08 March 2016

ကလေးတွေကို ဒုက္ခပေးမယ့် အချိုရည်

 



 ခေတ်ကာလ ရဲ့ ပြောင်းလဲ တိုးတက်မှုတွေ မှာ အချိုရည် ဆိုတာတွေက အလျှံပယ် ပေါ်ပေါက် လာတာ ဘာကြောင့်မှန်း မသိပါဘူး။ ဒါပေမယ့် တောရော မြို့ပါ နေရာတစ်ကာ မှာ အရက်၊ ဘီယာ နဲ့ အပြိုင် ဆိုင်တွေ ပေါ် ရောက်နေတဲ့ အမည်စုံ အချိုရည်တွေ က ဖောင်းပွလွန်းပေရဲ့။

 ဖျော်ရည်၊ ဆိုဒါ၊ လက်ဖက် ရည်ကြမ်း ရသစုံ ကနေ ရေသန့်ဘူးတွေ အထိပေါ့။ တခြား တခြားသော အားဖြည့် အချိုရည်တွေ၊ အားကစားသမား အတွက် ဖျော်ရည်တွေ ကလည်း ရှိကြသေး။


ကလေးတွေ ကို အရည်ဓာတ် ဖြည့်ဆည်းပေးတာ က မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ အားရှိ ဖို့၊ ဖျတ် လတ်ဖို့ ၊ အာဟာရပြည့်ဖို့ ၊ ကစားခုန်စား ပိုလုပ်နိုင်ဖို့ ဆိုပြီး အချိုရည်တွေ အတိုင်းအဆ မဲ့ တိုက်ကျွေးနေတာ က တော့ကောင်းပါ ရဲ့လား ဆိုတာတော့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။

လူတိုင်း ကျန်းမာစွာနေထိုင်ဖို့ ရေဓာတ်ဖြည့် ဆည်းပေးနေရတာမို့  ကလေး ကို အရည်တွေ တိုက် တာက မမှား ပါဘူး။ ဒါပေမယ့် ကစားခုန်စား လုပ်နေ ချိန်တွေမျိုးမှာ တခြားဖြည့်စွက် အရည်တွေ တိုက် ကျွေးဖို့  မသင့်ပေဘူးလား။ 

 လေ့လာ ဆန်းစစ်ချက်တွေ အရတော့ မလိုအပ် ပါဘူးလို့ ဆိုပါတယ်။ ပုံမှန် ကလေး လူငယ် အားကစား သမားတွေ မှာ တောင် မှ ပုံမှန် စားသုံးနေတဲ့ ကျန်းမာရေး နဲ့  ညီညွတ်တဲ့ အစားအသောက်တွေ မှာ အရည် ဓာတ်က လုံလောက်အောင် ပါဝင်ပြီးသားမို့ပါ။ 

ရိုးရိုး သောက်ရေကို သာ များများသောက်စေခြင်း နဲ့ ဖြည့်စွက်နိုင်ပါတယ်။ အားကစား အပြင်း အထန် လုပ်နေ ချိန်တွေ မှာ ကိုပဲ မိနစ် ၂၀ မှာ တစ်ခါလောက် ရေသောက်စေတာ က လုံလောက်တယ် ဆိုပါတယ်။ လိုအပ်တဲ့ရေပမာဏ ကတော့ ကလေး ရဲ့ အသက်အရွယ်၊ ကိုယ်အလေး ချိန်၊ ကိုယ်လက် လှုပ်ရှားမှု ရဲ့ အတိုင်းအတာ နဲ့  ရာသီဥတုတွေပေါ် မူတည်ပါတယ်။


 
ကလေးက ရေရိုးရိုး ကိုသောက်ဖို့  ဘဝင် မကျလှဘူး ဆိုရင် ရေထဲ မှာ သံပရာရည်၊ လိမ္မော်ရည်လေး နည်း နည်း စွက်ထားတာမျိုး က သင့်လျော်ပါတယ်။ အနံ့ အရသာလေးနဲ့ ဆို ပိုပြီးသောက်ချင် လာမှာပါ။ ဆိုဒါတွေ၊ သကြား ဓာတ်ပါတဲ့ အရည်တွေ၊ ကဖင်းဓာတ် ပါတဲ့ အရည်တွေ ကတော့ ကလေးတွေ ကို မတိုက် ကျွေး သင့်ပါဘူး။ 

ကာဘွန် ပါဝင်တဲ့ အရည်တွေ က ရင်ပြည့် ရင်ကယ်လည်း ဖြစ်စေပါတယ်။  အတွေ့များ တဲ့ အထူးပြု  အချို ရည်တွေ အကြောင်း တစေ့တစောင်း ကြည့်ရအောင်ပါ။


အားကစား သမား အတွက် စီမံထားတဲ့ဖျော်ရည် တွေ ဒီမှာတော့ 100 Plus လို မျိုးတွေဖြစ်မှာပါ။ ဒါတွေက အချိန်ကြာမြင့်စွာ (တစ်နာရီထက်ပိုပြီး) ကိုယ်လက်လှုပ်ရှားလုပ်ထားတဲ့ ကလေးတွေ( ခရီး ရှည်ပြေးတာ၊ စက်ဘီး စီးတာ၊ ဘောလုံး၊ ဘတ်စကက် ဘော ကစားတာမျိုး) အတွက် အဆင်ပြေပါတယ်။ 

အဲဒီ အရည်တွေ မှာ ကစီဓာတ် (သကြားဓာတ်) ပါဝင် တဲ့ အတွက် ခန္ဓာကိုယ် က လတ်တလော ဆုံးရှုံးသွား တဲ့ စွမ်းအင်တွေ အမြန် ပြန်ရပါစေတယ်။ ဒါတင်မက ဒီ အချိုရည်တွေမှာက ပိုတက်ဆီယမ်၊ ဆိုဒီယမ်လို ဆားဓာတ်တွေ လည်း ပါဝင် တာမို့ ချွေးထွက် ဆုံးရှုံး သွားတာတွေကို ပြန်လည်ဖြည့် ဆည်းပေးနိုင်ပါတယ်။ 

ဒါမှလည်း ကြွက်သားတွေ အလုပ်လုပ်နိုင်မှာပါ။ တစ်ခု ရှိတာက ဒီ အရည်တွေက ချိုပါတယ်။ ကယ်လိုရီတွေ ပါဝင်ပါတယ်။ အားကစား လှုပ်ရှားမှု မရှိဘဲ သောက်သုံးတာက ကိုယ်အလေးချိန်တက်စေ ပါလိမ့်မယ်။ တက်ကြွ လှုပ်ရှားတဲ့ ကလေးဖြစ်ပြီး အသင့် အတင့်သောက်သုံး ရင် ပြဿ         နာ    မဟုတ်ပေမယ့် ဒီ တိုင်းသောက်နေရင်တော့ မကောင်းလှပါဘူး။ 

တစ်ကယ်တမ်း ကျတော့လည်း ပုံမှန် ကိုယ်လက် လှုပ် ရှား ပြုနေသူ အတွက်တောင် ဒီအချိုရည်တွေက လို အပ်တာ မဟုတ်ပါဘူး။ ရိုးရိုးရေ ကို သောက်ဖို့သာ အားပေးရမှာပါ။

ဗီတာမင် အားဆေးရည်များ
ဒီ အားဆေးရည်တွေ ကိုတော့ ကြံ့ခိုင် ဖို့၊ မြန် ဆန်ဖို့ ဆိုတာမျိုးတွေနဲ့ ညွှန်းပြီးဈေးကွက် တင်ကြလေ့ ရှိပါ တယ်။ အရောင်၊ အနံ့၊ အရသာ မျိုးစုံပေါင်းစပ်ပြီး ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ရြေွာပမ်းထားကြပါတယ်။ ဒါပေမယ့် အဲဒီဆေးရည်တွေ တိုင်းမှာ ကယ်လိုရီတွေ၊ အချို     အရသာတွေ၊ ကဖင်းဓာတ်တွေနဲ့ ခွန် အားတိုးစေတယ်ဆိုတဲ့ တိုင်းရင်းဆေးတွေ (ဂျင်ဆင်း လိုမျိုး) ထည့်သွင်းထားကြပါသေးတယ်။ 

ဒါတွေဟာ ကလေးတွေနဲ့ သင့်လျော် ရဲ့လား ဆိုတာကလည်း စဉ်းစားစရာပါပဲ။
ဗီတာမင် အားဆေးရည်တွေ က ကလေး အတွက် အာဟာရ ဖြည့်ဆည်းပေးနိုင်တယ်လို့ ထင် စရာရှိပေမယ့် တကယ်တော့လည်း ပုံမှန် အာဟာရ ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ပြင်ဆင် ထားတဲ့ ပုံမှန် အစား အသောက်၊ သရေစာတွေ က ရနေတာပဲ ဆိုတာ သတိပြုရမှာပါ။ 

ဒီ အားဆေးရည် တွေမှာ ကလေးတွေ အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် ဓာတ်တွေ ထည့်ထားတာမို့ ပိုကောင်းတယ် လို့ ထင်တတ် ကြပါတယ်။

ရံဖန်ရံခါ ကလေး က အစားမစား လို့၊ အားနည်းနေပုံပေါက် လို့ အားဆေး တစ်ခုခု တိုက်ချင်တယ်၊ ဘာဆေး တိုက်ရမလဲ ဆိုတာ ကလည်း ဆရာဝန်တွေ ကြုံရတတ်တဲ့ အကြံဥာဏ် တောင်းခံမှုပေါ့။ တစ်ကယ်တော့ လိုအပ်တဲ့ ပမာဏ ထက်ပိုတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ တိုက် ကျွေးတာက ကလေးရဲ့ ကျန်းမာရေး ကို ထိခိုက်စေတယ် ဆို တာ စွဲစွဲမြဲမြဲ မှတ်သားထားစေချင်ပါတယ်။ 

အားဆေးရည်တွေမှာ ပါတဲ့ တနေ့သောက် သုံးရမယ့် ဗီတာမင်၊ သတ္တုဓာတ်တွေ ရဲ့ ပမာဏ ဆိုတာ လူကြီးတွေ အတွက် ရည်ညွှန်းရေးသားထားတာ ကို သတိချပ်စေချင် ပါတယ်။

ကလေးတွေ အတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ ကို ရဖို့ အကောင်းဆုံး အရာ ကတော့ အာဟာရ မျှ တအောင် စီမံ ထားတဲ့ ပုံမှန် အစားအသောက်တွေပါ။ ဒါတွေ နဲ့ မလုံလောက်တဲ့ အခြေအနေ၊ ဥပမာ-နာ တာရှည်ရောဂါ တစ်ခုခုကြောင့် အာဟာရချို့တဲ့ နေ တာမျိုး ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ ညွှန်း ဆိုမှု အတိုင်း အားဆေးရည် တမျိုးမျိုး တိုက်ကျွေးသင့်တာပေါ့ ။

အားဖြည့် အချိုရည်များ
ဒီဖျော်ရည်တွေ (ကျွဲရိုင်း၊ ငါးမန်း လိုမျိုးတွေ) က ပေါ်ပြူလာ သိပ်ဖြစ်လာကြပါတယ်။ ပင်ပန်းတာ ပြေစေတယ်၊ ပိုပြီး ခွန်အား စိုက်ထုတ် အလုပ်လုပ်နိုင် တယ် ဆိုတဲ့  ကြော်ငြာ တန်ခိုးတွေလည်း ပါတာပေါ့။ အထူး သဖြင့်  အလယ်တန်း၊ အထက်တန်း ကလေးတွေ တစ်နည်း အားဖြင့် အပြိုင် အဆိုင် စိတ်အားကြီးတဲ့ အရွယ်တွေ အတွက် စိတ်ညွတ် စရာဖြစ်လာတာပေါ့။ 

တစ်ချို့ မှာတော့ ကလေးများသောက်သုံးရန် မသင့် လျော်ပါ ဆိုတဲ့ စာတန်းလေး ထိုးထားကြပေ မယ့် တွေ့ရ တာတော့ ရှားပါတယ်။  အင်အားပြည့်မယ်၊ အာဟာရ ရှိမယ်၊ အားကစားသမားတွေ အတွက် သင့်လျော် တယ် ဆိုတာမျိုးတွေ သာ ထင်းထင်းကြီး ရေးထားတတ်ကြတာကိုး။ 
 
တကယ်တော့ အဲဒီဖျော်ရည် အများစု မှာ သကြား နဲ့ ကဖင်း ဓာတ်တွေအရမ်းများ ပါတယ်။ တစ်ချို့ ဖျော်ရည် တစ်ဘူး မှာ ကော်ဖီ ၃ ခွက်စာ လောက် အထိ ကဖင်းဓာတ် ပါဝင်တာတွေ့ရပါတယ်။ သကြားတွေ အများကြီး ပါဝင်တာ ကလည်း အဝ လွန်စေဖို့ အကြောင်း တစ်ခုပေါ့။ 

ကလေး သူငယ်တွေ အတွက် ကဖင်းဓာတ် ပါဝင်မှုက ပြဿ        နာအများကြီး ဖြစ်စေ တာပါ။ တက်ြွကမှု ကို မပေးဘဲ ဆန့်ကျင်ဘက် အဖြစ် အာရုံ စူးစိုက်မှု ကိုပါ ထိခိုက်စေတာပါပဲ။ ကဖင်းဓာတ် လွန်ကဲတဲ့ ဆိုးကျိုးက ကလေးတွေ အတွက် မကောင်း တာကို သုတသနပြုချက်တွေအရ တွေ့ရှိတာကို မပြောပါနဲ့ဦး၊ သာမန် လူပြိန်းတွေးနဲ့ ကိုပဲ လူကြီး တယောက် ကော်ဖီသောက် များရင် ခံစားရတာ တွေနဲ့ ချိန်ဆကြည့်လို့ ရတာပါပဲ။ 

ကဖင်းဓာတ် က စိတ်ြွ ကနှိုးဆွ တဲ့ အာနိသင် ရှိတာမို့ ကလေးလူငယ်တွေ မှာ ပိုပြီးခံစားရပါတယ်။
လူကြီးတွေ ကဖင်းဓာတ် အလွန်အကျွံ သုံးစွဲမိရင်ကိုပဲ ဂနာမငြိမ်ဖြစ်တာ၊ ဝမ်းထဲမှာ မအီ မသာ ဖြစ် တာ ၊ ခေါင်းကိုက်တာ၊ အာရုံ စူးစိုက်ဖို့  ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဆီး ခဏခဏ သွားတာတွေဖြစ်လာ တာပါ။

ကဖင်းဓာတ် အများကြီး သုံးစွဲ တာနဲ့ အမျှ နှလုံး ခုန်မြန်တာ၊ သွေးတိုးတာ၊ ကယောင်ချောက်ချားဖြစ် တာနဲ့ တက်ချက်တာတွေ အထိ ဆိုးရွားစွာ ခံစားရ တတ်ပါတယ်။ အထူး သဖြင့် ကလေးတွေ နဲ့ နာတာရှည် ရောဂါ အတွက် ဆေးဝါးသောက်သုံးနေရသူ တွေမှာ ပိုထိခိုက်တာပါ။

အဓိက ဆိုလိုချင် တာကတော့ အားဖြည့် ဖျော်ရည်တွေ၊ အား ဆေးရည်တွေ၊ အချို ရည်တွေ က ကလေးတွေ အတွက် သိပ် အန္တရာယ် ကြီးတယ်ဆိုတာ သိစေ ချင်တာပါပဲ။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ အတွက် အချိုရည်တွေ ရဲ့ ဆွဲ့ဆာင်မှု ကို ရှောင်ကြဉ်နိုင်အောင် သတိပေးစေချင်တာပါ။ 

ကလေးငယ်တွေ သာမက အားကစား သမားတွေ၊ ပင်ပန်းတဲ့ အလုပ် လုပ်ရသူတွေပါ ဒီ အချိုရည်တွေကို မှီခိုတာမျိုးထက် အဟာဟာရပြည့်ဝ တဲ့ အစားအသောက်တွေ စားတာ၊ ရေများများ သောက်ပေး တာတွေက လိုအပ်တဲ့ ကျန်းမာကြံ့ခိုင်မှုကို ရရှိစေ နိုင်တယ်ဆိုတာ သိစေချင်တာပါ။ 

ပုံမှန် ကျန်းမာနေ သူတွေ အဖို့လည်း အားဆေးရည်တွေ ဖြည့်စွက်သောက်သုံး နေစရာ မလိုဘူး ဆိုတာ သတိချပ်စေချင် တာပါ။

အားဖြည့် အချိုရည်တွေ၊ ဖျော်ရည် မျိုးစုံတွေရဲ့ ကြော်ငြာ စာသားတွေ၊ ပုလင်းတို့၊ ဘူး တို့ အပေါ်က ညွှန်းဆို ထားတဲ့ ကျန်းမာ သန်စွမ်း၊ အင်အား တိုးစေ မယ် ဆိုတဲ့ ဆွဲဆောင်မှုတွေနောက် မလိုက် ပါကြဘဲ လိုအပ်ရင် လည်း တတ်ကျွမ်းတဲ့ ဆရာဝန် ရဲ့ ညွှန်းဆိုမှု အရသာ သောက်သုံးကြစေချင်တာပါ။

ယဉ်ကျေးမှု တစ်ခု လိုမျိုး အချိုရည် နဲ့ တည်ခင်း ဧည့်ခံတာ၊ ကလေးတွေ ကို အားဆေးရည်တွေ တိုက်ကျွေးနေ တာ၊ အပန်းပြေအောင် ဆိုပြီး ပင်ပန်းတာ မလုပ်ဘဲ အချိုရည်တွေ လှိမ့်သောက်နေတာ စတဲ့ အမူ အကျင့်တွေ ပြောင်းလဲစေချင်ကြောင်း ထပ်လောင်း အသိပေးလိုက်ပါရစေ။


 ဒေါက်တာသက်ဦး
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment