16 September 2013

ရှိခိုးထိုက်စွာ အရပ်ခြောက်မျက်နှာ


လောကတွင်ကြီးပွား ချမ်းသာတိုးတက်ဖို့ အတွက် အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အောက်၊ အထက် အရပ် ခြောက်မျက်နှာကို ရှိခိုး ရပါတယ်ဟု မြတ်စွာဘုရားရှင်က ဂိဟိဝိနိယသုတ္တန် သို့မဟုတ် သိင်္ဂါလောဝါဒ သုတ္တန် တွင်ဟောကြားတော် မူခဲ့ပါသည်။

သိင်္ဂါလသုတ္တန် တွင်-
၁။ ကမ္မကိလေသလေးပါး၊
၂၊ အဂတိတရားလေးပါး၊
၃။ စီးပွား ဥစ္စာပျက်ကြောင်းခြောက်ပါး၊
၎။ အရပ်ခြောက်မျက်နှာ ရှိခိုးခြင်း အကြောင်းဟူ၍ အခန်းလေးမျိုးခွဲ၍ မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။


မြတ်စွာဘုရားရှင်က ဤသုတ္တန်ကို သိင်္ဂါလသတို့သားအား အကြောင်းပြု ၍ ဟောကြား ခဲ့ခြင်းဖြစ် ပါသည်။ မြတ်စွာ ဘုရားရှင် သက်တော်ထင် ရှားရှိစဉ် အခါက မဂဓတိုင်း ရာဇဂြိုဟ်မြို့တော် သူဌေးတန်း ရပ်ကွက်တွင် ကုဋ္ဋေလေးဆယ် ချမ်းသာကြွယ်ဝသော မိသားစု တစ်ခုတွင် သားယောင်္ကျာလေး တစ်ယောက် ဖွားမြင်၍ ချစ်စနိုးဖြင့် သိင်္ဂါလ (မောင်ခွေး) ဟုခေါ်ဝေါ်ကြသည်။ တစ်ဦးတည်းသော သားဖြစ် ၍ မျိုးထား မတတ်ချစ်သောကြောင့် အလိုလိုက်ထားရာ အရွယ်ရောက် လာသောအခါ ဆိုးသွမ်းနေ၏။ 


မိဘနှစ်ဦး အသက်အရွယ်ကြီးရင့် လာသောအခါ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓသာသနာ အပေါ်သားဖြစ် သူ အား ယုံကြည်စေလို၍ အမျိုးမျိုး စည်းရုံးသော်လည်း မရပေ။ နောက်ဆုံး သေခါနီး အချိန်မှာ သားကို အနားခေါ် အမွေလွဲအပ်ရင်း “ ငါ့သား၊ အဖေ မသေခင် စကား တစ်ခွန်းလောက် မှာခဲ့ချင် တယ်၊ ရတနာ သုံးပါးကို ရှိမခိုးချင်နေပါ၊ ငါ့သားလောက မှာကြီးပွားတိုးတက်အောင် အရပ်ခြောက် မျက်နှာ ကိုနေ့တိုင်း လူမြင်ကွင်းမှာ ရှိခိုးပါဟု” မှာကြားပြီး ကွယ်လွန်သွားသည်။ 


သိင်္ဂါလသ တို့သားလည်း ဖခင်မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာ ကို နေ့စဉ် ရှိခိုးနေသည် ကို မြတ်စွာဘုရား ရှင် ရွေဥာဏ်တော် ၌ မြင်တော်မူ၍ ကြွရောက်တော်မူ လာပြီး မေးတော်မူလျှင် သင်္ဂါလသ တို့ သားလည်းသူ၏ ရည်ရွယ်ချက် ကိုလျောက်ထားတော်မူသော အခါ မြတ်စွာဘုရားရှင်က “ အို…သူကြွယ် သား သိင်္ဂါလ ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းသားဖြစ်တဲ့ သင့်အဖေကပကတိ အရပ်ခြောက်မျက်နှာကို ရှိခိုးစေလို၍မှားကြားခဲ့ ခြင်းမဟုတ်”
 

၁။ အရှေ့အရပ်ဟူသည် မိဘနှစ်ပါးကိုဆို လိုတယ်။
၂။ တောင်အရပ်ဟူသည် ဆရာသခင်ကိုဆိုလိုတယ်။
၃။ အနောက်အရပ်ဟူသည် သားမယားတို့ကိုဆိုလိုတယ်။
၎။ မြောက်အရပ်ဟူသည် အဆွေခင်ပွန်းတို့ကိုဆိုလိုတယ်။
၅။ အောက်အရပ်ဟူသည် အလုပ်သမားအစေအပါးတို့ကိုဆိုလိုတယ်။
၆။အထက်အရပ်ဟူသည် သူတော်သူမြတ်၊ ရသေ့ရဟန်း တို့ကိုဆိုလိုတယ်။ 


အဲဒီအရပ်ခြောက်မျက်နှာလို့ သတ်မှတ် လို့ရတဲ့ ပုဂ္ဂိုလ်ခြောက်မျိုး တို့အပေါ် ၀တ္တရားကျေပွန်အောင် ပြုစု ရခြင်းကို အရပ်ခြောက်မျက်နှာ ကို ရှိခိုးပါလို့ ဆိုလိုတယ် ဟုမြတ်စွာ ဘုရားရှင်၏ ရွေနှုတ်တော်မှ ကမ္ဘာ့ လူသား အားလုံးတို့ အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမား လှသော ဤ သုတ္တန်တော်ကြီး ကို ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မ မိတ်ဆွေ သူတော်ကောင်း အပေါင်းတို့လည်း လောက တွင်ကြီးပွား တိုးတက် ချမ်း သာအောင် မသမာသော နည်းများဖြင့် စီးပွားရှားခြင်းများကို ရှောင်ရှားပြီး မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များ အတိုင်း လိုက်နာဆောင် ရွက်လျှင် ယခုဘ၀ အတွက်သာမက နောင်သံသရာ အတွက် ပါ ကောင်းကျိုးများကို ခံစားရမည်ဖြစ်ပါသည်။

လာတုန်းကလည်း တစ်ယောက်တည်း ပြန်လျှင်လည်း တစ်ယောက်တည်းဖြစ်၍ ရခဲလှစွလူဘ၀မှာ လက် ချည်း ဗလာမပြန်သင့်ပါ။ ထို့ကြောင့် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟူ၍ မခွဲခြားဘဲ ရသမျှ အချိန်လေးမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားတော်များ၊ ဆရာတော်ကြီးများ၏ ဆုံးမလမ်း ညွန်ချက်များကို လိုက်နာ ကျင့်ကြံ အားထုတ် ခြင်းဖြင့် မိမိနောက် ကို ကောင်းမှု ကုသိုလ် အထုတ်လေး ပါအောင်ဆောင်ရွက်ကြပါ
စို့ ဟု စာရေးသူ အနေဖြင့် တိုက်တွန်းနှိုးဆော် လိုက်ပါသည်။



9/10/2013 10:33:00 AM
Original up-loader ( < --- Credit )
Today Myanmar မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment