15 December 2019

ဘယ်လို ရှူရှူ သိဖို့ လိုရင်းပါ


ဝင်လေ,ထွက်လေကို ရှူးရှဲ ရှူးရှဲ အသံမည်အောင် ပြင်းပြင်းထန်ထန် ရှူရတဲ့ ရိပ်သာတွေ ရှိသလို အဲဒီလို ရှူတာ မိမိ ကိုယ်ကိုယ် ပင်ပန်း ဆင်းရဲ စေတာမို့ ပုံမှန်ဘဲ ရှူရမယ်လို့  ညွှန်ပြတဲ့ ရိပ်သာ တွေလည်း ရှိပါတယ်။

မူလ စွန်းလွန်း ဆရာတော်ကြီး က အာနာပါန ကို အဆက်မပြတ်ရှုမှတ် နေတာဘဲ ရှိပါတယ်။
ရှူးရှဲ ရှူးရှဲ မည်အောင် ရှူရမယ်လို့ မညွှန်ပြခဲ့ပါဘူး။
နောက်ပိုင်း စွန်းလွန်းဆရာတော်တွေက မထင်ရှားရင် ပြင်းပြင်းရှူဘို့  ညွှန်ကြားတာ တွေ့ရပါ တယ်။
သဲအင်း ဆရာတော်ကြီး ကတော့ ပုံမှန်ရှူနေတာ စိတ်က နှာသီးဝမှာ ဘယ်လိုမှ ထားလို့ မရဘူး
ဖြစ်နေတယ်။ သူ ပြုခဲ့တဲ့ အကုသိုလ် ပုံရိပ်တွေနဲ့ အတွေးတွေ ကြောက်စိတ်တွေဘဲ အာရုံမှာ ထင်နေတာကြောင့် ရှူးရှဲ မည်တဲ့ အထိ ပြင်းပြင်းထန်ထန် ရှူလိုက်တာ ဖြစ်ပါတယ်။
အောင်လံဆရာတော် ကတော့ သဲအင်းလောက် မပြင်းထန်ပေမဲ့ ဝင်လေ,ထွက်လေကို အာရုံမှ
မလွတ်အောင် ပုံမှန်ထက် ပိုပြီး ပြင်းပြင်း ရှူရပါတယ်။
ပြင်းပြင်းရှူတာ ပင်ပန်းတယ်လို့  ယူဆ သူတွေမှာလည်း အချို့သူတွေမှာ ပုံမှန် ရှူနေပေမဲ့ လေ မထင်ရှားတာမျိုး ကြုံရတတ်ပါတယ်။ အဲဒီ အခါမှာ ဟိုလောက်ကြီး ပြင်းပြင်း မဟုတ်ပေမဲ့ နဲနဲ အားစိုက်ပြီး ရှူပေးရပါတယ်။
ဝင်လေ,ထွက်လေ ထင်ရှားလာတော့မှ အားစိုက်တာကို ပြန်လျော့ ရပါတယ်။


ပြင်းပြင်း ရှူတာဘဲ ဖြစ်ဖြစ်
အားစိုက် ရှူတာဘဲ ဖြစ်ဖြစ်
ပုံမှန် ရှူတာဘဲ ဖြစ်ဖြစ်
ဘယ်လိုဘဲ ရှူရှူ
အဓိက ကတော့ ဝင်လေ ထွက်လေကို သိဘို့၊ စိတ် မပြန့် လွင့်ဘို့  အဆက်မပြတ် သိဘို့ 
သမာဓိ ဖြစ်ဘို့  လိုရင်းပါဘဲ။
သမာဓိ မဖြစ်လို့ ကတော့ ဘယ်လိုဘဲ ရှူရှူ ဘာမှ ဆက်လုပ်လို့ မရပါဘူး။
- သတိ ထားနေဖို့ပါပဲ ။
တရား အားထုတ်တဲ့ အခါ သတိကို အဆက်မပြတ် ထားနိုင် ရပါမယ်။
ထိုင်နေတုန်းဘဲဖြစ်ဖြစ်
လမ်းလျောက် နေတုန်းဘဲဖြစ်ဖြစ်
အထွေထွေ အလုပ်တွေ လုပ်နေရင်းဘဲ
ဖြစ်ဖြစ် သတိ ထားနေရပါမယ်။
သတိ ထားမှုက အရေးကြီးပါတယ်။
အပြင်ဘက်ကို သတိထားနေတာ၊
ကိုယ့် ကိုယ်နဲ့ ကိုယ့်စိတ်ကို သတိ ထားနေတာ နှစ်မျိုးရှိပါတယ်။
ကိုယ့် ကိုယ်ကို သတိထား နေတာက လွယ်ပြီး ကိုယ့် စိတ်ကို သတိထားတာက ခက်ပါတယ်။
ကိုယ်မှာ ..
၁။ ပုံသဏ္ဌာန်ကို သတိထားတာရယ်
၂။ အမူအယာကို သတိထားတာရယ်
၃။ ခံစားမှုကို သတိထားတာရယ်
၎။ သဘာဝကို သတိထားတာရယ် လို့ 
အမျိုးမျိုး ရှိပါတယ်။
သတိ ထားစရာကို မူတည်ပြီး ပညတ်တို့ ပရမတ်တို့  အဆင့် ခွဲပြောလို့ ရပါတယ်။
အဲဒီ ပညတ်တွေ ပရမတ်တွေကို စဉ်းစား ရွေးချယ်ပြီး သတိ ထားနေရတာ မဟုတ်ပါဘူး။
ပြောပြခဲ့တဲ့ ၄ ခု ထဲက တစ်ခုခုကို သတိထား လိုက်နိုင်ရင် ရပါပြီ။ သတိ ကောင်းလာတဲ့ အခါ သူ့ဖာသာ သတိထားစရာဟာ ပြောင်းလဲ သွားပါလိမ့်မယ် ။ ဆိုလိုတာက ဘာကို သတိထားမယ် ဆိုပြီး ရှာဖွေ ရွေးချယ်ပြီး သတိ မထားမိစေဘို့ ပါဘဲ။
သတိ ထားလိုက်ပါ၊ မရွေးချယ်ပါနဲ့။
သတိထားနေပါ။ သတိထားနေတဲ့ စိတ်ဟာ သူ့ဖာသာ ရင့်ကျက်လာပြီး သူနဲ့ ကိုက်ညီတဲ့ အရှုခံကို အလိုလို သတိထား နေလိမ့်မယ်။ 

အဓိက က သတိ ထားနေဘို့ ပါဘဲ ။


Crd .... ဒေါက်တာသစ်လွင်
ဥဇ္ဇယ




No comments:

Post a Comment