ဖူးဖူး အိမ်ကို ရောက်လာသည်မှာ သုံးလကျော် နေပေပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင် အောင်ပင် သူမထံမှ ကျွန်မ စကားဆန်းများ ကြားရသည်။
တစ်ခါတစ်ရံတွင် ကျွန်မ၏ အတွေ့အကြုံ များမှာ သူမလောက်ပင် မရင့်ကျက် သေးဟု ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိသည်။ ဖူးဖူး အသက်မှာ (၁၈)နှစ် ပြည့်ပြီးခါစ ဖြစ်သည်။ ဖူးဖူး ၏ဇာတိမှာ မုံရွာ တစ်ဖက်ကမ်းမှ ဖြစ်သည်။
စိုက်ပျိုးရန် ခက်ခဲပြီး ရေရှားပါးသော သူတို့ရွာမှ အရွယ်ရောက်သူ အတော် များများမှာ မြို့ပေါ်တက် အလုပ်လုပ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ် ကြသည်။ သူမ၏ အစ်ကို၊ အစ်မများ အပါအဝင် သူတို့ရွာမှ နိုင်ငံရပ်ခြားသို့ အလုပ် သွားလုပ်ကြသူ အတော်များ သည်ကို ဖူးဖူး ပြောပြသဖြင့် သိခဲ့ရသည်။
ဖူးဖူးမှာ ပညာ အရည်အချင်း ကိုးတန်းထိ တက်သည်။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကျောင်းဆက် မတက်နိုင်ဘဲ မိမိဘဝ မိမိကျောင်း ရသော အခြေအနေကို ရောက်လာခြင်း ဖြစ်သည်။ ကျွန်မထံ ရောက်လာသော သူမ၏ ရည်ရွယ်ချက်မှာ ကျွန်မကို တစ်ဖက် တစ်လမ်းမှ ကူညီရန်နှင့် ကျွန်မဆီက ကွန်ပျူတာ ပညာကို သင်ယူလို သောကြောင့် ဖြစ်သည်။
ကျွန်မနှင့် ရင်းနှီးသော အစ်မ တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဖူးဖူး ၏ စာရိတ္တကို အာမခံသဖြင့် ကျွန်မ ခေါ်ထားခြင်း ဖြစ်သည်။ စရောက် ကတည်းက သွက်သွက် လက်လက် နှင့် တက်တက် ကြွကြွရှိလှသော ဖူးဖူး မှာ ကျွန်မနှင့်တော့ အတော် အဆင်ပြေသည်။ ဖူးဖူးမှာ အရွယ်နှင့် မလိုက်အောင် စကားပြောလျှင် ကျွန်မကျွန်မ နှင့်လည်း ပြောတတ် သေးသည်။
သူမကို ဘာလို့ နိုင်ငံခြားမှာ အလုပ် သွားမလုပ် တာလည်း ငွေတွေ အများကြီး ပိုရလျှင် မိသားစုကို ဒီထက်မက ပိုမိုပံ့ပိုး နိုင်မည်ဟု ပြောကြည့်သည်။ ”ကျွန်မ အစ်မတွေလဲ နိုင်ငံခြား သွားလုပ်ဖူး တာပဲ ဆရာမ ရယ်။ ဒါပေမဲ့ ရတာနဲ့ ပြန်ကုန်တာ မထူးပါဘူး။ အိမ်ကို ပို့တော့လဲ ရွာမှာက ဘာအလုပ်မှ သိပ်မဖြစ်တော့ ပို့တဲ့သူ မောရုံပဲ၊ နိုင်ငံခြား သွားတယ်သာ အမည်တွင်တယ်။ ဘာမှ မပြောင်းလဲ ပါဘူး။ မိဝေးဖဝေး မှာ နေရတာသာ ပိုပါတယ် .. ” ဟု ဖြေသည်။