16 December 2020

အလုပ် နှင့် သိက္ခာ

 



ဖူးဖူး အိမ်ကို ရောက်လာသည်မှာ သုံးလကျော် နေပေပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင် အောင်ပင် သူမထံမှ ကျွန်မ စကားဆန်းများ ကြားရသည်။


တစ်ခါတစ်ရံတွင် ကျွန်မ၏ အတွေ့အကြုံ များမှာ သူမလောက်ပင် မရင့်ကျက် သေးဟု ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိသည်။ ဖူးဖူး အသက်မှာ (၁၈)နှစ် ပြည့်ပြီးခါစ ဖြစ်သည်။ ဖူးဖူး ၏ဇာတိမှာ မုံရွာ တစ်ဖက်ကမ်းမှ ဖြစ်သည်။


စိုက်ပျိုးရန် ခက်ခဲပြီး ရေရှားပါးသော သူတို့ရွာမှ အရွယ်ရောက်သူ အတော် များများမှာ မြို့ပေါ်တက် အလုပ်လုပ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ် ကြသည်။ သူမ၏ အစ်ကို၊ အစ်မများ အပါအဝင် သူတို့ရွာမှ နိုင်ငံရပ်ခြားသို့ အလုပ် သွားလုပ်ကြသူ အတော်များ သည်ကို ဖူးဖူး ပြောပြသဖြင့် သိခဲ့ရသည်။


ဖူးဖူးမှာ ပညာ အရည်အချင်း ကိုးတန်းထိ တက်သည်။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကျောင်းဆက် မတက်နိုင်ဘဲ မိမိဘဝ မိမိကျောင်း ရသော အခြေအနေကို ရောက်လာခြင်း ဖြစ်သည်။ ကျွန်မထံ ရောက်လာသော သူမ၏ ရည်ရွယ်ချက်မှာ ကျွန်မကို တစ်ဖက် တစ်လမ်းမှ ကူညီရန်နှင့် ကျွန်မဆီက ကွန်ပျူတာ ပညာကို သင်ယူလို သောကြောင့် ဖြစ်သည်။


ကျွန်မနှင့် ရင်းနှီးသော အစ်မ တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဖူးဖူး ၏ စာရိတ္တကို အာမခံသဖြင့် ကျွန်မ ခေါ်ထားခြင်း ဖြစ်သည်။ စရောက် ကတည်းက သွက်သွက် လက်လက် နှင့် တက်တက် ကြွကြွရှိလှသော ဖူးဖူး မှာ ကျွန်မနှင့်တော့ အတော် အဆင်ပြေသည်။ ဖူးဖူးမှာ အရွယ်နှင့် မလိုက်အောင် စကားပြောလျှင် ကျွန်မကျွန်မ နှင့်လည်း ပြောတတ် သေးသည်။


သူမကို ဘာလို့ နိုင်ငံခြားမှာ အလုပ် သွားမလုပ် တာလည်း ငွေတွေ အများကြီး ပိုရလျှင် မိသားစုကို ဒီထက်မက ပိုမိုပံ့ပိုး နိုင်မည်ဟု ပြောကြည့်သည်။ ”ကျွန်မ အစ်မတွေလဲ နိုင်ငံခြား သွားလုပ်ဖူး တာပဲ ဆရာမ ရယ်။ ဒါပေမဲ့ ရတာနဲ့ ပြန်ကုန်တာ မထူးပါဘူး။ အိမ်ကို ပို့တော့လဲ ရွာမှာက ဘာအလုပ်မှ သိပ်မဖြစ်တော့ ပို့တဲ့သူ မောရုံပဲ၊ နိုင်ငံခြား သွားတယ်သာ အမည်တွင်တယ်။ ဘာမှ မပြောင်းလဲ ပါဘူး။ မိဝေးဖဝေး မှာ နေရတာသာ ပိုပါတယ် .. ” ဟု ဖြေသည်။ 



ဖူးဖူး၏ စိတ်ဓာတ်လေးမှာ အတော်ပင် ချစ်စရာ ကောင်းသကဲ့သို့ သူမ၏ ရည်ရွယ်ချက် ကလည်း ကြီးလှသည်။ နိုင်ငံခြားကို သွားလုပ်သော အစ်မတွေကို ကြည့်ပြီး မသွားချင်ကြောင်း။ ပညာ အရည်အချင်း မရှိသည့် အတွက် စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ရသည် ထားအုံးတော့ အိမ်အကူဟု ပင် အပြောခံ ရကြောင်း။ မည်သူ့ကို ပြောလိုက် ပြောလိုက် အိမ်အကူ သွားလုပ်တာလား ဟုပင် အမေးခံ ရကြောင်း။ အိမ်ဖော်လုပ်ပြီး ပြန်လာသည်ဟု အထင်ခံ ရသည့် အပြင် ဘာမျှ တိုးတက်မှု မရှိသည့်အတွက် ရွာတွင်လည်း ရှက်စရာ ကောင်းသဖြင့် ဖူးဖူး ကတော့ မသွားဘူးဟု ပြောသည်။ အချို့က စကားလုံး လှအောင် အိမ်အကူဟု ပြောသော်လည်း အတူတူပါပဲ ဟုလည်း ကလေး အတွေးဖြင့် ပြောတတ် သေးသည်။


ကွန်ပျူတာ သင်လိုခြင်း အကြောင်းကလည်း ဆိုင်အတော် များများတွင် ကွန်ပျူတာ ရိုက်သည့် သူများက ထိုင်ပြီး အလုပ်လုပ် ရကြောင်း။ အနည်းဆုံးတော့ စာရိုက်မည့် သူများက ညီမ၊ အစ်မ ခေါ်ကာ ရိုက်ခိုင်း ကြသည်ကို သူမတွေ့မြင် ရသဖြင့် သင်ချင်ကြောင်း တဖွဖွ ပြောသည်။ သူများခိုင်းခံ ရချင်းတူ တာတောင် ကိုယ့်နေရာ လေးနှင့်ကိုယ် သိက္ခာ ရှိရှိ လုပ်ရတာပေါ့ ဟုလည်း ပြောတတ် သေးသည်။ ကွန်ပျူတာ ကိုလည်း ကြိုးစား သင်ကာ အိမ်အလုပ် များလည်း အကွက် စေ့အောင် လုပ်ပေး တတ်သည်။


ဖူးဖူး ကိုမြင်တော့ တစ်ခါက ကွန်ပျူတာ သင်တန်း တစ်ခုမှ ဆရာမလေး ကို သွားသတိရ မိသည်။ ကွန်ပျူတာ သင်တန်းတွင် အလုပ်သင် အနေဖြင့် အလုပ်ဝင်ကာ သင်တန်းသား၊ သင်တန်းသူ များအကြား ”ဆရာမ” ဟု တွင်တွင် ခေါ်ကာ လေးစားခံ ရသည်။


အလုပ်ဝင်ပြီး ခြောက်လတွင်ပင် လစာနည်းသည် ဟုဆိုကာ အလုပ်ထွက်လိုက် သည်။ အခြား လုပ်ငန်း တစ်ခုတွင် အရောင်းစာရေး ဝင်လုပ်သည်။ ထိုလုပ်ငန်းမှ လစာမှာ ယခင်အလုပ် ထက်တော့ ပိုပါသည်။ သို့သော် ထို လုပ်ငန်းတွင် သူမကို လေးစားမည့် သူမရှိ၊ စနစ်တစ်ကျ ခိုင်းမည့်သူများ တော့ ရှိသည်။ ဈေးဝယ်သူ များ၏ တန်ဖိုးထား ဆက်ဆံခြင်းထက် ဝန်ထမ်းပီပီ ဆက်ဆံခံ ရသည်။ တစ်နေ့ ထိုဆရာမနှင့် သိသော သင်တန်းသား တစ်ဦးနှင့် လမ်းမှာ ဆုံမိသည်။


”ကျွန်တော်တို့ ဆရာမလေ.. အရင်ကသင်တဲ့ ဆရာမကို ပြောတာ၊ အခုလုပ်နေတဲ့ အလုပ်မှာ ပစ္စည်းတွေ သယ်နေတာ၊ သန့်ရှင်းရေး လုပ်နေတာ တွေ့ခဲ့တယ်။ သူနဲ့ရွယ်တူ အချင်းချင်း အခိုင်းခံ နေရတာ ကျွန်တော်လဲ အားနာ သွားတယ်” ဟု ပြောသွားသည်။ ထိုစကားကို ကြားတော့ ကျွန်မစိတ်ထဲ တွေးမိသည်က လူတစ်ဦး၏ အလုပ် ဆိုတာ ထိုလူ တစ်ယောက်၏ သိက္ခာနှင့် လည်း သက်ဆိုင် နေပါလား ဆိုသည်ကို ဖြစ်သည်။ 


ကျွန်မတို့ အလုပ် ကောင်းကောင်း ဘာလို့ ရှာခဲ့ကြ ပါသလဲ။ အလုပ်ရှာ လျှင်လည်း ထိုအလုပ်၏ ခိုင်မာမှုနှင့် ကောင်းသတင်း ကို ဘာကြောင့် ထည့်တွက် ခဲ့ကြတာလဲ။ အကြောင်းမှာ ကိုယ် ရပ်တည် ရမည့် နောက်ခံသည် သန့်ရှင်း ခိုင်မာရန် လိုအပ်သည်။ ထို့နောက် မိမိ တာဝန်ယူ ရမည့်အပိုင်း နှင့် ထမ်းဆောင် ရမည့် တာဝန်မှာလည်း အရေး ကြီးသည်။ အဲဒီ အချက်တွေပြီးမှ ငွေရေး ကြေးရေးကို ထည့်စဉ်းစား သင့်သည်။


ယနေ့ အလုပ်ရှာကြသော လူအတော် များများမှာ တာဝန်ယူမှု နည်းနည်းနှင့် လစာများများ ကို ကြည့်သည်က လွဲပြီး ဘာမျှ အတော် များများ မစဉ်းစား သည်ကို တွေ့မြင် နေရသည်က များသည်။ ထိုသို့ တွေ့မြင်တိုင်း မြင်တိုင်း ကျွန်မကတော့ အိမ်က ဖူးဖူး ကိုသာ ပြေးပြေးမြင်မိ တော့သည်။ ဖူးဖူးလို စိတ်လေးများဖြင့် ယနေ့ ကလေးများ အလုပ်ကို ရွေးချယ် စေချင်သည်။ ငွေများများ ရသော အလုပ်မှ တန်ဖိုးထက် သိက္ခာရှိသော အလုပ်၏ တန်ဖိုး ကိုလည်း သိစေချင် ပါသည်။


Credit: Yadanarpondaily




No comments:

Post a Comment