08 March 2016
ကန်တော့ပွဲ ၊ ဝေဖန်သူများနှင့် ဣဿာ မစ္ဆရိယ
ဒေါက်တာဒီမိုဆိတ်ဖွား's photo.
၅.၃.၂၀၁၆ (စနေနေ့) ညနေ ၅ နာရီ မှာ သမ္မတကြီး ဦးသိန်းစိန် ကို ချစ်ခင်လေးစားကြတဲ့ နိုင်ငံ အနှံ့ အပြား က လူငယ်တွေ စုပေါင်းပြီး ဂါရ၀ပြု  ကန်တော့ခဲ့ကြတယ်။ (လူငယ်တွေ ပေါင်းလုပ်တဲ့ ပွဲ ဆိုပေမယ့် တစ်ချို့ဒေသ က လူကြီးတွေ ပါ တက်ရောက် ဂါရဝပြုကြတာကို တွေ့ခဲ့ရပါတယ်)
ဒီ ရည်ရွယ်ချက် ကို စတင် အကောင်အထည်ဖော်ခဲ့တဲ့သူ က"ကျောင်းပြောင်းသွား တဲ့ ကျောင်းအုပ်ကြီး ကို
နှုတ်ဆက် ကန်တော့ကြ တဲ့ သဘောပါပဲ" လို့ ရှင်းရှင်း လင်းလင်း ပြောခဲ့ပေမယ့် ထင်ထားတဲ့ အတိုင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တည့်တည့် တစ်မျိုး၊ သွယ်ဝိုက်ပြီး တစ်ဖုံ ဝေဖန် ကဲ့ရဲ့တာတွေ
ကို မြင်နေရတယ်။
"အခွင့် အရေး လိုချင်လို့ လုပ်တာပါ" လို့ အပြော မခံချင်လို့ သမ္မတကြီး အနားယူခါနီးမှ ကန်တော့ကြတာဖြစ်
တယ်။ အနယ်နယ် အရပ်ရပ် က ဂါရဝပြုချင်တဲ့ သူတွေ ကလဲ မအားတဲ့ကြားက အလုပ်တွေကို ပစ်ပြီး လာ ခဲ့ကြတယ်။ (တစ်ချို့ဆို စနေမနက် မှ ထွက်လာကြပြီး ကန်တော့ပွဲပြီးပြီးချင်း အားချင်းပြန်သွားကြရတာ)
ကိုယ့်ဒေသက ထွက်တဲ့ (တန်ဖိုး မကြီးတဲ့) အသီးအနှံတွေ ၊ ပစ္စည်းတွေ ကို လက်ဆောင် အဖြစ် ယူလာ ကြ တယ်။ ဒါကို အသိအမှတ်ပြုတဲ့ သမ္မတကြီး ကလဲ သူ့လက်မှတ် ပါတဲ့ သော့ချိတ်နဲ့ လက်ကိုင်ပုဝါလေး တစ်ထည်စီ ကို လာတဲ့သူတိုင်းကို လက်ဆောင်ပြန်ပေးခဲ့တယ်။
 ဒေါက်တာဒီမိုဆိတ်ဖွား's photo.
အခမ်းအနားမှူး က သမ္မတကြီးရောက်လာတဲ့ အခါ မိမိနေရာ မှသာ ကြိုဆို ကြဖို့ ကြိုပြီးတောင်းပန် ထားပေမယ့်လည်း တစ်ကယ်တမ်းရောက်လာလို့ လူတွေကို လိုက်နှုတ်ဆက်တဲ့ အချိန်မှာ
သမ္မတကြီး ကို ဓာတ်ပုံ ရိုက်တဲ့ သူကရိုက်၊ selfie ဆွဲတဲ့ သူကဆွဲ ၊နှုတ်ဆက် စကားပြောတဲ့သူကပြောနဲ့ လူအုပ်ကြီးဖြစ်သွားတယ်။
သမ္မတကြီး ကလဲ ဓာတ်ပုံလာရိုက်သမျှ လူတွေကို သူ့ဝသီ အတိုင်းပြုံးပြုံးကြီး ပြန် အရိုက်ခံနေတဲ့ အတွက် အခမ်းအနားမှူး က မိုက်နဲ့ကြေငြာပြီး လူစု ခွဲခိုင်းရတယ်။
မကန်တော့ခင် မှာ ကျေးဇူးတင် စကားပြောတဲ့ သူရယ်၊ ကန်တော့ဖို့ ကန်တော့ချိုး တိုင်ပေးတဲ့ သူရယ် သူတို့တွေ ရဲ့ ထိမိ လှတဲ့ စာသား ၊ပြောင်မြောက် လှတဲ့ စကားတွေကြောင့် ယောကျာ်း ရင့်မာတွေတောင်
မျက်ရည် ဝဲချင်စိတ် မနည်း ထိန်းခဲ့ရတယ်။ 
တစ်ချို့ အမျိုးသမီးတွေ မျက်ရည် ကျခဲ့တယ်။ (ကိုယ်တိုင် တက်ရောက် ခဲ့တဲ့သူတွေ အဲ့ဒီ ခံစားချက် ကို ကောင်းကောင်း နားလည် လိမ့်မယ်) ကိုယ်တွေတင်ဖြစ်တာ မဟုတ်ဘဲ သမ္မတကြီး ကိုယ်တိုင် ရင်ထဲက ခံစားချက်တွေကို သူသေချာ စီ လာတဲ့ ကျေးဇူးတင် စကား မပြောခင်မှာပဲ ပီတိဖြစ်လွန်းလို့ ဆိုပြီး ပြော တဲ့ စကားတွေကြားရတဲ့ အခါမှ စိတ်ခိုင်ပါတယ် ဆိုတဲ့ယောကျာ်းသား တစ်ချို့ မျက်ရည်ကျကြတယ်။
သမ္မတကြီး မှာတဲ့ စကားက ရှင်းတယ်။  အတိုချုပ်ပြောရရင်   ရိုးသားပါ  ။ ကြိုးစားပါ  ... ဒါပဲ။
ကန်တော့ပွဲပြီး လို့ သမ္မတကြီး က တည်ခင်း ဧည့်ခံတဲ့ ညစာ စားပွဲရောက်တော့ သမ္မတကြီး နဲ့ ဇနီး၊ ဒုသမ္မတ များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့  စားပွဲဝိုင်းမှာ လူငယ် ကိုယ်စားလှယ် သုံးဦး တစ်ဝိုင်းထဲ ထိုင် စားခွင့်ပေး ခဲ့တယ်။ (ညစာ  စားပွဲ  လုပ်လို့ နိုင်ငံတော်  ဘတ်ဂျက် အလကား  ကုန်တယ် လို့ ပြောကြ သူများ ကို ပြောချင် တာကတော့ ညစာ စားပွဲကို သမ္မတကြီး ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကျွေးတာပါ။ 
ဒီလောက် အများကြီး ဟုတ်လို့ လား လို့ ထပ်တွေးနေသေးရင် နိုင်ငံတော်  သမ္မတ  ရတဲ့လစာ ဘယ်လောက် လဲ ဆိုတာရယ်၊ လူ  ၂ထောင်လောက် ကို ဒံပေါက် နဲ့ အအေး တိုက်တာ ဘယ်လောက် ကုန်မလဲ ဆိုတာရယ် တွက်ကြည့် ပါလို့ ပဲ ပြောချင်ပါတယ်)
ညစာစားပွဲ အပြီး သမ္မတကြီး ပြန်ခါနီးမှာ မီးတွေ ဗြုန်းခနဲ ပိတ်သွားတယ်။ အဲ့ဒီ အချိန်မှာ တက်ရောက်
လာ ကြတဲ့ လူငယ်တွေ ကိုယ်စီက သူတို့ ရဲ့လက်ကိုင်ဖုန်း flash မီးလေးတွေ ထွန်းပြီး သမ္မတကြီး ကျန်းမာ ပါစေ လို့ သံပြိုင် ဟစ်ကြွေးနှုတ်ဆက် ခဲ့တယ်။
မပြန်ခင် သမ္မတ ၊ ဒု သမ္မတများ၊ ဝန်ကြီး များနဲ့ ဓာတ်ပုံတွေ ရိုက်ကြ ၊selfie ဆွဲကြ  နဲ့ ကြည့်ရတာ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းတွေ နှုတ် ဆက်နေကြ သလိုပဲ။  (ပိုပြီး  ထူးခြားတာက တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူး၊ စိတ်ကူး မယဉ်ခဲ့ ဖူးတဲ့ ကာချုပ်နဲ့ selfie ဆွဲတာ ကိုပဲ)
တစ်ကယ်တော့ ကျွန်တော်တို့ တက်ရောက် ခဲ့တဲ့ ပွဲက နိုင်ငံ မှာ ရာထူး၊ အာဏာ အကြီးဆုံးဖြစ်တဲ့ ဥသျှောင် တစ်ယောက် ကို ကန်တော့ ခဲ့တဲ့ပွဲပါ။
ဒါပေမယ့် ကျွန်တော်တို့ စိတ်မှာ ရာထူး ၊ အာဏာ ကို မကြည့်ဘဲ ပါတီစွဲ မရှိဘဲ ဦးသိန်းစိန် ဆိုတဲ့ သူကို ကန်တော့ ခဲ့ကြတာ။
တပ်မတော် မှာ ဗိုလ်ချုပ်ကြီး အဆင့်ထိ  ၊နိုင်ငံရေး  မှာ သမ္မတ အဆင့်ထိ တာဝန် ယူခဲ့ပေမယ့်ကိုယ်ကျင့် သိက္ခာ နဲ့ ရိုးသားမှု အပိုင်းမှာ သူများတွေလို နာမည်ဆိုး မရှိခဲ့တဲ့ အတွက် စံတင် လေးစား အားကျလွန်းလို့
သူ့ရဲ့ ရိုးဂုဏ်လေး ကို အသိအမှတ်ပြု  အရိုအသေပေးခဲ့ကြတာပါ။
ဒါကို တစ်ချို့ တစ်ချို့သော သူများက မုဒိတာ မပွားနိုင်ဘဲ ဝိုင်းပြီး ပြစ်တင်၊ ဝေဖန်၊ ကဲ့ရဲ့နေကြတာကိုမြင်နေရ
တော့ သူတို့ကို အံ့သြမိပါတယ်။ သူတို့ စိတ်ထဲမှာ ဒါဟာ အသက် ၇၀ အရွယ် အဖိုး တစ်ယောက်ကို ကန်တော့နေကြတာပဲ လို့တောင် မမြင်ပေးနိုင်ကြရှာဘူး။
ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံဘူးဖြစ်စေ၊ ဦးသိန်းစိန် ဟာ ရာထူး အရကော၊ အသက် အရွယ် အရပါ ကြီးမားတဲ့ သူဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ လူမျိုး တစ်ယောက်အနေနဲ့ မိမိထက် အသက် အရွယ် ကြီးမြင့်သူ ရာထူး ဂုဏ် ကြီးမြတ်သူကို ဂါရဝပြုတာ  မင်္ဂလာ တစ်ပါးပါ။  ဖတ်ဖူးတဲ့  စာတစ်ပုဒ်ထဲ က အတိုင်းပြောရရင်  မိုး ကတော့ သူ့ဘာသာသူ ရွာတာပါ။  မိုးရွာ  လို့ ပန်းကလေးတွေ လန်းဆန်းစေတယ်။  လယ်ကွင်းတွေ စိမ်းမြစေတယ်။ ပူလောင်တဲ့ သူတွေ အေးချမ်းစေတယ်။ ညစ်ပေနေတဲ့  သူတွေ သန့်စင်စေတယ်။  
ဒါပေမယ့် အနာ ရှိတဲ့ လက်တွေ  ကတော့ မိုးရေ  ထိရင် စပ်  ပါလိမ့်မယ်။ ကျွန်တော်တို့ က သမ္မတ အိမ်တော် မှာစေတနာမိုး ၊ မေတ္တာမိုးတွေ ရွာသွန်းဖြိုးခဲ့ တာပါ။  ဒါကို တစ်ချို့လူတွေ (တစ်ချို့ဆို တခြားနိုင်ငံ က) ကိုယ့် အိမ်မှာ၊ ကိုယ့် အလုပ်မှာ နေကြပြီး အဆီ ဗူး ဆတ်ဆလူးခါ နာနေ စပ်နေကြတာကို အံ့သြ စွာတွေ့ရ ပါတယ်။
ကျွန်တော်တို့ လုပ်ရပ် မမှန်ကန် ခဲ့ရင် မဖြူစင် ခဲ့ရင် ခင်ဗျားတို့ အပြစ်ပြောနေစရာ ကို မလိုပါဘူး။
အကုသိုလ် က အကျိုးပေးပါ လိမ့်မယ်။  ကျွန်တော်တို့ မှန်နေ ရဲ့သားနဲ့ မနာလို မရှုစိမ့်ဖြစ်ပြီးဝိုင်းပြီး အပုတ်ချ၊ ပြောဆိုနေကြရင်လဲ ဒယ်အိုး ပဲ ဆိုတာတော့ သတိပေးပါရစေ။
မကျေနပ်ရင် အပြစ်ရှာ ဝေဖန်နေမယ့် အစား ကိုယ်လေးစားတဲ့ ကိုယ်ချစ်ခင်တဲ့ သူကို စုပြီး သွားကန်တော့ ကြ ပါ လို့ပဲ အကြံပြုချင်ပါတော့တယ်။
ဒါကို "မ"တာ လို့  ဝိုင်းပြီး ချီးကျူးထောပနာ ပြုကြရင်လဲ  ဒီမိုကရေစီ ခေတ်ကာလဖြစ်တဲ့ အတွက်
စိတ် ကြိုက် "ခြုံ" ခွင့် ရှိသလို  စိတ်ကြိုက် "မ" ခွင့် ရှိပါတယ် လို့ပဲ ပြောပါရစေ။
သမ္မတကြီး ဦးသိန်းစိန် နှင့်  ဇနီး  သက်ရှည်  ကျန်းမာ ဘေးကင်းကွာပြီး  သာယာချမ်းမြှေ့ပါစေ။
ငါ  နဲ့ မတူ ငါ့ရန်သူ လို့  မသတ်မှတ် တတ်တဲ့
ကိုထွန်း
6.3.2016 (SUN)
သမ္မတကြီး ကန်တော့ပွဲ မှ အပြန် ကျေနပ် ဝမ်းသာ ပီတိဖြစ်စွာဖြင့် ရေးသည်။
ဒေါက်တာဒီမိုဆိတ်ဖွား
No comments:
Post a Comment