ဘယ်တက္ကသိုလ် ဘယ်ကောလိပ်မှ တက်တာ မတွေ့ရတော့ အဲဒီ နယ်ဘက်ကို သွားမဲ့ ပညာမင်းကြီး ထင်ပါရဲ့(ထားပါတော့ ပညာရေး တာဝန်ရှိ ရာထူးကြီး တစ်ယောက်ပေါ့) အဲဒီကျောင်းသား ရဲ့လိပ်စာပေးပြီး စုံစမ်းစေခဲ့သတဲ့။
ကျွန်တော်ပြောနေတာ ပုံပြင် မဟုတ်ပါဘူး ။မြန်မာနိုင်ငံ မှာ တစ်ခါ က တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ပညာရေးမှာ ထူးချွန်မဲ့ကျောင်းသား အပေါ်ကြောင့်ကြမဲ့ မနေခဲ့တဲ့ ပညာရေးဝန်ကြီး တကယ်ရှိခဲ့ပါတယ်။ အဲဒီကျောင်းသားလေးကို ဘယ်သူလို့ ထင်ကြလဲ။ ကန်မြဲ ဇဂျမ်းသားလေး ဆရာတင်မိုး ပါ။
ဆရာတင်မိုး ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးထဲက အော်ဟစ် ရွတ်ဆို ခဲ့ကြတဲ့ ကလေး ကဗျာ တို့ရဲ့ ဖန်တီးရှင် ။မြန်မာ စာ မြန်မာ ကဗျာ တစ်ခေတ်ကို ထူထောင်ခဲ့တဲ့ ဆရာပါ။ ဆရာဟာ ကဗျာ ကိုချစ် သလို မြန်မာ ကို လည်းနှစ်နှစ်ကာကာ ချစ်ရှာခဲ့သူပါ ။နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် လှုပ်ရှားခဲ့ကြတဲ့ ဒီမိုကရေစီတော်လှန်ရေးမှာရှေ့တန်း က ပါဝင်ခဲ့သူပါ။
အဲဒီ အတွက် သူချစ်တဲ့မြေမှဝေးရာကို ထွက်ခွာ ခဲ့ရသူပါ။ သူ့မြေကို သူပြန်လာချင်ခဲ့ပေမဲ့ မလာနှိင်တော့တဲ့ အဖြစ်ကြောင့် ဆရာ့ကို ဒီအချိန်မှာ သတိတရ အလွမ်း သည်းနေမိပါတယ်။
"ဆရာတင်မိုး မဆုံးခင် ၂၀၀၆ ခုနှစ်လောက် က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားခဲ့ပါတယ်။ အဲဒီမှာနေတဲ့ မနက် တိုင်းမှာ ဆရာဟာမြန်မာနိုင်ငံ တည်ရှိရာကို နယ်စပ် ကနေငေး ငေးပြီးမျှော်ကြည့်နေ တတ် တယ်။ ဆရာက သူ ချစ်တဲ့မြန်မာနိုင်ငံကို လွမ်းနေတာပါ။
သူ့အနေနဲ့ ကိုယ့်နိုင်ငံ ကိုပြန်ချင်ပေမဲ့ အခြေအနေ အရပြန်ခွင့် မရခဲ့လေတော့ တစ်ဖက်နိုင်ငံ နယ်စပ် ကနေမျှော် ကြည့်ရင်း လွမ်းမော တသ ခံစားနေခဲ့ရတာပါ" ဆရာအောင်ဝေး ရဲ့လေလှိုင်း က အသံလွှင့်ချက် ကို နားထောင်ရင်း အိမ်လွမ်းစိတ် နိုင်ငံလွမ်းစိတ်တွေ နဲ့ငေးရီနေမယ့် ဆရာ့ပုံရိပ်ကို အတွေး အာရုဏ်မှာ ထင်မြင်ပြီး စိတ်မကောင်းလိုက်တာ ဆရာရယ်။
အညာသားတွေ ဆိုတာ ရပ်ရွာကို ပိုချစ် တတ်လေတော့ ကန်မြဲ ဇဂျမ်းသား ဆရာ့ ရင်ထဲမှာ အလွမ်းရိပ်တွေ ဘယ်လောက်ပြည့်သိပ်နေခဲ့မလဲ ဆရာ။
နယ်စပ်မျဉ်း အနားကမျှော်ငေးရုံမှ တစ်ပါးခြေတစ်ဖဝါးမှ မချခဲ့ရတဲ့ ဆရာ့ကို ဒီလိုအချိန်မှာ အရမ်းကို လွမ်းမိ ပါတယ်။ ဓမ္မ က အဓမ္မ ကို အနိုင်ရလို့ ဆရာပြန်ခွင့်ရချိန် ကနောက်ကျခဲ့ တာလား ဆရာ ထွက်ခွာ သွားခဲ့ချိန် ကစောလွန်းနေခဲ့ တာလား။ ဆေးလိပ်တိုချိန် နေညိုချိန် က စောလွန်းလှပါတယ်။
ဆရာ့ရဲ့ "ပြည်ပြေး" ကဗျာလေးကို ဖတ်ပြီး သတိရနေမိပါတယ် ဆရာ။ ဆရာရောက်ရာ ဘဝ က ကျေနပ်နှိင် လိမ့်မယ် ထင်ပါတယ်။ ဆရာတို့ဖောက်ခဲ့တဲ့ လမ်းနောက် မရောက်ရောက်အောင် ကျွန်တော် တို့လျောက်ပါ့ မယ် ဆရာ။ အေးချမ်းစွာ နားနေပါတော့ ဆရာ။
"ပြည်ပြေး"
ငါ့ယာခင်းရဲ့
နှင်းစက်မြက်ဖျား
ပေါင်းပင်ကြားမှာ
ထွန်သွား ကလေးနဲ့ ထွန်ချင်တယ်။
မြေသားရဲရဲ
ပဲနှမ်းကြဲလို့
ကန်မြဲ ဇဂျမ်း မှာပျော်ချင်တယ်။
ချိုးကူသံကြား
ငှက်ခါး တွန်သံ
စာကလေးပျံတဲ့
သာလာယံမှာ အိပ်ချင်တယ်။
နေ့လယ်နေ့ခင်း
ကျောလျားခင်းကာ
ထမင်းလုံးစီ
တရေး မှီပြီး
လက်ဖက်ရည် ဝိုင်း
သဂြိင်္ုဟ် ဝိုင်းမှာ
မိုင်းခိုင်း ပိဋကတ်
စာတတ် လယ်တီ
တောမှီ သစ်ချ
ပဏ္ဍိတ တို့
ကျမ်းစ တိုထွာ
ငြင်းစရာ ကို
ရွတ်ကာ ရွတ်ကာ
ဟန် ပါပါနဲ့
အဘိဓမ္မာပွဲ နွှဲချင်တယ်။
ညနေညိုတော့
ဆရာအို ရဲ့
ဘင်ဂျို အတော
တယော ဗုံသံ
စိတ်ရွှင်မြူးပြီး
ဘုရား ဖူးချိန်
စိတ်ကို ငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ်။
မနက်လင်းတော့
ထမင်းကြမ်းခဲ
လွေးမြဲ အစာ
လွေးပြီး ခါမှ
နွားပြာ တစ်ရှဉ်း
ထွန် တစ်စင်းနဲ့
ယာခင်း ယာထွန် သွားချင်တယ်။
ယခုအခါ
ငါ့ရွာနဲ့ဝေး
ပြည်ပြေး တိုင်းခြား
ငါရောက် သွားပေါ့
ဘာများ တတ်နှိင်မှာလဲကွယ်။
. .(၁/၃/၂၀၀၀)
U Tin Htay
·
No comments:
Post a Comment