မြန်မာတွေ ဒီနေ့ အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရတယ်လို့ပြောရင် မမှားလောက်ဘူး။ တစ်ချိန်က ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ် ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့ရဘူးတယ် ။ အမှောင်ခေတ်ဆိုတာ လူတွေရဲ့အသိဉာဏ် အသုံးချမှုဆိုင်ရာ အကြီးအကြယ် လွဲမှားမှုကိုတင်စားတာပါ ။ အထူးသဖြင့် ယုံကြည်မှုဆိုင်ရာလွဲမှားမှုက အင်အားအကြီးဆုံးဖြစ်တတ်တယ်။
အမှားကို အမှန်ထင် အမှန်ကိုအမှားလို့ခံယူ ၊ ဝိဇ္ဇာက အဝိဇ္ဇာ အဝိဇ္ဇာက ဝိဇ္ဇာဖြစ် ၊ လူကောင်းကို လူဆိုးလို့မြင်လူဆိုးကို သူတော်စင်လို့ကိုးကွယ် အားလုံး အလွဲလွဲ အမှားမှားက အများစုမှာဖြစ်ခဲ့ဘူးတယ် ။ ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ်လွန်တော့ Renaissance ရီနေးစင့်ခေတ်ရောက်ပြီးမှ အနောက်ကမ္ဘာ တိုးတက်လာခဲ့တာ။
နှစ် "ရာ" ချီနောက်ကျပြီး ဒီနေ့လို အသိတွေ လွယ်လွယ်ကူကူ ဖလှယ်နိုင်တဲ့ခေတ်မျိုးကျမှ မြန်မာမှာ အမှောင်ခေတ်ကို ဖြတ်သန်းရတာ တွေးကြည့်ရင်.... အတော်ရင်နာဖို့ကောင်းလှတယ် ။
ပြောရရင် ပညာဟာအခြေခံပဲ၊ အတန်းပညာထက် အသိပညာ ပိုအရေးကြီးတယ်၊ ။ အသိ နဲကြတော့ ပုတီးစိပ်ပြရင် သူတော်ကောင်းလိုထင်ပြီး ဒီမိုကရေစီလို့ များများပြောနိုင်ရင် ကယ်တင်ရှင်လို့ ထင်လာကြတယ် ။ လူလိမ်တွေဘယ်တော့မှ အမှန်မပြောတတ်ဘူး ။ လိမ်မှန်း မသိအောင် မျက်နှာဖုံးတစ်ခုခု စွပ်လေ့ရှိကြတယ် ဆိုတဲ့ အသိမရှိသေးသရွေ့ မြန်မာတွေ ဆက်အလိမ်ခံနေရဦးမှာပဲ ။ အမှောင်ခေတ်ကို ဆက်ဖြတ်နေရဦးမှာပဲ။




















