20 July 2020

ဝါဆိုလပြည့်နေ့- ဓမ္မစင်္ကြာ အခါတော်နေ့





ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာ အခါတော်နေ့ဖြစ်ပေသည်။ ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓုပ္ပတ္တိတွင် ဝါဆို လပြည့် နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋိသန္ဓေတည်တော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊
ပဉ္စဝဂ္ဂီ ငါးဦး တို့အား တရားဦးဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူသောနေ့၊ တာဝတိံသာ နတ်ပြည်တွင် သတ္တမ ဝါဆိုတော်မူသောနေ့ စသည့်ဖြင့် ထူးခြားလျက်ရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပေသည်။


မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ ဆည်းဆာနေအဝင် လထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ ဣသိပတန မိဂဒါဝုန်ဥယျာဉ်တွင် သုံးလူ့ထွက်ထား ဂေါတမမြတ်စွာဘုရားသည် “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာ တရားထူး တရားမြတ်ကို အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်ခဲ့သည်။

ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားသည် မဇ္ဈိမပဋိပဒါ အလယ် အလတ် ကျင့်စဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး အစုတရားဖြစ်၍ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်သည့် လမ်းစဉ် ဖြစ်ပေသည်။


ဤမဂ္ဂင်ရှစ်ပါး အစုတရားများမှာ ....


(၁)။ သမ္မာဒိဋ္ဌိ- ကောင်းစွာသိမြင်ခြင်း။
(၂)။ သမ္မာသင်္ကပ္ပ- ကောင်းစွာကြံစည်ခြင်း။
(၃)။ သမ္မာဝါစာ - ကောင်းစွာပြောဆိုခြင်း။
(၄)။ သမ္မာကမ္မန္တ - ကောင်းစွာပြုခြင်း။
(၅)။ သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း။
(၆)။ သမ္မာဝါယာမ- ကောင်းစွာအားထုတ်ခြင်း။
(၇)။ သမ္မာသတိ - ကောင်းစွာအောက်မေ့ခြင်း။
(၈)။ သမ္မာသမာဓိ- ကောင်းစွာတည်ကြည်ခြင်း။ တို့ပင်ဖြစ်ပေသည်။



လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော် ဝါဆိုလပြည့်တွင် ဘုရား ရတနာတည်းဟူသော ဂေါတမမြတ်စွာ ဘုရားသည် ကိုယ်တော်အရှင်မြတ်၏ လမ်းစဉ်ဖြစ်သည့် တရား ရတနာတည်းဟူသော ဓမ္မစကြာ ဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့၍ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိ တည်းဟူသော ပဉ္စဝဂ္ဂီ ငါးဦးတို့သည် သံဃာရတနာများဖြစ်ခဲ့ကြသည်။


လောကသုံးပါးတွင် အတုလံအတုမရှိ ကိုယ့်ကျိုးစွန့်လွှတ်တော်မူနိုင်သည့် ဂေါတမမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာသတ္တဝါအပေါင်းတို့အပေါ် မဟာကရုဏာတော်ရှေ့ထားပြီး ဒုက္ခဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါး မဇ္ဈိမပဋိပဒါကျင့်စဉ် တရားကိုဟောကြားတော်မူခဲ့သည်ဖြစ်ရာ ဤမဂ္ဂင်ရှစ်ပါး မြတ်တရားသည် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အတွက် များစွာ အကျိုးပြုသည့် တရားတော်၊ ထူးခြားလေးနက်သည့် တရားတော်ဟူ၍ ဗုဒ္ဓဘာသာဝင်များ ယုံကြည် သက်ဝင်လျက်ရှိနေကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်လွန် လာခဲ့ပြီဖြစ်ပေသည်။


ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မစကြာဒေသနာတော်တွင် ပါဝင်သည့် အစွန်းတရား နှစ်ပါးကို အမြဲရှောင်ကြဉ်ပြီး မဇ္ဈိမပဋိပဒါကျင့်စဉ်မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါးတရားတို့ကို အမြဲမပြတ် နှလုံး သွင်းကြမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ အဖို့ လောကီနှင့် လောကုတ္တရာတွင် နှစ်ဖြာသော အကျိုးကို ဖြစ်ထွန်းစေမည်သာ ဖြစ်ပေသည်။


သို့ဖြစ်ရာ ဗုဒ္ဓ ကိုယ်တော်ရှင်မြတ် ထံပါး၌ ပဉ္စဝဂ္ဂီငါးဦး တို့သည် ဓမ္မစကြာဒေသနာတော်ကို နားကြားရ၍ ဥာဏ်အလင်းပေါက်မြောက်ခဲ့ကြသည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များသည်လည်း ဝါဆိုလပြည့် ဓမ္မစကြာ အခါတော် နေ့တွင် ကောင်းစွာ နှလုံးသွင်းဆင်ခြင် ကျင့်ကြံအားထုတ်နိုင်ကြစေရန် ရည်သန်ရေးသား လိုက် ရပေသည်။


စာဖတ်သူ အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍

လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။

မေတ္တာဖြင့်  .....

ဒေါက်တာအရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment