24 March 2016

ညီမလေးရေ ... မိုးတွေသည်းနေတယ်





(၁)

ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေး ပုံဖော်မိတဲ့ အတွေးထဲ..
နွေးနွေးထွေးထွေးမှ ရှိရဲ့လား ..

(၂)

ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းရုံ တစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါ အရာတစ်ခု မဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်...........

(၃)

တချို့တွေက ရိုင်းတယ်
ကောက်ကျစ် တဲ့ မာယာ မျက်နှာ ဖုံးတွေနဲ့
အပြုံး ချိုချိုတွေ ကိုယ်စီ ချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
ငါ့... ညီမလေးရေ
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်.............

 
(၄)

လှိုင်း ဘယ်လောက်ကြီးကြီး...လှေအောက်ရောက်စမြဲ
ဇွဲကြီးသူတို့ဟာ အောင်ပွဲခံ စမြဲတဲ့
ဆင်းရဲ...ချမ်းသာ..ဒီနှစ်ဖြာကြား
ဗျာများ မနေစေနဲ့
တစ်ချိန်... တို့အားလုံးရဲ့ မရဏ ပန်းတိုင်မှာ
ဘယ်လိုမှတ်တမ်းမျိုး ကို ရေးထွင်း ချင်ခဲ့သလဲ
ဘယ်လိုမှတ်တိုင်မျိုး ကို စိုက်ထူချင်ခဲ့သလဲ
ခပ်ရဲရဲသာတွေးဖို့ လိုတယ်..............

(၅)

ညီမလေးရေ...
အချစ် ဆိုတာကိုလည်း အလွယ် မယုံနဲ့
အလွယ် ယုံလို့...ပုံမှား မိသူတွေ
ပြောင်းလဲတတ်တဲ့ ၁၅၀၀ သဘောတရားမှာ
ညီမလေးတစ်ယောက်...အလိုက်သင့်မှ စီးမျောနိုင်ရဲ့လား
ရင်ခုန်ခြင်းကို ဘ၀ ဆိုတဲ့ အသိနဲ့ ထိမ်းချုပ်လို့
အချစ်နဲ့ ဦးနှောက် ကို ညီမျှခြင်းချ
အတည်တကျ..ချစ်ခြင်းနဲ့သာ ဆုံဆည်းရစေ

 
 
(၆)

ညီမလေးရေ....
စိတ်ပျက်ဝမ်းနည်းမှုတွေကြုံတိုင်း
ကောင်းကင်ကြီးကိုမော့ကြည့်လှဲ့
ဟိုးမှာ..ဖြာလင်းနေတဲ့ သက်တန့်ရောင်စဉ်တွေ
ဘယ်တော့မှ အရှုံးမပေးဘူး
ဘယ်တော့မှ ဒူးမထောက်ဘူး
ဘယ်တော့မှ.......
ဘယ်တော့မှ........
တို့ဘ၀တွေကို အရှုံးမပေးဘူး...............

(၇)

ခပ်လွယ်လွယ်နဲ့တော့
အဖိုးတန် မျက်ရည်တွေကို မကျမိစေနဲ့
ဘ၀တိုင်းမှာ စုတ်ချက် ဒါဏ်ရာတွေ ဆိုတာရှိတယ်
ပိုက်ဆံ .. ဂုဏ် .. ဓန နဲ့ ဒီဖျားယောင်းမှုတွေက
လူတွေရဲ့ စိတ်ဓာတ်ကိုသေးသိမ်စေတယ်
ဘ၀ ဆိုတာကိုက..သတိ တစ်ချက်လွတ်တာနဲ့
ဟိုး...ချောက်နက်ထဲ...ကျဆင်းသွားတတ်တယ်.............

(၈)

ညီမလေးရေ
ပန်းကလေးတွေ ပွင့်ဖူးတိုင်း
ပျားပိတုန်းတွေ ရစ်ဝဲလေ့ ရှိတယ်
အိမ်ထောင်ပြုခြင်း ဆိုတာ
လွတ်လပ်ခြင်း တစ်ဝက် ဆုံးရှုံးပြီး
တာဝန် နှစ်ဆ ပိုယူရတဲ့
လူနှစ်ဦးပေါင်းစပ်ခြင်းဖြစ်တယ်
ခပ်လွယ်လွယ်လေး မတွေးနဲ့
ဒါဟာ..ဘ၀ ရဲ့အစ သာဖြစ်တယ်............

(၉)

မွန်းကြပ်မှုတွေ ကြုံလာတိုင်း
လရောင်အောက်ကို ထွက်လာလှဲ့
ကြယ်လေးတွေ သီချင်းဆိုလို့
လမင်းဟာ အမြဲပြုံးတယ်..
ဓမ္မ နဲ့ အဓမ္မ ကို အတူယှဉ်တွဲ
အမှန်တရား ကို သိအောင်ကြံ
တကယ့် ရန်သူက လောဘ
မော ဟ နဲ့ မာန်မာန ကိုပယ်
စကားကိုလည်း မလွယ်နဲ့
တရားကိုလည်း မပယ်နဲ့
ဒုက္ခနဲ့ သုခ ကို ညီအောင် ညှိလို့
ငါ့...ညီမလေး ငြိမ်းချမ်းပါစေ

(၁၀)

တစ်သွင်သွင် စီးဆင်းနေတဲ့ စမ်းရေတွေကြား
ရေလှိုင်းသံလေးတွေ တေးသီဆိုနေကြတယ်
အခက်အခဲ ဆိုတာကို ပျက်ရယ်ပြုလို့
ညီမလေး တစ်ယောက် အေးချမ်းပါစေ
ဘ၀အမောတွေ ကိုမျက်ကွယ်ပြုလို့
ညီမလေး တစ်ယောက် ချမ်းမြေ့ပါစေ
အလှတရားတွေ ပေါကြွယ်ဝလို့
ညီမလေး တစ်ယောက် လင်းလက်ပါစေ ...

 
 
 
သက်တန့်ချို
 

No comments:

Post a Comment