သမထလမ်း ဖြစ်ပါတယ်။

ဒါမှမဟုတ် ရွရွ မွမွကို သတိ ကြီးစွာ ထားနေမယ်ဆိုရင် ပူသဘော, တိုးသဘော ကို တွေ့မယ်။ ဒီအချိန်မှာ သမာဓိက အလွန်ကောင်းနေတာမို့  ပူသဘော, တိုးသဘောကို ရှုနေတဲ့  စိတ် ကို အလွယ်တစ်ကူ တွေ့နိုင်ပါတယ်။



ပူသဘော, တိုးသဘောက ရုပ်။
ရှုနေတဲ့ စိတ်က နာမ်။ ရုပ် နဲ့ နာမ် ထင်ရှား ကွဲပြားပါပြီ။


ဒီအခိုက်အတန့်မှာ ရုပ်နာမ် မှ တစ်ပါး အခြား ဘာမှမရှိ ဆိုတာလည်း သိပါပြီ။
တဒင်္ဂ ဒိဋ္ဌိ ပြုတ်နေပါပြီ။

ဒေါက်တာသစ်လွင်

ဥဇ္ဇယ


No comments:

Post a Comment